ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တရားဝင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန်စီစဉ်လျက်ရှိ

ချင်းမိုင် ၁၀ မတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရန်၊ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး NCA စာချုပ်လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့်လည်း အလွတ်သဘော တွေ့ဆုံနွေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူးနှင့်အဖွဲ့သည် မတ် ၈ ရက် ညနေပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ မတ် ၉ ရက် နံနက်ပိုင်းတွင် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)နှင့်လည်းကောင်း၊ မတ် ၁၀ ရက် နံနက်ပိုင်းတွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

KNU၊ PPST၊ KNPP တို့နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် အစိုးရ ကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်၏အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နည်းပညာအထောက်အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ ပါဝင်သည်။

တွေ့ဆုံဆွေးနွေးမှုများကို  သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့်  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေအား ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

mdn

 

မေး။     ။ အခု NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့အပြင် KNPP နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဖြစ်တဲ့ အဓိက အကြောင်းရင်းကို သိချင်ပါတယ်။

ဖြေ။    ။ ဒီတစ်ခေါက် ချင်းမိုင်လာတဲ့ အဓိက ရည်ရွယ်ချက်ကတော့ KNU ဘက်က တရားဝင်ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းထားတယ်။ အလွတ်သဘောဆွေးနွေးပွဲတွေ ကနေ ပြန်အဖြေရှာမယ်လို့ ပြောထားတယ်။ နောက် RCSS ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နဲ့ ဆွေးနွေးမှု ခေတ္တရပ်ဆိုင်းထားတယ်။ အဲဒီလိုခေတ္တရပ်ဆိုင်း ထားတဲ့အတွက် လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့၊ စကားဝိုင်းပေါ်ကို ပြန်လာဖို့ အခက်အခဲ ဖြစ်တယ်။ ဒါကြောင့် PPST အစည်အဝေးခေါ်တဲ့ အချိန်ရယ်၊ နောက် KNU လည်း ရှိနိုင်မယ့် အချိန်ကို ကျွန်တော်တို့ လာတွေ့တာပါ။ အဲ့ဒါနဲ့ တဆက်တည်းပဲ NCA လက်မှတ်မထိုးရသေးတဲ့ KNPP နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တွေ့တာက အလွတ်သဘောပါ။ အလွတ်သဘောဆွေးနွေးပွဲတွေက အရေးလည်းကြီးတယ်။ အများကြီး လိုအပ်တယ် ဆိုတဲ့ သဘောလည်း ကျွန်တော်တို့ တွေ့ရတယ်။ အလွတ်သဘော ဆွေးနွေးပွဲရဲ့ သဘောသဘာဝက ဆုံးဖြတ်ချက်တွေ မရှိဘူး။ ဒါပေမယ့် အပြန်အလှန် အားမနာတမ်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတယ်။ ပြီးတော့မှ ယုံကြည်မှုတည်ဆောက်မယ်ဆိုတဲ့ အခွင့်အရေးရတယ်။ နောက်တစ်ဖက်က မရှင်းလင်းတဲ့ ကိစ္စတွေကိုလည်း ပြောဆိုရှင်းပြ ဆောင်ရွက်လို့ရတယ်။ ဒါတွေအားလုံးကို အခုတစ်ခေါက်မှာ ပြောနိုင်ခဲ့တယ်လို့ ကျွန်တော်မြင်တယ်။

မေး။    ။ KNU နဲ့ တွေ့ဆုံဆွေးနွေးမှု အကြောင်းလေးပြောပြပေးပါ ခင်ဗျာ။

ဖြေ။    ။ KNU ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး နောက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အခါမှာ KNU ဘက်ကနေပြီးတော့ သူတို့ရဲ့နားလည်မှုနဲ့ ချဉ်းကပ်မှုတွေကို ရှင်းပြတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒါကို ပြန်ရှင်းပြတယ်။ အဓိကက KNU ဘက်က နိုင်ငံရေး ဆွေးနွေးပွဲတွေကို တစ်ဖက်သတ်ဆောင်ရွက်မှာကို စိုးရိမ်တာမျိုး တင်ပြတယ်။ နောက် NCA လမ်းကြောင်းအတိုင်း သွားဖို့ပြောတယ်။ ကျွန်တော်တို့ဘက်ကလည်း NCA ဆိုတာက KNU နဲ့ ကျွန်တော်တို့တင်မဟုတ်ဘူး။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်နဲ့တင်မဟုတ်ဘူး။ NCA process အတိုင်းသွားမယ်ဆိုရင် UPC ဆိုတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေ ရှိရမယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ရှိရမယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)  ရှိရမယ်။ အဲဒီမှာ ညှိနှိုင်းအဖြေရှာဖို့ ဖြစ်ပါတယ်။ အခုဆိုရင် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရပါတီ ၂၄ ပါတီက ကိုယ်စားလှယ် ၁၆ ယောက်ပါတယ်။ သူတို့လည်း စောင့်ဆိုင်းနေရတယ်။ အဲဒါကြောင့် လိုအပ်တဲ့ စိုးရိမ်မှုတွေ၊ လိုအပ်တဲ့ အာမခံချက်တွေကို UPDJC မှာလည်း မဆွေးနွေးနိုင်တော့ဘူး။

UPDJC ရဲ့ ဆွေးနွေးမှုတွေကို ညီလာခံမှာလည်း ထည့်သွင်းဆုံးဖြတ်လို့ ရတယ်။ ညီလာခံကနေတစ်ဆင့် လွှတ်တော်မှာလည်း အတည်ပြုတာ လုပ်လို့ရတယ် ဆိုတာမျိုး ကျွန်တော်တို့လည်း ရှင်းပြတယ်။ နောက်တစ်ခုကတော့ ၂၀၁၉ အတွင်းမှာပဲ ဆွေးနွေးနိုင်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ဒီဘက်မှာ ဆွေးနွေးတာရှိတဲ့အတွက် ဒါတွေကို နှစ်ဖက်စလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်။ ဒါကြောင့် သိပ်မကြာခင်မှာ KNU အဖွဲ့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွေ့နိုင်မယ်။ တပ်မတော်နဲ့လည်း တွေ့နိုင်မယ်။ အဲဒါတွေပြီးသွားရင်တော့ တရားဝင်ဆွေးနွေးပွဲတွေ ရောက်လာမယ်လို့ ကျွန်တော်တို့ ဘက်ကတော့ ယုံကြည်ပါတယ်။

မေး။    ။ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ရဲ့ PPST နဲ့ တွေ့ဆုံမှု အခြေအနေကိုလည်း သိချင်ပါတယ်။

ဖြေ။    ။  PPST (၁၀) ဖွဲ့နဲ့ တွေ့ဆုံတာကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က Summit လိုမျိုး တိုင်းရင်းသားခေါင်းဆောင်တွေ လုပ်မယ့် ထိပ်သီး အစည်းအဝေးကို မေလမှာ လုပ်မယ်။ အဲဒီမတိုင်မီ ဒီအပေါ်မှာ လိုအပ်တဲ့ ပြင်ဆင်မှု UPDJC ၊ JMC စတာတွေ အတွက် ပြင်ဆင်တဲ့ အစည်းအဝေးပါ။ UPDJC ကို အလွတ်သဘောဆွေးနွေးပွဲပဲ ဖြစ်ဖြစ် လုပ်နိုင်ဖို့ကိုတော့ ကျွန်တော်တို့က ရှင်းပြနိုင်ခဲ့ တယ်။ ဒါကိုလည်း သူတို့အနေနဲ့ အများကြီး နားလည်မယ်လို့ ယူဆတယ်။ ဒါကြောင့် သူတို့နဲ့လည်း ရန်ကုန်မှာဖြစ်ဖြစ်၊ နေပြည်တော်မှာဖြစ်ဖြစ် ပြင်ဆင်တဲ့ လုပ်ငန်းတွေကို အလွတ် သဘောဖြစ်ဖြစ် ကျွန်တော်တို့ ဆက်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

မေး။    ။ ဒီနေ့မနက်ပိုင်း KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံမှုကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။    ။ KNPP နဲ့ကတော့ NCA လက်မှတ်မရေးထိုးရသေးပေမယ့် လက်မှတ်မထိုးဘူးလို့လည်း မပြောသလို NCA လမ်းကြောင်းပြင်ပ လို့လည်း မပြောတဲ့အတွက် သူတို့အနေနဲ့ ကျွန်တော်တို့နဲ့ အများကြီးမစိမ်းဘူး။ အောက်ခြေမှာရှိတဲ့ အခက်အခဲလေး တွေကို ဝိုင်းပြီးတော့ နှစ်ဖက် သဘောထား အမြင်တွေဖလှယ်ပြီး သူတို့ KNPP ရဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီးရင်တော့ သူတို့ကိုလည်း နေပြည်တော်မှာ NRPC နဲ့ ဆွေးနွေးနိုင်ဖို့ပါ။  သူတို့အနေနဲ့ တပ်မတော်နဲ့လည်း ဆွေးနွေးနိုင်ဖို့ ရှိတယ်လို့ ကျွန်တော်နားလည်တဲ့အတွက် သိပ်မကြာခင်မှာဖြစ်လာလိမ့်မယ်လို့ နားလည်ပါတယ်။

မေး။    ။ ကျေးဇူးပါခင်ဗျာ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရရဲ့ ဆက်လက်ဆောင်ရွက်နေမှုတွေကိုလဲ သိချင်ပါတယ်။

ဖြေ။    ။ မတ် ၁၁ ရက် နေပြည်တော်မှာရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ကျွန်တော်တို့ဆွေးနွေးပွဲတွေရှိတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ RCSS ဆွေးနွေးပွဲပါ။ နောက်ရက်တွေမှာလည်း တပ်မတော်နဲ့ ဆွေးနွေးဖို့ရှိမယ်လို့တော့ သိရတယ်။ ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ကတော့ မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း NCA ရေးထိုးနိုင်ဖို့အတွက်ဆက်လက် ကြိုးစားနေပါတယ်။ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

တွေ့ဆုံမေးမြန်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ..HMS

 

mdn