ငြိမ်းချမ်းခြင်းရဲ့အရသာ ပြန်လည်ဖွေရှာ

ငြိမ်းချမ်းအောင်

၂၀၀၀ ပြည့်လွန်နှစ်များအတွင်းက လုပ်ငန်းတာဝန်ဖြင့် မြန်မာပြည်အနှံ့အပြား ခရီးအတော်များများ သွားရောက်ခဲ့ဖူးပါသည်။ ဖလမ်း၊ တီးတိန်၊ ဟားခါး။ မြူနှင်းဝေဝေကြားက တောင်ပေါ်မြို့ကလေးများ။ ခမ်းနား ထည်ဝါလှသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ။ ကလေးမြို့မှ တောင်တက်ခရီးအစ သိုင်းငင်ရောက်သည်နှင့် မြေပြန့်နှင့်မတူ တစ်မူထူးခြားလှပသည့် တောင်ပေါ်ရှုခင်းများက ရှုမောမဆုံး။ အေးချမ်းသာယာလှပ ပါသော ချင်းပြည်နယ်။

ချင်းတိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝမှာလည်း နွားနောက်ခြံများ၊ လက်ဖက်ခင်းများ၊ တောင်ယာ စိုက်ခင်းများအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများဖြင့် ဒေသနှင့်လိုက်ဖက်ညီစွာ အေးချမ်းသာယာလှပခဲ့ပါသည်။ လမ်းပန်းဆက်သွယ်မှု လုံခြုံ ချောမွေ့လာသည်နှင့်အမျှ သည်လမ်း၊  သည်စခန်းကို  နေ့ည မရွေး အကြိမ်ကြိမ်သွားလာခဲ့ဖူးပါသည်။

ဘားအံ၊ ကော့ကရိတ်၊ မြဝတီ။ ကော့ကရိတ်မှ ထို့ကော်ကိုး၊ ရွှေဂွန်းမှ မြိုင်ကြီးငူစသဖြင့် သာစွဌာနေ ဇွဲကပင်မြေသို့လည်း နေ့ညမရွေး ဘေးမသန်း ဘဲ အေးချမ်းစွာ အကြိမ်ကြိမ် သွားရောက်ဖြစ်ခဲ့သည်။

 

ငြိမ်းချမ်းရေး၏ အရသာနှင့် အသီးအပွင့်များ

တပ်မတော်အစိုးရနှင့် KNU တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်ထွန်းအောင်မြင်လာသည်နှင့်အမျှ ကရင်ပြည်နယ်သည်လည်း တည်ငြိမ်အေးချမ်းလာခဲ့သည်။ တိုက်ပွဲများရပ်စဲသွားခဲ့၍ ဒေသခံကရင်တိုင်းရင်းသားပြည်သူတို့မှာလည်း ငြိမ်းချမ်းရေး၏ အရသာနှင့် အသီးအပွင့်များကို ရရှိခံစားလာနိုင်ခဲ့သည်။ မိမိတို့၏ လူမှုစီးပွားဘဝကို အေးအေးလူလူ ပြန်လည်ထူထောင် လုပ်ဆောင်လာနိုင်ခဲ့သည်။ ရွှေဂွန်းမြို့ဆိုလျှင် သံလွင်မြစ်မှ မြေဆီမြေနှစ်များကို နုန်းသွင်းမြောင်းများမှတစ်ဆင့် သွယ်ယူ၍ မြေပဲ များ စိုက်ပျိုးခဲ့ရာ FAO ဆုရရှိသည်အထိ အောင်မြင် ဖြစ်ထွန်းခဲ့သည်။

မြစ်ကြီးနား - တနိုင်း - လီဒိုလမ်းမကြီး၊ မြစ်ကြီးနား - မိုးကောင်း - မိုးညှင်း - ဟိုပင် - ရွှေဘို မဟာဗျူဟာ လမ်းမကြီးအတိုင်းသွားခဲ့ပြန်တော့ “ကချင်ပြည်ကို လာနော်တကယ်ပျော်တယ်နော့ဟူသည့် ဖိတ်ခေါ် သီချင်းသို့နှယ် တကယ်ပျော်စရာကောင်းခဲ့ပါသည်။

၁၉၉၄ ခုနှစ်တွင် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ ပါဝင်ကြိုးပမ်းမှုများနှင့်အတူ တပ်မတော် အစိုးရနှင့် KIA ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်မှုရရှိပြီးနောက်တွင် ကချင်ပြည်နယ်သည်လည်း တည်ငြိမ်အေးချမ်းလာခဲ့ပါသည်။ ငြိမ်းချမ်းရေးအောင်ပွဲသည် ကချင်တိုင်းရင်းသား ပြည်သူတို့၏ လူမှုဘဝတည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှု တို့ကို ရယူဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။

ကယားပြည်နယ် လွိုင်ကော်မြို့လေးမှာမူ အေးချမ်းငြိမ်သက်လှသည်။ မြို့နေလူထုကလည်း အတော်အသင့်မျှသာဖြစ်၍ လူနေကျဲပါးသည်။ သို့သော် တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရာ လောပိတဓာတ်အားပေးစက်ရုံကြောင့် ကယားပြည်နယ်သည် ပြည်ထောင်စုသားများကြားတွင် ထင်ရှားသည်။ တောင်ကွဲစေတီတော်ရင်ပြင်မှမြို့ကို ရှုကြည့်လျှင် လယ်ကွင်းများ၊ တောင်တန်းများနှင့် စိမ်းလန်းစိုပြည်သော မြို့ရှုခင်းများကို တွေ့မြင်ရပေမည်။ တောင်ကွဲစေတီနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကား မြို့ခံတိုင်းရင်းသားတို့၏ ဘာသာတရားကိုင်းရှိုင်းမှုနှင့် နူးညံ့သောစိတ်နေ စိတ်ထားတို့ကို ဆဝါးမှန်းဆ တွေ့မြင်နိုင်မည် ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့မူ လေကြောင်းအပြင် ရန်ကုန် - မအီ - စစ်တွေလမ်း၊ ရန်ကုန် - အမ်း - စစ်တွေလမ်းမကြီးတို့မှတစ်ဆင့် အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါသည်။ ရခိုင်ပြည်နယ်သည် ချောင်းမြောင်း အင်းအိုင်ပေါများမှုကြောင့် ယခင်ကရေလမ်းခရီးကိုသာ အဓိကအားထားသွားလာခဲ့ကြရသည်။ တပ်မတော် အစိုးရခေတ်တွင် စစ်တွေမှရန်ကုန်သို့ တိုက်ရိုက်ပေါက်သည့် ကားလမ်းမကြီးနှင့်အတူ မြစ်ကူးချောင်းကူး တံတားကြီးများကို ငွေကြေးအမြောက်အမြား အကုန်ကျခံဖောက်လုပ်ပေးခဲ့၍ လမ်းပန်းဆက်သွယ်မှုမှာ လွယ်ကူချောမွေ့လာခဲ့ပြီး ကုန်စည်စီးဆင်းမှုမှာလည်း သွက်လက်မြန်ဆန်လာခဲ့သည်။ ငပလီ၊ သံတွဲနှင့် မြောက်ဦးယဉ်ကျေးမှု နယ်မြေများသို့လည်း ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ခဲ့ပေသည်။

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်

ဆိုရလျှင်ပြီးခဲ့သည့် တပ်မတော်အစိုးရခေတ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေးရယူပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပါသည်။

တိုင်းရင်းသားခေါင်းဆောင်များကိုယ်တိုင်ကလည်း နိုင်ငံတော်အစိုးရနှင့် လက်တွဲကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတိုင်းတွင် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် တိုင်းရင်းသားများ၏ ဒေသ ဖွံ့ဖြိုးရေးသည် လျင်လျင်မြန်မြန် ဖြစ်ထွန်းလာခဲ့ပါသည်။ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင်လည်း ဒေသဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များ၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် အထိုက်အလျောက် တိုးတက်မှုများဖြစ်ထွန်းလာခဲ့ပေသည်။

တပ်မတော်အစိုးရခေတ်အလွန် ဒီမိုကရေစီအစိုးရ ပထမသက်တမ်း (၂၀၁၀ - ၂၀၁၅) ကာလတွင်လည်း ထိုစဉ်က သမ္မတ ဦးသိန်းစိန်သည် “ငြိမ်းချမ်း ရေးမရှိဘဲ မဖွံ့ဖြိုးနိုင်၊ ငြိမ်းချမ်းရေးမရှိဘဲ ဒီမိုကရေစီ စနစ် မထွန်းကားနိုင် ဟူသော အယူအဆကို အခြေခံကာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများနှင့်အတူ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဦးစားပေးကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ၂၀၁၆ - ၂၀၂၀ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ထပ်တိုးလာ၍ NCA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ ဖွဲ့အထိ ရှိလာခဲ့သည်။

 

တိုက်ပွဲများ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့

သို့ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်းတွင် ဘေးပယောဂနှင့် နိုင်ငံရေးအမြတ်ထုတ်လိုမှုများနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က တိုက်ကွက်များ ပြန်လည်ဖော်ဆောင်လာခဲ့ကြ၍ ဆယ်စုနှစ်များစွာ အေးချမ်းသာယာခဲ့သောဒေသ အချို့တွင် တိုက်ပွဲများတစ်ကျော့ပြန်လည်ဖြစ်ပွား လာခဲ့ပါသည်။

တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှ ထိခိုက်နစ်နာရုံမက အသက်အိုးအိမ်စည်းစိမ်များပါ ဆုံးရှုံးနစ်နာခဲ့ကြရပြန်သည်။ ရထားလမ်းများ၊ လမ်းတံတားများအပါအဝင် နိုင်ငံပိုင်အခြေခံဆောက်အအုံများကို ဖျက်ဆီးခဲ့ကြ၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးပြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ရာ တိုက်ပွဲနှင့် တိုက်ရိုက်မပတ်သက်သော မြို့ရွာများမှ ဒေသခံပြည်သူများသည်ပင်လျှင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စားနပ်ရိက္ခာပြတ်တောက်မှုများ ကြုံတွေ့ခဲ့ကြရပြန်သည်။ ရန်ကုန်မြို့သို့ပင် တစ်သက်တာတစ်ခါဖူးမျှ ခြေမချလောက်အောင် ဇာတိချက်ကြွေ မွေးရပ်မြေကို ခင်တွယ်လွန်းသူ တိုင်းရင်းသားသက်ကြီးဘိုးဘွား မိဘအချို့မှာလည်း တိုက်ပွဲရှောင်ရင်း ယာယီတိုက်ပွဲ ရှောင်စခန်းများတွင် ခေါင်းချသွားခဲ့ကြရာ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းလှသည်။

 

(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင်အချို့က “NCA ပျက်ပြယ်သွားပြီဟု ဆိုကြသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်၊ “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဟု ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် ရပ်တည်ချက်နှင့် ပတ်သက်၍ အကြိမ်ကြိမ်အထပ်ထပ် ပြောကြားခဲ့ပါသည်။        

           

ဥပဒေအရသာတောင်းဆိုရမည်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့် လမ်းစဉ်ဖြင့် လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည့် ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည် ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရရှိလာမည်ဖြစ် ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အလားတူ ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနား မိန့်ခွန်းတွင်လည်း “တို့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ရင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်မှာသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်တယ်။ NCA သဘောတူစာချုပ်ဟာ လွယ်လင့်တကူဖြစ်ပေါ်လာတဲ့ သဘောတူစာချုပ်မဟုတ်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ဖိတ်ခေါ်ခဲ့တဲ့နေ့ကစပြီး ဆွေးနွေးညှိနှိုင်းမှု ၅၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီးမှရရှိခဲ့တဲ့ သဘောတူစာချုပ် ဖြစ်တယ်။ ရရှိထားတဲ့ သဘောတူညီချက်များကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်များကို ဒီမိုကရေစီနည်းလမ်းတကျဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားရမှာဖြစ်တယ်။ တပ်မတော်အနေနဲ့ NCA စာချုပ်ကြီး ပေါ်ပေါက်လာတာနဲ့တစ်ပြိုင်နက် ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို ထုတ်ပြန်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ အဲဒီငြိမ်းချမ်းရေး မူဝါဒ (၆) ရပ်ဟာ NCA စာချုပ်ရဲ့ အနှစ်သာရ အတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု သမိုင်းတွေကရရှိလာတဲ့ ‘အသိတရား ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်ရမယ့် ‘အရှိတရားလည်းဖြစ်တယ်ဟု ပြောကြားခဲ့သည်။

 

နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာ

သို့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့မှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို လက်နက်ကိုင်တောင်းဆိုကြမည့်အစား ဆွေးနွေးပွဲစားပွဲဝိုင်းတွင် နိုင်ငံရေး နည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာကြရန် မေတ္တာရပ်ခံအပ်ပါသည်။

ကချင်ပြည်နယ် ယာယီတိုက်ပွဲရှောင်စခန်း တစ်ခုတွင် “ငါ၊ အိမ်ပြန်ချင်တယ်၊ “အိမ်ပြန်ချင်တယ်ဟု နေမကောင်းသည့်ကြားက တဖွဖွယောင်ယမ်းပူဆွေးရေရွတ်နေသော တိုင်းရင်းသားအဘွားအိုတစ်ဦးနှင့် သောင်းရင်းမြစ်ကမ်းမှ တစ်ဖက်နိုင်ငံသို့ အိုးပစ်အိမ်ပစ် တိုက်ပွဲရှောင်ထွက်ပြေးနေကြသော ဒေသခံ တိုင်းရင်းသားပြည်သူတို့၏ မြင်ကွင်းများကို ငြိမ်းချမ်းရေးလိုလားသူတိုင်း မကြားလို မမြင်လိုတော့ပါ။ တာဝန်ရှိသူများအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ တစ်ချိန်တစ်ခါက ရရှိခံစားခဲ့ကြဖူးသော ငြိမ်းချမ်းခြင်းရဲ့ အရသာကို ပြန်လည်ဖွေရှာပေးနိုင်ရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။