နိုင်ငံ့အနာဂတ်အတွက် အရင်းအနှီး

နေပြည်တော် ၁၁ သြဂုတ်

 

 

မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးအပါအဝင် ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို လူငယ်များ၏ အတွေးအမြင်ကောင်းများ၊ အရည်အသွေးကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် “လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်(မန္တလေး)”ကို ယနေ့မှစ၍ သုံးရက်တိုင်တိုင် (ဩဂုတ်လ ၁၁၊ ၁၂၊ ၁၃ ရက်တို့တွင်) ကျင်းပသွားတော့မည်ဖြစ်သည်။

 

ပထမအကြိမ် လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်ကို ယမန်နှစ် ဒီဇင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တက္ကသိုလ်၌ ကျင်းပခဲ့ရာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တက္ကသိုလ်မျိုးဆက်ဟောင်းများ၊ ဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များ ပါဝင်ဆင်နွှဲခဲ့ကြပြီး လူငယ် စကားဝိုင်းများ၊ အနုပညာလှုပ်ရှားမှုများ၊ အားကစားလှုပ်ရှားမှုများဖြင့်ရန်ကုန်တက္ကသိုလ်ပရိဝုဏ်အတွင်း စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သည်။ ယခုလည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သည့် မ္တလေးတွင် ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်ကို စာပေဆိုင်ရာလှုပ်ရှားမှု၊အနုပညာဆိုင်ရာလှုပ်ရှားမှု၊ အားကစားဆိုင်ရာလှုပ်ရှားမှု၊ အိုင်တီနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လှုပ်ရှားမှုများ၊စာအုပ်ဈေးရောင်းပွဲတော်၊ လူငယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ဆွေးနွေးပွဲများ၊ ဖျော်ဖြေမှုများ စသည့်အစီအစဉ်များနှင့် ကဏ္ဍအလိုက် ကျင်းပသွားမည်ဖြစ်ကြောင်းကို မီဒီယာများမှတစ်ဆင့် သိရှိထားကြပြီးဖြစ်သည့်အလျောက် စိတ်ဝင်စားမှုများလည်း မြင့်မားလျက်ရှိကြောင်း သိရသည်။

 

လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ခြင်း၊ အားပေးမြှင့်တင်ခြင်းတို့သည် နိုင်ငံ၏  အနာဂတ်လူ့ဘောင်အတွက် အရည်အသွေးမြင့်မားသော လှူစွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေး အလို့ငှာရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းပင် ဖြစ်သည့်အလျောက် ကမ္ဘာ့နိုင်ငံတိုင်းတွင်လည်း လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ပြုလုပ်ကြရစမြဲပင်ဖြစ်သည်။ မိမိတို့ မြန်မာ့လှူအဖွဲ့အစည်းကို လွတ်လပ်မှု (Freedom)၊ ဖွံ့ ဖြိုးတိုးတက်မှု (Development)နှင့် ကြွယ်ဝချမ်းသာမှု (Prosperity) ဆိုသည့် အခြေခံတန်ဖိုးများဖြင့် တည်ဆောက်လျက်ရှိသည်။ အနာဂတ်တွင် ပွင့်လင်းလွတ်လပ်သော၊ ဖွံ့ ဖြိုးတိုးတက်သော၊ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်းကို တည်ဆောက်မည့်သူများမှာ ယနေ့လူငယ်များပင်ဖြစ်သည့်အလျောက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန် မြင့်မားသော လူငယ်များဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်သာ ဖြစ်သည်။

 

ဗီဇသဘောအရ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးဖြစ်စေ၊ လူဖြူလူမည်း လူညို လူဝါစသည်တို့ မွေးလာခါစတွင် ဘာမှမကွာ။ လှူအဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်တို့၏ လွှမ်းမိုးမှု၊ သွန်သင်မှု၊ ပြုစုပျိုးထောင်မှု တို့အပေါ်မူတည်၍သာ အရွယ်ရောက်သည်နှင့်အမျှ တစ်စစ ကွာခြားသွားတတ်ကြသည်ဟု သုတေသီတို့က ဆိုကြသည်။

 

ယနေ့လူငယ်များ ဘက်စုံအရည်အသွေးမြင့်မားရေးသည် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်အလျောက် အတွေးအမြင်ကောင်းသော၊အရည်အသွေးမြင့်မားသော လူငယ်များ ပေါ်ပေါက်လာရေး ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်ကြီးကို ကြိုဆိုအပ်ပါကြောင်း။ ။

 

မြန်မာ့အလင်း