ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စုတွင် ငွေချည်- ၉ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်း

ငဖဲ ဒီဇင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ငွေချည်-၉ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီက ဆင်ချည်တိုင်ကျေးရွာမှ တောင်သူ ဦးစောထွန်း၏ ကွင်းအမှတ် (၁၁၀၅ -က) ဦးပိုင်အမှတ် (၆၆)၊ စိုက်ဧက (၂ ဒသမ ၁၆)ဧကရှိ ဝါစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။

 

ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်းက ဌာနအနေဖြင့် မိုးစပါးများနှင့် ချည်မျှင်ရှည်ဝါစိုက်ခင်းများ စံကွက်ရိတ်သိမ်း ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်းနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းထွေးနှင့် ကွင်းဝန်ထမ်းများ ပူးပေါင်းကာ တောင်သူ ဦးစောထွန်း၏ ငွေချည်-၉ ချည်မျှင်ရှည်ဝါကောင်း ကိုယ်စားပြုစံကွက်ရိတ်သိမ်းရာ ဝါတစ်ဧကအထွက်နှုန်း (၅၀၅ ဒသမ ၁၁) ပိဿာ ထွက်ရှိသည်။

 

ငဖဲမြို့နယ်တွင် ယခုနှစ်မှာ ရွှေတောင် -၈ နှင့် ငွေချည်-၉ ချည်မျှင်ရှည်ဝါစိုက်ဧက (၆၃၃)ဧကရှိကြောင်း သိရသည်။

 

မယု (ငဖဲ)