ငယ်ပေါင်းကြီးဖော်များ

ရေနံ့သာမောင်ကျော်ညွန့်

 

ကလေးကဗျာများသည် ကျွန်တော်တို့၏ “ငယ်ပေါင်း ကြီးဖော်များ” ဖြစ်ကြပါသည်။ ကျွန်တော်တို့ ကလေးအရွယ် ငယ်စဉ်ကတည်းက နှစ်နှစ်ကာကာ၊ မြတ်မြတ်နိုးနိုး၊ ပျော်ပျော်ရွှင်ရွှင် သီဆိုခဲ့ရသော ကလေးကဗျာများသည် ကျွန်တော်တို့ အသက်အရွယ် ကြီးရင့်လာလင့်ကစား ကျွန်တော်တို့နှင့်အတူ မခွဲမခွာဘဲ ပူးတွဲကပ်ပါလာသည်။ ကျွန်တော်တို့ အသက်အရွယ် ကြီးရင့်လာသော်ငြား ကျွန်တော်တို့၏ ငယ်ပေါင်းကလေးကဗျာများက ကျွန်တော်တို့၏ နှလုံးသည်းပွတ်ထဲတွင် စွဲတည်လျက် သတိတရအောက်မေ့ရဆဲ၊ နှစ်သက်မြတ်နိုးရဆဲ၊ စိတ်လို လက်ရ သီဆိုနေရဆဲဖြစ်၏။ ကျွန်တော်တို့ အသက်အရွယ် ကြီးရင့်သည်အထိ ကျွန်တော်တို့၏အဖော်မွန်များ ဖြစ်နေကြ၏။ ထို့ကြောင့် ကလေးကဗျာများသည် ကျွန်တော်တို့၏ “ငယ်ပေါင်းကြီးဖော်များ”ဖြစ်ကြပါ သည်။

 

ကျွန်တော်တို့၏ “ငယ်ပေါင်းကြီးဖော်များ” ဖြစ်ကြသော “ကလေးကဗျာများ” ကို ဆန်းစစ် လေ့လာကြည့်မိပါသည်။ ပုခက်တွင်းရင်ခွင်ပိုက်အရွယ် ကလေးငယ်များ ငိုကြွေးကြသည့်အခါ မိခင်ဖြစ်သူများက “အို အိုး အို” အသံပေးပြီး အငိုတိတ်အောင်ချော့မော့ကြ၏။ ထိုအခါ ကလေးငယ်သည် အငိုတိတ်လေတော့၏။ အငိုတိတ်သွားသော ကလေးငယ်ကို မိခင်ဖြစ်သူက “အေ အေး အေ”၊ “အေ အေး အေ လူကလေးအိပ်ပါတော့လေး” ဟူ၍ လေးလေးရဲ့ တွဲ့တွဲ့၊ အေးအေးနွဲ့နွဲ့၊ ဆွဲဆွဲငင်ငင် သီဆိုပေး နေပြန်ပါသည်။ ထိုအခါ ကလေးငယ်သည် အငိုတိတ်ရုံမက အိပ်ပျော်သွားရလေတော့သည်။ ကလေးငယ်များ အငို တိတ်ပြီး အိပ်ပျော်သွားသည်အထိ မိခင်များကသီဆိုပေးသော “ အို အိုး အို”၊ “ အေ အေး အေ”၊ “အေ အေး အေ လူကလေး အိပ်ပါတော့လေး” သံစဉ်ကို ပညာရှင်ကြီးများက “သားချော့တေး”ဟူ၍ အမည်ပေးအပ် ကင်ပွန်း တပ်ခဲ့ကြ၏။ ထိုမျှမကသေး “ကလေးကဗျာအစ သားချော့တေးက” ဟူ၍ပင် ဆိုစမှတ်ပြုခဲ့ကြပြန်ပါသည်။

 

ကလေးငယ်များသည် မိခင်နို့တိုက်ကျွေးရသည့် အရွယ်လွန်မြောက်၍ “ဝါးဖတ်တော်” ခွံ့ကျွေးရသည့် အရွယ်သို့ ရောက်လာကြသည်။ ထိုအရွယ်တွင်လည်း မိခင်၊ လူကြီးသူမများက

 

“ဖိုးလမင်းရေ

ထမင်းဆီဆမ်း

ရွှေလင်ပန်းနဲ့ပေးပါ။ ဝါး...ဝါး..ဝါး”

 

 အသံပေးပြီး ဝါးဖတ်တော် ခွံ့ကျွေးပေးရပြန်ပါသည်။ ထို့နောက် ကလေးငယ်တို့၏ ပြောင်းလဲကြီးပြင်းလာသော အရွယ်ကိုလိုက်ပြီး ကလေးငယ်များ အငိုတိတ်အောင်၊ အလိုကျအောင်၊ ပျော်ရွှင်အောင် သားချော့တေးအမျိုးမျိုး ကို သီဆိုပေးကြပါသည်။ “လူကလေးရဲ့ ငို၊ ခိုဖမ်း လို့ပေး၊ “အိပ်ချင်တဲ့မျက်တောင် မှေးယောင်ယောင် “ “ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို”၊ “ကြောင်ဖား ကြီးမြီးတံတို၊ အဆီကိုစားပါလို့၊ အသားကိုမျိုး”၊ “လူကလေးရဲ့ ချော့စရာ၊ မိတ္ထီလာ ကန်တော်အောက်က၊ ဖားကောက်ခဲ့ပါ”၊ “လူကလေးရဲ့ အိပ်ချိန်တန်၊ ဗျိုင်းရှေ့ ကပျံ” စသည့် သားချော့တေး ကလေးကဗျာများ ဖြစ်ပါသည်။

 

တစ်ဆင့်တက်ပြီး ကြီးပြင်းလာသည့်အခါ အမိ အဖ လူကြီးသူမများ မကြာခဏ ရွတ်ဆိုလေ့ရှိသည့် “မမလေးပန်စရာ”၊ “စံပယ် လေးရုံ”၊ “ဗောဓိရွှေကျောင်း”၊ “စီစီတဲ့ရီရီ”၊ “တောင်တောရယ်သာ”၊ “ဖိုးတောင်သူလဲ” စသည့် ကလေးကဗျာများကို အဖန်တလဲလဲ ကြားနေရသောကြောင့် ကလေးများ နားရည်ဝလာကြသည်။ နားရည်ဝလာရာမှ တစ်ဆင့် နှုတ်တက်ရ နှုတ်တိုက်သီဆို နိုင်ကြလေတော့၏။ မည်သည့်ခေတ် မည်သည့်အခါတွင် မည်သူမည်ဝါက ဖွဲ့ဆိုသီကုံးထားခဲ့မှန်းမသိရသော ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သည့် ပိုင်ရှင်မဲ့ ရှေးရေးကလေးကဗျာများ ဖြစ်ပါသည်။

 

အင်းဝခေတ်ရောက်သည့်အခါ၌ ကလေးများအတွက် ကလေးကဗျာများ ရေးသားဖွဲ့ဆိုလာသည်ကို တွေ့ရှိရပါသည်။ နန်းတွင်း ရင်သွေးကလေးများအတွက် “ဧချင်း” ကဗျာများမှ အစပြုပြီး ကလေးအရွယ်မှသည် လူကြီးအရွယ်အထိ မှတ်သားနာယူ ကျင့်သုံးအပ်သော  ကလေးကဗျာအမျိုးမျိုးကို ရေးဖွဲ့လာကြပါသည်။ အင်းဝခေတ်မှအစပြု၍ ခေတ်အဆက်ဆက်တွင် ကလေးများအတွက် ကလေးကဗျာများကို ရဟန်းစာဆို၊ လူစာဆိုများက ရေးဖွဲ့လာကြသည်။ ကလေးများအတွက် ကလေး ကဗျာများကို ရေးသားသီကုံးဖွဲ့ဆိုကြရာတွင် အကြောင်း အရာများက အမျိုးမျိုးအဖုံဖုံ စုံလင်လှသကဲ့သို့ ဖွဲ့နည်း ဖွဲ့ဟန် ပုံသဏ္ဌာန်များကလည်း အမျိုးမျိုးအဖုံဖုံ စုံလင်လှပေသည်။ သံပေါက်၊ လင်္ကာ၊ ရှစ်လုံးဘွဲ့၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုးစသည့် ပုံသဏ္ဌာန်အမျိုးမျိုးကို တွေ့ရပါသည်။

 

ထိုခေတ် ထိုအခါ ထိုကာလများ၌ ကလေးများကို  စာပေသင်ကြားပေးရာ နေရာများသည် ဘုန်းတော်ကြီးကျောင်းများသာ ဖြစ်ပေသည်။ ဘုန်းတော်ကြီးကျောင်းများရှိ ဘုန်းတော်ကြီးများ၏ ကျေးဇူးကြောင့်သာ ကလေးများ စာရေး၊ စာဖတ် တတ်မြောက်ခဲ့ရခြင်းဖြစ်ပါသည်။ ဘုန်းတော်ကြီးများက မြန်မာစာအမွေအနှစ်များကို လက်ဆင့်ကမ်း သယ်ဆောင်လာကာ လက်ဆင့် ကမ်း ပြန်လည်ဖြန့်ဝေပေးနေကြပါသည်။ ဘုန်းတော်ကြီးများက တပည့်တို့အား လောကရေး၊ ဓမ္မရေး၊ ရာဇရေး အခြေခံကောင်းများကို နားလည်လွယ်ပြီး မှတ်မိလွယ်စေရအောင် ကဗျာ၊ လင်္ကာ၊ သံပေါက်များဖြင့် သင်ကြား ဆုံးမလမ်းညွှန်ပြခဲ့ကြ၏။ ထိုသို့ သွန်သင်ညွှန်ပြဆိုဆုံးမခဲ့သော ကဗျာလင်္ကာ၊ သံပေါက် စသည်များသည် ကလေးများအတွက် ကလေးတို့နှင့် လိုက်ဖက်သည့် ကလေးကဗျာများအဖြစ် ထင်ကျန်ရစ်ခဲ့ပါသည်။ ။

 

နီတိလမ်းညွှန်ကလေးကဗျာများအပြင် “ပညာသည်သာ ရတနာ၊ ပညာသည်သာ အခရာ” ဖြစ်ကြောင်း သိစေချင်၊ မြင်စေချင်၊ နာယူစေချင်၊ မှတ်သားစေချင်သောကြောင့် “ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ရှိဖို့ ပညာတတ်ရန်၊ ပညာတတ်ဖို့ စာဖတ်ရန်၊ စာဖတ်ဖို့ စာတတ်ရန်၊ စာတတ်ဖို့ စာသင်ရန်” အားပေးတိုက်တွန်းသော ဘဝလမ်းညွှန် ကလေးကဗျာများကိုလည်း ကလေးများက သဘောကျ နှစ်သက်ကြ၏။ တပည့်ကလေးများကိုယ်တိုင်က လိုလို လားလား၊ မြတ်မြတ်နိုးနိုး ရွတ်ဆိုချင်သော၊ ရွတ်ဆိုနေသော ကလေးကဗျာများ ဖြစ်လာပါသည်။ ။

 

ကိုလိုနီခေတ်တွင် ဆရာကြီး ဦးရွှေကြူ၊ အဂ္ဂမဟာ  ပဏ္ဍိတ ဆရာကြီး ဦးလင်း၊ ဆရာကြီး ဦးဖေမောင်တင်၊ ပညာဝန်ဆရာကြီး ဦးစံရွှေ စသည့် ပညာရှင်များက “ဒေါင်းတံဆိပ်မြန်မာဖတ်စာ”၊ ခြင်္သေ့တံဆိပ် မြန်မာဖတ်စာ”၊ “လင်းယုန်တံဆိပ်မြန်မာဖတ်စာ” စာအုပ်များကို ရေးသား ပြုစုကြသည်။ ဆရာကြီးများ ရေးသားပြုစုသည့် မြန်မာဖတ်စာ စာအုပ်များတွင် အတန်းလိုက်၊ အရွယ်လိုက် ကလေးများနှင့် သင့်လျော်မည့် ကလေးကဗျာများကို  ရွေးချယ်ဖော်ပြပေးထားသည်။ အမည်မသိ ရှေးရေးကဗျာများနှင့် အင်းဝခေတ်မှ ကိုလိုနီခေတ်အတွင်း ရေးသားဖွဲ့ဆို သီကုံးထားသည့် သားချော့တေးများ၊ ရာသီဘွဲ့များ၊ တောတောင်ရေမြေဘွဲ့များ၊ လင်္ကာ၊ သံပေါက် ဆုံးမစာ များသာ ပါဝင်သည်။ ဆိုရသော် ထိုစဉ်က ကလေးများခမျာ မိတ်သစ်ဆွေသစ် တိုးမလာဘဲ မိတ်ဟောင်း ဆွေဟောင်းများနှင့်သာ ဖက်လဲတကင်း ကြီးပြင်းကြရရှာပါသည်။

 

ကလေးတို့အတွက် မိတ်ဟောင်းဆွေဟောင်းများ အပြင် မိတ်သစ်ဆွေသစ်များ တိုးပွားစေချင်သော စေတနာ ရှင်ဆရာကြီးနှစ်ဦး ပေါ်ထွန်းလာပါသည်။ ဆရာကြီး မင်းသုဝဏ်နှင့် ဆရာကြီး ဒေါက်တာမောင်ဖြူး ဖြစ်ပါသည်။ ဆရာကြီးနှစ်ဦးစလုံးသည် ကလေးများအတွက် ကလေးကဗျာ အသစ်အဆန်းများ ဖန်တီးရန် စိတ်အားထက်သန်လှ၏။ ရှိရင်းစွဲကလေးကဗျာ အဖွဲ့အနွဲ့ သီကုံးဟန်တို့ကို မထိခိုက်၊ မပွန်းရှ၊ မပျက်ယွင်းစေဘဲ အရိုးကိုအရွက် မဖုံးစေရအောင် သတိချပ်လျက် လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ကြလေတော့၏။

 

ဆရာကြီးမင်းသုဝဏ်က ၁၉၃၁ ခုနှစ် ဇွန်လ ၁၁ ရက် နေ့တွင် “ဝါဆိုဝါခေါင်ရေတွေကြီးလို့” အစချီ “သပြေသီးကောက်” ကလေးကဗျာကို ပုံသဏ္ဌာန်အသစ်ဖြင့် ရေးဖွဲ့သီကုံးပါသည်။ ထိုပုံသဏ္ဌာန်အသစ်ကို ဆရာကြီး မင်းသုဝဏ်ကိုယ်တိုင်က သဘောကျနှစ်သက်မြတ်နိုး သောကြောင့် ထိုနေ့မှာပင် “ဆွမ်းအုပ်နီနီ အမေရွက်လို့” ' အစချီ “ဥပုသ်စောင့်” ကလေးကဗျာကို “သပြေသီးကောက်”ပုံသဏ္ဌာန်အတိုင်း ရေးဖွဲ့သီကုံးလိုက်ပြန်ပါသည်။ “သပြေသီးကောက်” ပုံသဏ္ဌာန်တူ ကဗျာများကို  ဆက်တိုက်ရေးနေရင်းက “ဝင်္ကပါ” ကလေးကဗျာကို ရေးဖွဲ့သီကုံးလိုက်ပြန်ပါသည်။

 

“ဝင်္ကပါ”

အေးရိပ်သာတဲ့ ပညောင်ညို

ဥဩ တွန်သံချို၊

ဒိုယိုစီးတဲ့ နဒီတွင်း

သမင် ရေသောက်ဆင်း။

မြက်ခင်းလဲ့လဲ့ မြေညီညီ

ကံ့ကော်ဝတ်မှုန်စီ၊

ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း

လူလေးသွားချင်စမ်း။ ။

 

ဆရာကြီးရေးဖွဲ့သီကုံးသည့် “၀င်္ကပါ” ကလေးကဗျာ  ပုံသဏ္ဌာန်သည် “သပြေသီးကောက်” ကလေးကဗျာ ပုံသဏ္ဌာန်မျိုးမဟုတ်ဘဲ ကလေးကဗျာ ပုံသဏ္ဌာန်သစ် တစ်မျိုးကို ထပ်မံဆန်းသစ် တီထွင်လိုက်ခြင်း ဖြစ်ပါသည်။ “၀င်္ကပါ” ကလေးကဗျာ ပုံသဏ္ဌာန်သစ်သည် ဆရာကြီး မင်းသုဝဏ်၏ အရိုးကိုအရွက်မဖုံးစေဘဲ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်လိုက်သည့် ကလေးကဗျာ ပုံသဏ္ဌာန်အသစ် ဖြစ်ပါသည်။ ဆရာကြီး မင်းသုဝဏ်၏”၀င်္ကပါ” ကလေး ကဗျာ ရေးဖွဲ့နည်း ပုံသဏ္ဌာန်အသစ်ကို မြန်မာစာပေ သုတေသီပညာရှင်တို့က အချီနှစ်မျိုး၊ အခံတစ်မျိုး၊ အအုပ်တစ်မျိုးဖြင့် ရေးဖွဲ့ထားသော အချိုးလေးချိုးပါသည့် “လေးချိုးငယ်”ဟူ၍ မှတ်တမ်းတင်ထားကြပါသည်။ ထို့ပြင် မြန်မာစာပေ သုတေသီတစ်ဦးလည်းဖြစ်ပြီး ကဗျာစာဆိုဆရာကြီးတစ်ဦးလည်းဖြစ်သည့် ဆရာကြီး ဦးစိန်လှိုင် (မဟာဝိဇ္ဇာ) (ကဗျာစာဆိုသူရဇော်) ၏ ၁၉၈၁ ခုနှစ် စာပေဗိမာန် စာတမ်းဖတ်ပွဲတွင် တင်ပြသည့် “မြန်မာကလေး  ကဗျာ” စာတမ်းနှင့် ဆရာကြီး သူရဇော်၏”အချိုးကဗျာလေ့လာချက်” စာအုပ်တို့တွင်လည်း “၀င်္ကပါ” ကလေး ကဗျာ အမျိုးအစားကို “လေးချိုးငယ်” ဖြစ်ကြောင်း သုတေသနပြု တင်ပြထားပါသည်။

 

ဆရာကြီးမင်းသုဝဏ်က ကလေးများအတွက် ကလေးကဗျာများ ရေးဖွဲ့သီကုံးနေသကဲ့သို့ ဆရာကြီး ဒေါက်တာမောင်ဖြူးကလည်း ကလေးများအတွက်ပုံပြင်၊ ပြဇာတ်၊ ဝတ္ထုတိုနှင့် ကလေးကဗျာများကိုလည်း ရေးသားဖွဲ့သီနေပါသည်။ ဆရာကြီးမင်းသုဝဏ် ရေးဖွဲ့သီကုံးသည့် “သပြေသီးကောက်”၊ “၀င်္ကပါ”စသည့် ကလေးကဗျာများကို ကလေးတို့က နှစ်သက်သဘောကျ မြတ်နိုးနေကြသလို ဆရာကြီး ဒေါက်တာမောင်ဖြူး ရေးဖွဲ့သီကုံးသည့် “မောင်ရေခဲ”၊ “မရွှေဖဲ”၊ “ကိုအေးနဲ့ မခွေး” ကလေးကဗျာများကိုလည်း ကလေးတို့က နှစ်သက်သဘောကျ မြတ်နိုးကြပါသည်။ “ကိုအေးနဲ့ မခွေး” ကဗျာသည် အင်္ဂလိပ်ကဗျာကို မြန်မာကလေး ကဗျာဖြစ်အောင် ဖန်တီးပေးထားခြင်း ဖြစ်ပါသည်။

“Jack and Jill went up the hill

To fetch a pail of water Jack fell down and broke his crown,

And Jill came tumbling after.”

 

“ကိုအေးနဲ့ မခွေး

ရေခပ်ဖို့ တောင်ပေါ်ပြေး။

ကိုအေးလဲရာ ခေါင်းကွဲရှာ

နောက်မှာမခွေး ဒလိမ့်ခေါက်ကွေး။”

 

ဆရာကြီးဒေါက်တာမောင်ဖြူး၏ မြန်မာဆန်ဆန် ဘာသာပြန် ကလေးကဗျာများကိုလည်း ကလေးတို့က နှစ်သက်သဘောကျ မြတ်နိုးကြပါသည်။ မှတ်သားနာယူ အပ်သော ကလေးကဗျာ ရေးဖွဲ့နည်းအသစ်လည်း ဖြစ်ပါသည်။ ကျွန်တော်၏ “ငယ်ပေါင်းကြီးဖော်များ” စာရင်းထဲတွင် အစဉ်အဆက် မြန်မာကလေးကဗျာများ၊ ဆရာကြီးမင်းသုဝဏ်၏ “သပြေသီးကောက်”၊ “၀င်္ကပါ”၊ ဆရာကြီးဒေါက်တာမောင်ဖြူး၏ “ကိုအေးနဲ့ မခွေး”၊ “မောင်ရေခဲ”၊ “မရွှေဖဲ” တို့နှင့်အတူ ဆရာကြီး ဒဂုန် ဦးထွန်းမြင့်၏ “လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ” အစချီမင်္ဂလာကဗျာများ ထင်ကျန် လျက်ရှိပါသည်။

 

တစ်ဆက်တည်းမှာပင် ကလေးကဗျာနယ်ပယ် အဝန်းအဝိုင်းကို ရောင်စုံပန်းဥယျာဉ်ကြီးကဲ့သို့ မြင်ယောင်နေမိပါသည်။ ရောင်စုံပန်းဥယျာဉ်ကြီးထဲတွင် ပန်းအမျိုးအမည် တစ်ခုတည်းမဟုတ်ဘဲ ပန်းအမျိုးအမည် စုံလင်လှသကဲ့သို့ ကလေးကဗျာ ဥယျာဉ်ကြီးထဲတွင် ကလေးကဗျာ အမျိုးအမည်တစ်ခုတည်း မဟုတ်ဘဲ ကလေးကဗျာ အမျိုးအမည် စုံလင်လှပါသည်။ ရောင်စုံပန်း ဥယျာဉ်ခြံကြီးထဲတွင် မြတ်လေး၊ စံပယ်၊ ဒေါနု၊ နှင်းဆီ စသည်ဖြင့် ပန်းအမျိုးအမည် စုံလင်နေသကဲ့သို့ ကလေးကဗျာ ဥယျာဉ်ကြီးထဲတွင်လည်း သံပေါက်၊ လင်္ကာ၊ ရှစ်လုံးဘွဲ့၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ အချိုးတွဲ စသည်ဖြင့် ကဗျာအမျိုးအမည် စုံလင်နေပါသည်။ ။

 

သံပေါက်၊ လင်္ကာ၊ ရှစ်လုံးဘွဲ့၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ အချိုးတွဲ စသည်တို့သည် ကလေးကဗျာအုပ်စု၊ ကလေးကဗျာ စာရင်းထဲတွင် ပါဝင်နေသော်ငြား သံပေါက်၊ လင်္ကာ၊ ရှစ်လုံးဘွဲ့၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ အချိုးတွဲ စသည်တို့ဖြင့် ရေးဖွဲ့သည့် ကဗျာအားလုံးတို့သည် ကလေးကဗျာများချည်း မဟုတ်ကြချေ။ ကလေးများနှင့် ကျွမ်းဝင်သော အကြောင်းအရာ၊ နားစွဲသောအသံ၊ နားလည်လွယ်သော စကားလုံးများဖြင့် ရေးဖွဲ့သီကုံးသော သံပေါက်၊ လင်္ကာ၊ ရှစ်လုံးဘွဲ့၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ အချိုးတွဲ စသည်တို့သာလျှင် ကလေး ကဗျာများ ဖြစ်ပါသည်။ ကလေးကဗျာကို မည်သည့် စပ်ထုံးစပ်နည်းဖြင့် ရေးသည်ဖြစ်စေ ကလေးတို့၏ လိုအင်ကို ဖြည့်ဆည်းပေးနိုင်မှသာလျှင် ကလေးတို့က စွဲစွဲလမ်းလမ်း၊ တမ်းတမ်းတတ၊ နှစ်နှစ်ကာကာ၊ မြတ်မြတ်နိုးနိုး၊ ခုံခုံမင်မင်ရှိချေမည်။ ထိုသို့သော ကလေးကဗျာများသည်သာလျှင် ကလေးတို့၏ “ငယ်ပေါင်းကြီးဖော်များ” ဖြစ်နေလတ္တံ့။ ။