ငြိမ်းချမ်းရေး မရသေးတဲ့ အာဖဂန်

၁  ဇန်နဝါရီ

 

အာဖဂန်ပဋိပက္ခဟာ ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခကို ကျော်လွန်ကာ က္ဘာ့သေဆုံးမှုအများဆုံးဖြစ် ပွားခဲ့တဲ့ပဋိပက္ခအဖြစ် ယခုနှစ်မှာ စံချိန်တင်ခဲ့တယ်လို့ လေ့လာစစ်တမ်းကောက်သူများက ဆိုပါတယ်။ အမေရိကန်က ကျူးကျော်မှု ပြုလုပ်ပြီးနောက် အာဖဂန်ပဋိပက္ခများဟာ ၁၇ နှစ်တိုင်တိုင် ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့လည်း နိုင်ငံတကာအရေးမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

စစ်ပွဲကြောင့် ထောင်းထောင်းကြေနေတဲ့ အာဖဂန်ဟာ မျှော်လင့်ချက်ကင်းမဲ့မှုတွေ မြင့်တက်လာတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာဖဂန်နစ္စတန်အတွက် ချမှတ်ထားတဲ့ နည်းဗျူဟာကလည်း သူ့ရဲ့ နောင်တော် အမေရိကန်သမ္မတတွေလိုပဲ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ ကတော့ အချိန်အတိုင်းအတာ တစ်ခုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

အာဖဂန်အခြေအနေဆိုးလာ

 

အာဖဂန်ဟာ လတ်တလောမှာ ကမ္ဘာ့သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအသွင် ဖြစ်နေပါတယ်လို့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုရဲ့ အာဖဂန်ရေးရာ ကျွမ်းကျင်သူ ဂျွန်နီဝေါ့ရှ်က ပြောခဲ့ပါတယ်။ အာဖဂန်နိုင်ငံရဲ့ နှစ်တော်တော်များများဟာ အကြမ်းဖက်မှုအများဆုံးဖြစ်ပွားခဲ့တဲ့ နှစ်တွေအဖြစ် ဖြစ်လာခဲ့ပါတယ်။ အာဖဂန်ရဲ့ အခြေအနေဟာ ဆိုးသထက် ဆိုးလာပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

 

အာဖဂန်နစ္စတန် ပဋိပက္ခတွေဖြစ်ပြီး ဆယ်စုနှစ်တစ်စုလောက်ကြာမှ ဖြစ်ပွားခဲ့တဲ့ ဆီးရီးယား ပဋိပက္ခတွေဟာလည်း ယခုအချိန်အထိ လူ့အသက်ပေါင်း ၁၅၀ဝ၀ အထိ သေဆုံးခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တွေက ဆိုပါတယ်။

 

စံချိန်တင်

 

အာဖဂန်စစ်ပွဲတွေကြောင့်လည်း ၂၀၁၈ ခုနှစ်ထဲမှာ အရပ်သားနဲ့ တိုက်ခိုက်ရေးသမားတွေ အပါအဝင် လူပေါင်း ၂၀ဝ၀ဝကျော် သေဆုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်း ဆိုင်ရာအဖွဲ့မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဂရယ်မီစမစ်က ဆိုပါတယ်။ အဲဒီပမာဏဟာ တခြားပဋိပက္ခတွေမှာ ဖြစ်ပွားတဲ့နှုန်းထက်ပိုတယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

အာဖဂန်နစ္စတန်အတွက် အဲဒီပမာဏဟာ စံချိန်တင်မှတ်တမ်းတင်နိုင်တဲ့ ပမာဏဖြစ်တယ်လို့ ဆွီဒင်ရှိ အက်ဆာလာ ပဋိပက္ခစာရင်းအင်းပရိုဂရမ်အရ သိရပါတယ်။ အာဖဂန်မှာဖြစ်ပွားတဲ့ ဘက်ပေါင်း စုံ ပဋိပက္ခတွေကြောင့် သေဆုံးသူတွေဟာ ၂၀၁၇ ခုနှစ်မှာလည်း ၁၉၆၉၄ အထိရှိခဲ့တယ်လို့ အက်ဆာလာ ပဋိပက္ခစာရင်းအင်းပရိုဂရမ်က ဆိုပါတယ်။

 

နှစ်စဉ် သေဆုံးသူ ၅၀ဝ၀ ကျော်လောက်ရှိ

 

အာဖဂန်အရပ်သား သေဆုံးမှုဟာ ၂၀၁၈ ပထမခြောက်လတာအတွင်းမှာ ၁၆၉၂ဦးအထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ မကြာသေးမီက ကုလသမဂ္ဂအစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ ရန်သူတိုက်ခိုက်ရေးသမား ၃၀ဝ ၄၀ဝ လောက် အပတ်တိုင်းသေဆုံးကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ နက်စ်ရက်တ်ရာဟီမီက ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အရပ်သားသေဆုံးမှု သို့မဟုတ် အစိုးရတပ်ဖွဲ့ ဝင်သေဆုံးမှုဆိုင်ရာ သတင်း အချက်အလက်တွေကိုတော့ ထုတ်ပြန်ဖော်ပြခြင်းမရှိပါဘူးလို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

သေဆုံးသူအတိအကျဖော်ပြပေးဖို့ ကဘူးလ်ရဲ့ တောင်းဆိုမှုကို လွန်ခဲ့တဲ့နှစ်က အမေရိကန်က သဘောတူပြီးနောက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ တွေသေဆုံးခဲ့တဲ့ စာရင်းကိုလည်း ပြည်သူသို့ အတိအကျ ထုတ်ပြန်ဖော်ပြခြင်း မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။ နှစ်စဉ်နှစ်တိုင်း သေဆုံးသူ ၅၀ဝ၀ ကျော် လောက်ရှိမယ်လို့ အာဖဂန်နစ္စတန်ပြန်လည် ထူထောင်ခြင်းဆိုင်ရာ အမေရိကန်အထူးစစ်ဆေး ရေးမှူးချုပ်က ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းအချက် အလက်တွေအရ သိရပါတယ်။

 

အဲဒီပမာဏဟာ တကယ့်မြေပြင်မှာဖြစ်ပွားနေတဲ့ ပမာဏထက် ပိုမိုနည်းနိုင်ခြေရှိတယ်လို့ လေ့လာဆန်းစစ်သူအများစုက ဆိုပါတယ်။ အခုနှစ် အစိုးရတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့နှုန်းဟာ တကယ့်ကြောက်လန့်စရာ ကောင်းတယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဆိုင်ရာအဖွဲ့မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဂရယ်မီစမစ်က ဆိုပါတယ်။

 

ထိရောက်မှုရှိ

 

စုစုပေါင်း သေဆုံးမှုနှုန်းဟာ ၂၀၁၄ ခုနှစ် ကတည်းက တဖြည်းဖြည်းမြင့်တက်လာခဲ့တယ်လို့ အက်ဆာလာ ပဋိပက္ခစာရင်းအင်းပရိုဂရမ်က ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ တာလီဘန်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တာလီဘန်အုပ်စုဟာ အာဖဂန် နစ္စတန်နိုင်ငံရဲ့ အကြီးမားဆုံး အကြမ်းဖက်အစွန်းရောက်အဖွဲ့ ဖြစ်ပါတယ်။

 

တာလီဘန်အဖွဲ့ဟာ တိုက်ပွဲအတော်များများကို အောင်မြင်ခဲ့ပါတယ်။ အဲဒီအုပ်စုဟာ ၂၀၁၄ ခုနှစ်ကမှ အာဖဂန်မှာ စတင်ပေါ်ပေါက်လာတဲ့ အိုင်အက်စ်အဖွဲ့ထက်စာရင် မပြောပလောက်သော်လည်း ပိုမိုထိရောက်မှုရှိတဲ့အဖွဲ့ ဖြစ်ခဲ့ပါတယ်။ အာဖဂန် ပဋိပက္ခဟာ ဒေသတွင်းနိုင်ငံတွေကိုလည်း မီးလောင်ရာလေပင့်ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ပါကစ္စတန်နိုင်ငံကို ပိုမိုလှုပ်ခတ်မှုရှိခဲ့ပါတယ်လို့ အငြိမ်းစား အာဖဂန်ဗိုလ်ချုပ် အာတီကွာလာ အာမာခီလ်က ဆိုပါတယ်။ သွေးမြေကျမှုတွေဖြစ် နေသော်လည်း အာဖဂန်မှာရှိတဲ့ ထိပ်ပိုင်း အမေရိ ကန်နဲ့ နေတိုးတပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် ဂျွန်နီကိုလ်ဆင်က လွန်ခဲ့တဲ့လက အာဖဂန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်ထားခြင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် ခြင်းအပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နည်းဗျူဟာတွေဟာ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

 

လွှမ်းမိုးထား

 

တပ်ဖွဲ့ဝင်အင်အားများလေလေ သွေးမြေကျ တိုက်ခိုက်မှုတွေပိုဖြစ်လေလေ၊ လူတွေသေဆုံးမှု ပိုများလေလေလို့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ပီတီလူပိုက ပြောပါတယ်။ ဒါဟာ စစ်ပွဲနဲ့ ပတ်သက်တဲ့ အမှန်တရား တစ်ခုဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

 

တာလီဘန်တပ်ဖွဲ့တွေနဲ့ တခြားသောင်းကျန်း သူတွေဟာ အာဖဂန်ရဲ့ဒေသ ၅၉ ခု ရာခိုင်နှုန်း အားဖြင့် ၁၄.၅ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထား တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဇူလိုင်လ လောက်က ပြောခဲ့ပါတယ်။ အဲဒီပမာဏဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်နဲ့ အတူတူပဲဖြစ်ပြီး ပြောင်းလဲသွားခြင်း မရှိပါဘူးလို့ ဆိုပါတယ်။

 

ငြိမ်းချမ်းရေးက အကြမ်းဖက်မှုတွေကို နိဂုံးချုပ်စေ

 

အစိုးရဟာ လွန်ခဲ့တဲ့နှစ်က အာဖဂန်ရဲ့ ၅၇ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၈မှာတော့ ၅၆ ရာခိုင်နှုန်းလောက်ကိုသာ ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။ ကျန်တဲ့နိုင်ငံရဲ့ အစိတ်အပိုင်းတွေဟာ သူပိုင်ကိုယ်ပိုင် အကြိတ်အနယ် ဆင်နွှဲနေရတုန်းရှိသေးတယ်လို့လည်း သိရပါတယ်။ အကြမ်းဖက်မှုတွေ မြင့်တက်လာသော်လည်း အစိုးရနဲ့ တာလီဘန်ကြား မကြုံဖူးသေးတဲ့ ဇွန်လ အပစ်ရပ်စဲရေးဆွေးနွေးမှုတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ် လာသလို အာဖဂန်စစ်ပွဲအဆုံးသတ်ရေး အကြမ်းဖက် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေကို အဆက်မပြတ်တိုးမြှင့်လုပ်ဆောင်လျက်ရှိတယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ ငြိမ်းချမ်းရေး ရရှိမှသာလျှင် အကြမ်းဖက်မှုတွေ နိဂုံးချုပ်သွားမှ ာဖြစ်ပါတယ်။ ။

 

ထွန်းသစ်စ

 

အေအက်ဖ်ပီ