ငြင်းခုံခြင်းအနုပညာ

မေသနပ်ခါး

 

လူတိုင်းလူတိုင်းဟာ ငြင်းခုံစရာမရှိ အားလုံးကို သဘောတူညီညွတ်နေခဲ့ရင် ဒါမှမဟုတ် ခေါင်းညိတ်ခြင်း အမူအရာတစ်ခုကိုပဲ တတ်မြောက်ခဲ့တာဆိုရင် ဘယ်လိုများ နေပါလိမ့်မလဲလို့ တစ်ခါတစ်ရံ ကျွန်မတွေးမိတတ်ပါတယ်။ သည်လိုသာဆိုရင်တော့ ဘာစိတ်ဝင်စားစရာမျှမရှိဘဲ သက်မဲ့ကမ္ဘာကို ရောက်နေရသလိုမျိုး ပျင်းရိငြီးငွေ့ဖွယ်အတိ ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ လူ့အဖွဲ့အစည်းရဲ့ တိုးတက်ဖြစ်ပေါ်ခြင်းဆိုတာ အသွင်မတူ ကွဲပြားခြင်းတွေထဲကပဲ ဖော်ဆောင်နိုင်တယ်လို့ ကျွန်မကတော့ ထင်မြင်မိပါတယ်။ ဘယ်နေရာမှာမဆို အတိုက်အခံရှိမှ တိုးတက်မှာပါ။ အဆိုပြုချက်တစ်ခုရှိရင် ပြန်လှန်စစ်ဆေး မေးမြန်းမှု၊ ငြင်းခုံမေးခွန်း ထုတ်မှုဆိုတာတွေ ရှိနေမှသာ မှားယွင်းမှုတွေကို စစ်ထုတ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အဖြေကောင်းတစ်ခု ရလာမှာပါ။ ဒါဆိုရင် “ငြင်းခုံခြင်းအနုပညာ” ဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်မယ့် သိမ်မွေ့တဲ့ ပညာရပ် တစ်ခုဖြစ်ကြောင်း ရိပ်မိကြပြီထင်ပါတယ်။

လေးစားနားလည်ပေး
လူတချို့ဟာ အတိုက်အခံ မပြောခြင်းကို ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ မြင်ကြတာလည်း ရှိပါတယ်။ အားနာတယ်ဆိုခြင်းနဲ့ ကိုယ်ပိုင်ခံယူချက်ဆိုတာဟာ တကယ်တော့ တစ်ဘာသာစီပါ။ ခံယူချက်ကို အားနာခြင်းထဲ ရောချေမပစ်လိုက်ဖို့ လိုပါတယ်။ ဒါဆိုရင် နေရာတိုင်းမှာ အတိုက်အခံတွေပဲ ပြောရမှာလားဆိုတာက မေးခွန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘယ်နေရာမဆို သူများဘာပြောပြော အမြဲအတိုက်အခံ ပြောနေရင်တော့ဘယ်သူမှ လက်ခံမှာမဟုတ်တာ အသေအချာပါပဲ။ သိပ်မထူးခြားတဲ့ အကြောင်းအရာမျိုး ဥပမာ သူကလက်ဖက်ရည်ကောင်းကြောင်း ပြောနေချိန်မှာ ကိုယ်ကကော်ဖီကမှ ပိုကောင်းတယ် ထင်နေပေမယ့် ငြင်းနေလို့ အကျိုးရှိလာမယ့်ကိစ္စမျိုး မဟုတ်ပါဘူး။ ကိုယ့်လိုပဲသူကလည်း သူကြိုက်တာကောင်းတယ် ပြောမှာပဲဆိုတာ နားလည်လက်ခံပေးဖို့ လိုပါတယ်။ ကိုယ့်ရဲ့အမြင်ကိုကိုယ်က အမှန်ပဲထင်နေပေမယ့် တစ်ဖက်လူရဲ့ အမြင်ကိုလည်း လေးစားနားလည်ပေးဖို့ လိုပါတယ်။

နောက်တစ်ခု ရှောင်သင့်တဲ့ ငြင်းခုံခြင်းကတော့ငြင်းလို့ အကျိုးယုတ်လာနိုင်တဲ့ အရာတွေပါ။ ဥပမာ ဘာသာရေး၊ လူမျိုးရေး ကိစ္စမျိုးတွေကို သွားငြင်းရင် အကျိုးမရှိလာတဲ့အပြင် လူအချင်းချင်း စည်းလုံးညီညွတ်မှုတောင် ဖရိုဖရဲဖြစ်ပြီး ရန်မီးတောက် နိုင်ပါတယ်။ လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်နိုင်တဲ့၊ သက်ဝင်ယုံကြည်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါတယ်။ ကိုယ်ကိုးကွယ်ရာဘာသာကို ကိုယ်ကိုင်းရှိုင်းရိုသေသလို သူလည်း သူကိုးကွယ်ရာဘာသာကို ယုံကြည်ကိုးကွယ် ပေလိမ့်မယ်။ သည်လို ကိုယ်ချင်းစာတရားနဲ့ အခြား ဘာသာဝင်တွေကိုလည်း နားလည်ပေးပါ။ ထပ်တူလေးစားပါ။ ကိုယ်ဟာ ကိုယ်ကိုးကွယ်ရာ ဘာသာ၊ ကိုယ့်လူမျိုးကို အမြဲကိုယ်စားပြုနေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးစွာ မြှင့်တင်မှ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးလည်း အဆင့်အတန်း မြင့်မားလာမှာပါ။ အများသူငါ လေးစားစရာ ဖြစ်လာမှာပါ။ နောက်တစ်ခုက ကိုးကွယ်ယုံကြည်ရာ ဘာသာတရားဆိုတာ အငြင်းအခုံ အလောင်းအစား လုပ်ကောင်းတဲ့အရာ မဟုတ်ပါဘူး။

အမြင်ချင်းဖလှယ်နိုင်
ဒါဖြင့် ဘယ်လိုအရာတွေမှာ ငြင်းရမှာလဲ။ ဒါဟာ သိပ်ကောင်းတဲ့မေးခွန်းတစ်ခုပါ။ ငြင်းလို့ အကျိုးရှိမယ့်အရာတွေကိုပဲ ငြင်းပါ။ လူတစ်ယောက် ပြောလိုက်တဲ့စကားက ကြားလိုက်ရတဲ့သူတွေ အယူမှား၊ အမှတ်မှားသွားနိုင်တဲ့ကိစ္စမျိုး၊ စနစ်တစ်ခုရဲ့ မူဝါဒခံယူချက်တွေက သွေဖည်သွားနိုင်တဲ့ အရာမျိုး၊ နိုင်ငံတော်တည်ဆောက်ရေးမှာ ပိုအကျိုးယုတ်သွားစေမယ့်အရာမျိုး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားသွားစေနိုင်တဲ့အရာမျိုး၊ မှတ်ကျောက်တင်နိုင်မယ့် လူပုဂ္ဂိုလ်တစ်စုံ တစ်ယောက်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ မဟုတ်မမှန် အတင်းအဖျင်းမျိုး၊ လူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ထိခိုက်စေနိုင်တဲ့ ကောလာဟလမျိုးတွေမှာ ကိုယ့်ဘက်ကမှန်နေတာ သေချာရင် ငြင်းပါ။ ချက်နဲ့လက်နဲ့ သက်သေသာဓကတွေနဲ့ ငြင်းပါ။ သည်လို ငြင်းခုံခြင်းကြောင့် မှားယွင်းနေသူက သူအမှတ်မှား၊ အတွေးမှား၊ မှားယွင်းနေတာတွေကို သိမြင်လာနိုင်သလို သူ့စကား ကြားရသူအပေါင်းလည်း သူမှားနေတာကို သိလာနိုင်ပါတယ်။ တကယ်လို့ သူ့စကားမှာလည်း မှန်တဲ့အပိုင်းတွေ ရှိနေခဲ့ရင် အချင်းချင်း အမြင်ချင်းဖလှယ်နိုင်သလို မတူကွဲပြားတဲ့ အမြင်ချင်းပေါင်းစပ်လို့ ပိုမိုကောင်းမွန်တဲ့ အဖြေတစ်ခု ထွက်လာနိုင်ပါသေးတယ်။

ငြင်းတိုင်း အဖြေထွက်မတဲ့လား။ အပြေးမတတ် ထမင်းငတ်ဆိုသလို အငြင်းမတတ်ရင်လည်း ရန်ဖြစ်ရုံပဲ ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း “ငြင်းခုံခြင်း” ဟာ အနုပညာတစ်ရပ်လို အင်မတန်နူးညံ့ပါတယ်။ အင်မတန် နက်နဲပါတယ်။ ငြင်းခုံဖို့ အတွက်ဆိုရင် လုံလောက်တဲ့ အာဟာရပြည့်ဝဖို့ လိုပါတယ်။ ဒါမှလည်း အင်နဲ့အားနဲ့ ပိုင်ပိုင်နိုင်နိုင် ငြင်းနိုင်မယ် မဟုတ်လား။ အာဟာရဆိုတာက ငြင်းမယ့်အကြောင်း အရာနဲ့သက်ဆိုင်တဲ့ ဗဟုသုတကို ဆိုလိုတာပါ။ ကိုယ့်မှာသည်လို ဗဟုသုတ လုံလုံလောက်လောက် မရှိသေးဘဲနဲ့ သူများကို သွားမငြင်းပါနဲ့။ အရင် လေ့လာမှတ်သားလိုက်ပါဦး။ သည်ခေတ်မှာ အင်တာနက်ပေါ်မှာတောငွ် Google ခေါက်ပြီး ချက်ချင်းလေ့လာလို့ရတဲ့ နေရာတွေ အများကြီး ရှိနေပါတယ်။

အချက်အလက်မှန်ကန်ဖို့လို
မငြင်းခင် ကိုယ်ငြင်းမယ့်အကြောင်းအရာကို ကျေညက်အောင် လေ့လာထားမှသာ ဘာအချက်တွေ၊ ဘယ်လိုအကြောင်း တွေကြောင့် ငြင်းတယ်ဆိုတာ ခိုင်ခိုင်မာမာ ပြောနိုင်ပါလိမ့်မယ်။ တစ်ဖက်ကစကားကို ပြန်လည်ချေပ နိုင်ပါလိမ့်မယ်။ ငြင်းတဲ့အခါမှာ ကိုယ့်ငြင်းဆိုချက်ဟာ အချက်အလက် မှန်ကန်ဖို့လိုသလို တရားနည်းလမ်းကျဖို့၊ ရိုးသားဖြောင့်မတ်ဖို့လည်း လိုပါတယ်။ ငါကတော့ ငြင်းချင်လို့ကို ငြင်းတယ်ကွာ။ ဘာကြောင့်ဖြစ်ဖြစ် ငြင်းတော့ ဘာဖြစ်သေးလဲ။ သည်လို အချိုးမျိုးနဲ့သာ သွားငြင်းရင် ဘယ်သူကမှ ခံနိုင်မှာမဟုတ်လို့ ရန်ဖြစ်ရုံပဲ ရှိပါလိမ့်မယ်။ မျက်စိပိတ် ငြင်းတာမျိုးက တစ်ဖက်သားကို မလေးစားရာ ရောက်သလို ရန်စတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဘာက ဘယ်လိုဖြစ်မှန်း ဘာမှ ဂဃနဏ ဗဟုသုတရှာမှီး မထားဘဲ ငြင်းခုံခြင်းဟာ အကျိုးမရှိသလို အဓိပ္ပာယ်လည်း မရှိပါဘူး။ ဘေးကမြင်သူတွေက ကိုယ့်ကို အထင်အမြင် သေးစေပါတယ်။ တစ်ဖက်ကအဆိုမှာ မှန်ကန်နေတဲ့ အချက်တွေရှိနေခဲ့ရင်လည်း ဒါကို ပွင့်ပွင့်လင်းလင်း ဝန်ခံရဲရပါလိမ့်မယ်။ သည့်အပြင် ပြောရရင် ကိုယ့်ငြင်းဆိုချက်ဟာ လူအများထောက်ခံဖွယ်ရာ နားလည်လွယ်တဲ့ ငြင်းဆိုချက် ဖြစ်ရပါလိမ့်မယ်။ ကိုယ် တစ်ယောက်တည်း နားလည်ပြီး သူများနားမလည်အောင် ငြင်းနေရင် ဘာမျှဗဟုသုတ မရှိသူနဲ့ အတူတူပဲဖြစ်နေမှာပါ။

ပညာရ
အခုဆိုရင် လူမှုကွန်ရက်တွေပေါ်မှာ အကြောင်းအရာတစ်ခုကို အခြေခံလို့ မကြာခဏ အငြင်းအခုံဖြစ်နေ ကြပါတယ်။ နောက်ပိုင်းမှာ တူရာတူရာ လူတွေ စုပေါင်းလို့ အုပ်စုလိုက် ငြင်းခုံကြပါတယ်။ တချို့လူတွေက ချက်နဲ့လက်နဲ့ သူငြင်းရခြင်း အကြောင်းရင်းကို ရှင်းပြတတ်ပါတယ်။ တချို့လူတွေက သူတို့သိတဲ့ ဗဟုသုတတွေကို အခြေခံပြီး ထောက်ခံဆွေးနွေးသလို ငြင်းခုံ ဆွေးနွေးသူတွေလည်း ငြင်းခုံကြပါတယ်။ သည်လိုအခါမျိုးဆိုရင် ပွဲက သိပ်ကြည့်ကောင်းပါပြီ။ သူတို့ရေးထားတာတွေ ဝင်ဖတ်ရုံနဲ့တင် ဗဟုသုတတွေ၊ ကိုယ်မသိသေးတာတွေ အတော်သိရနိုင်လို့ပါ။ သူတို့ ငြင်းခုံတာကိုဖတ်ရင်း ပညာရသလို လေးစားစိတ်လည်း ဖြစ်လာရပါတယ်။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်နေတာ၊ ရန်စနေတာမျိုးမဟုတ်ဘဲ ယဉ်ယဉ်ကျေးကျေး ငြင်းနေကြတာပါ။ လူကြီးလူကောင်း သိပ်ဆန်ပါတယ်။ နောက်ဆုံးမှာ သဘောတူစရာတွေ၊ ညှိနှိုင်းစရာတွေ၊ အကြံပေး ချက်တွေနဲ့ အဆုံးသတ်ပုံက တကယ့်အံ့မခန်းတဲ့ ပညာခန်းပါ။

ဒါပေမယ့် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သည်လိုလူတွေရှိသလို ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားပြီး အမြင်မတူသူ တွေကို မကြားဝံ့မနာသာ ဆဲဆိုရန်ဖြစ်ပြီး ငြင်းနေကြသူတွေလည်း ရှိပါတယ်။ သူတို့ရေးထား တာတွေကိုဖတ်ရင် ဘာပညာခန်းမှ မပါပါဘူး။ ပြောနေတဲ့ အကြောင်းအရာနဲ့ ဘာမျှမသက်ဆိုင်ဘဲ တစ်ဖက်နဲ့တစ်ဖက် ဆဲဆိုခြင်း၊ အပုပ်ချခြင်း သက်သက်တွေချည်းပါပဲ။ တစ်ခါတလေ ပုဂ္ဂိုလ်ရေးတွေတောင် ပါပါတယ်။ သူလည်း အကျိုးမရှိ၊ ကိုယ်လည်း အကျိုးမရှိတဲ့ အချင်းချင်း သိက္ခာကျစေတဲ့ ငြင်းခုံခြင်း မျိုးသက်သက်ပါပဲ။

အကျိုးကျေးဇူးများ ဖြစ်ထွန်း
သည်နေ့ သိပ္ပံပညာလောကဆိုတာ ငြင်းခုံခြင်းနဲ့ အသက်ဝင်လှုပ်ရှားနေပြီး ရလဒ်အသစ်အသစ်တွေကိုလည်း အမြဲရှာဖွေ တွေ့ရှိနေပါတယ်။ ရလဒ်တစ်ခုခု တွေ့ရင်လည်း တွေ့တဲ့နေရာမှာ ရပ်မထားဘဲ ဆက်လက်သုတေ သနပြုမှုတွေနဲ့ တစ်ထစ်ချင်း အောင်မြင်နေတဲ့ လောကကြီးပါ။ လူတစ်ယောက်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်စုစုက ဒါက သည်လိုကြောင့် ဖြစ်လာတာပါလို့ သက်သေအစုံအလင်နဲ့ ပြသလာခဲ့ရင်တောင် ကျန်သူတွေအားလုံးက အသာတကြည် ခေါင်းညိတ်ကြတာမျိုး မဟုတ်ပါဘူး။ တချို့က သူပြောတာမှန်ရဲ့လားလို့ ပြန်စမ်းသပ်စစ်ဆေးနေချိန်မှာ တချို့က တခြား အကြောင်းတွေကြောင့်များ ဖြစ်နိုင်မလားလို့ ရှာဖွေနေကြပါတယ်။ တချို့ကတော့ သည်လိုကြောင့် ဒါဖြစ်လာတာလား၊ ဒါ့ကြောင့် သည်လိုဖြစ်လာတာလားဆိုတဲ့ ပြောင်းပြန်နိယာမတွေကို လေ့လာကြပါတယ်။ ဒါ့ကြောင့် အကြောင်းအရာ တစ်ခုရဲ့ ခေါင်းစဉ်အောက်မှာ သုတေသန စာတမ်းပေါင်းများစွာ ထွက်ပေါ်လာရတာပါ။ အချက်အလက်ပေါင်းများစွာ ဆက်လက် ထွက်ပေါ်ခဲ့ရတာပါ။ လူသားတွေအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာခဲ့ရတာပါ။

တရားမျှတ
အချုပ်အားဖြင့်ဆိုရရင် လူဆိုတာ အမြဲခေါင်းညိတ်နေလို့မရပါဘူး။ ကိုယ်သဘောမတူတာ၊ တရားမျှတမှု မရှိဘူးထင်တာ၊ လူအများကို အကျိုးယုတ်စေတယ်လို့ ထင်တာ၊ ကိုယ့်ယုံကြည်မှု ခံယူချက်ကို ထိခိုက်စေတာမျိုးတွေမှာ ငြင်းသင့်ရင် ငြင်းရပါလိမ့်မယ်။ ဟင့်အင်းလို့ ငြင်းခွင့်ရှိပါတယ်။ ဒါပေမယ့် ချက်နဲ့လက်နဲ့၊ အကြောင်းနဲ့အကျိုးနဲ့ ငြင်းနိုင်ရပါမယ်။ ငြင်းရဲတဲ့သတ္တိလည်း ရှိဖို့လိုပါတယ်။ သူတစ်ပါးက တင်ပြလာတဲ့ အမြင်ကိုလည်း သဘောတူတာ၊ မတူတာ အသာထားလို့ လေးစားဖို့ လိုပါတယ်။ ဒါမှလည်း အမြင်မတူတာတွေ စုပေါင်းလို့ အဖြေ မှန်ထွက်လာမှာပါ။ တိုးတက်ခြင်းကို ရရှိလာမှာပါ။ ဘယ်နေရာမှာမဆို ကြောင်းကျိုးဆီလျော်မှုက အရေးကြီးတာမို့ ငြင်းခုံခြင်းမှာလည်း ကြောင်းကျိုးဆီလျော်စွာ ငြင်းကြ ပါ။ တရားမျှတစွာ ငြင်းကြပါ။ အာဟာရပြည့်ပြည့်ဝဝနဲ့ခိုင်ခိုင်မာမာငြင်းကြပါ။ ပညာရှင်၊ ပညာရှိဆန်စွာ ငြင်းကြပါလို့ ပြောရင်းနိဂုံးချုပ်ပါရစေ။   ။

=======================

တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါ သည်။ သို့သော် ကြမ်းတမ်းပြင်းထန်သော အယူအဆ အရေးအသားများကိုမူ သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည် မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။(စာတည်းအဖွဲ့)