နိုင်ငံ၏ အနာဂတ် စက်သုံးဆီသုံးစွဲမှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာတော့မည့် ဇီဝအီသနောလောင်စာစက်သုံးဆီ

နဒီမင်း၊ ဓာတ်ပုံ -KSW

အနာဂတ်ကာလတွင် ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် စွမ်းအင်လိုအပ်ချက်၊ လောင်စာဆီရှားပါးလာမှုပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် တွင်းထွက်သယံဇာတ ထုတ်ယူသုံးစွဲမှုကို လျော့နည်းစေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) များဖြင့် အစားထိုးသုံးစွဲနိုင်မည့် နည်းလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီးက တီထွင်အသုံးပြုလာကြသည်။

လက်ရှိသုံးစွဲလျက်ရှိသော စက်သုံးလောင်စာဆီများသည် ဟိုက်ဒရိုကာဗွန် အခြေခံရုပ်ကြွင်း လောင်စာဖြစ်သည့် ရေနံစိမ်းမှချက်လုပ်ထားသည်ဖြစ်ရာ ယင်းရေနံစိမ်းသည် အချိန်တစ်ခုသို့ရောက်လျှင် ကုန်ခန်းသွားနိုင်ခြင်း၊ ဈေးနှုန်း မြင့်တက်နိုင်ခြင်းတို့ကြောင့် ရေရှည်အသုံးပြုနိုင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကအဟန့်အတားဖြစ်စေနိုင်ပြီး ၎င်းတို့မှထွက်ရှိသော အညစ်အကြေး၊ ဘေးထွက်ပစ္စည်းများကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်ပျက်စီးစေလျက်ရှိသည်။

ဟိုက်ဒရိုကာဗွန် အခြေခံရုပ်ကြွင်းလောင်စာ ရေနံစိမ်းအပေါ် မှီခိုအားထားမှုလျှော့ချနိုင်ရေးနှင့် တိုင်းပြည်နိုင်ငံခြားငွေယိုစီးမှု လျှော့ချနိုင်ရေးတို့ အတွက် ကမ္ဘာ့နိုင်ငံအချို့သည် ဇီဝလောင်စာ (Biofuels) ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ်၊ အနာဂတ်စွမ်းအင်၏ အဓိကအခန်းကဏ္ဍအဖြစ် ရှုမြင်လာကြသည်။

သို့အတွက် နိုင်ငံတကာတွင် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် ဇီဝလောင်စာ (Biofuels) တစ်မျိုးဖြစ်သည့် ဇီဝအီသနောကို Gasohol အမည်ဖြင့် စက်သုံး ဆီအစားထိုးအသုံးပြုလာကြသည်။

ယေဘုယျအားဖြင့် Gasohol ကို E 5, E 10, E 15, E 25 အစရှိသည်မှ E 85 အထိ အမျိုးမျိုးရောစပ် သတ်မှတ်ကြသည်။ ဥပမာ E 5 အဓိပ္ပာယ်မှာ အများ ဆုံး Ethanol ငါးရာခိုင်နှုန်း၊ အနည်းဆုံး ဓာတ်ဆီ ၉၅ ရာခိုင်နှုန်းကို သတ်မှတ်ထားခြင်းဖြစ်သည်။ 

Gasohol အသုံးပြုရာတွင် အများအားဖြင့် ဥရောပနိုင်ငံများ၌ E 5 ကိုလည်းကောင်း၊ အမေရိကန်နှင့် နိုင်ငံတော်တော်များများ၌ E 10 ကို လည်းကောင်း၊ E 85 နှင့် အထက်ကိုလည်းကောင်း သုံးစွဲနေကြပြီဖြစ်သည်။ 

ဇီဝလောင်စာဆီများ အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လာ

ဥရောပနိုင်ငံများတွင်သာမက အာဆီယံနိုင်ငံများတွင်လည်း အာဆီယံဒေသအတွင်း ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲမှုအနေဖြင့် စွမ်းအင်အမျိုးအစားများ ပေါင်းစည်းသုံးစွဲမှုတွင် ၂၀၂၅ ခုနှစ်၌ ၂၃ ရာခိုင်နှုန်း သို့လည်းကောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ၂၀၃၅ ခုနှစ်၌ ၃၅ ရာခိုင်နှုန်းသို့လည်းကောင်း ဇီဝလောင်စာစက်သုံးဆီများ ထုတ်ယူသုံးစွဲမှုကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုများကို ၂၀၂၅ ခုနှစ်တွင် ၁၄ ဒသမ ၁ ရာခိုင် နှုန်း၊ ၂၀၅၀ ပြည့်နှစ်တွင် ၅၃ ဒသမ ၇ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ဇီဝ လောင်စာစက်သုံးဆီများသည် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များအဖြစ် ပိုမိုအရေးပါသည့်အခန်း ကဏ္ဍမှပါဝင်လာသည်။ 

အာဆီယံနိုင်ငံများအတွင်း အထူးသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသည် အာရှနိုင်ငံများအနက် ပထမဆုံး Biodiesel နှင့် Bioethanol သုံးစွဲရန် နိုင်ငံ၏အနာဂတ် စွမ်းအင်လမ်းပြမြေပုံဖော်ဆောင်၍ နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

ထိုင်းအစိုးရက မော်တော်ယာဉ်အများစု အတွက် ULG 91 ဆီအစား အီသနောနှင့် ဓာတ်ဆီ အချိုးအစားရောနှောပါဝင်သည့် ဇီဝလောင်စာစက်သုံးဆီ (Gasohol) ရောင်းချစေခြင်း၊ ပြည်သူများ ဘက်ကလည်း ဇီဝလောင်စာစက်သုံးဆီ (Gasohol) ကို လိုလိုလားလားလက်ခံသုံးစွဲလာခြင်း စသည်တို့ကြောင့် ထိုင်းနိုင်ငံတွင် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပြည်ပမှတင်သွင်းရသည့် ULG 91 ဆီများ ရောင်းချရမှုမှာ သိသိသာသာကျဆင်းလာသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံသည် ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေး ဦးတည်ကြိုးပမ်းနေသည့် နိုင်ငံတစ်နိုင်ငံ

မြန်မာနိုင်ငံသည်လည်း Nationally Determined Contributions (NDCs) အစီရင်ခံစာအရ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စပ်လျဉ်း ၍ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဦးတည်ကြိုးပမ်းနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

သို့ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် “ဇီဝလောင်စာ စက်သုံးဆီထုတ်လုပ်သုံးစွဲမှုကို တိုးမြှင့်ဆောင်ရွက် သွားရန်” ဟူသည့် အာဆီယံ၏ရည်မှန်းချက်များကို အထောက်အကူဖြစ်စေရန် စက်သုံးဆီများတွင် အီသနောရောစပ်၍ ဇီဝအီသနောလောင်စာစက်သုံး ဆီအဖြစ် စနစ်တကျတိုးမြှင့်ထုတ်လုပ်သုံးစွဲသွား နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇီဝအီသနော(Bioethanol) ကို နိုင်ငံအသီးသီးတွင် ပြောင်းဖူး၊ ကြံ၊ ပီလောပီနံနှင့် သကြားချက်ရာမှ ထွက်ရှိသော သကာရည်များမှ အဓိကထုတ်လုပ်ကြ သည်ကို တွေ့ရှိရပြီး ဘရာဇီးနိုင်ငံတွင် ဘိုင်အိုအီသနောကို ကြံမှလည်းကောင်း၊ အမေရိကန်နိုင်ငံ တွင် ပြောင်းဖူးမှလည်းကောင်း ထုတ်ယူကြောင်း လေ့လာသိရှိရသည်။

ဇီဝလောင်စာများ ပြည်တွင်း၌ ကျယ်ပြန့်စွာ ထုတ်ယူနိုင်ကြောင်းတွေ့ရှိ

ပြည်ပမှတင်သွင်းသည့် ရေနံထွက်ပစ္စည်းများအပေါ် မှီခိုနေရသည့် မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် ပြန်ပြည့်မြဲစွမ်းအင် များဖြစ်သည့် လေ၊ နေ၊ ရေအား၊ ဘူမိအပူနှင့် ဇီဝ စွမ်းအင်များထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်ရာ တွင် လယ်ယာထွက် သီးနှံနှင့် ဘေးထွက်ပစ္စည်းများ၊ အခြားဇီဝအရင်းအမြစ်များမှနေ၍ ဇီဝလောင်စာ စက်သုံးဆီများကို ပြည်တွင်း၌ ကျယ်ပြန့်စွာထုတ်ယူ နိုင်ကြောင်းတွေ့ရှိရသည်။ 

ထိုသို့ဆောင်ရွက်ရန် ပြည်တွင်း၌ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံများ လုံလောက်စွာရရှိရန်လည်း လိုအပ်သည်။ သို့မှသာ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသော ရေမဲ့အီသနော (Anhydrous Ethanol) များ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းလာသည့် ဓာတ်ဆီများနှင့် ရောနှောအသုံးပြု၍ စက်သုံးဆီအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်သည်။ 

ထို့ပြင် အီသနောထုတ်လုပ်ရန်အတွက် အဓိကဖြစ်သည့် ပြောင်းနှင့် ကြံသီးနှံများကိုသာမက ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည့် အခြားအစားထိုး သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးရန်လိုအပ်သည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် မြန်မာနိုင်ငံအတွင်း အီသနောဇီဝလောင်စာထုတ်လုပ်ရန် လိုအပ်သည့် စက်မှုကုန်ကြမ်းသီးနှံများ ပြတ်လပ်မှုမရှိဘဲ စဉ်ဆက်မပြတ် ရရှိနိုင်မည်ဖြစ်သည့်အပြင် စိုက်ပျိုး ရေးကဏ္ဍတွင်လည်း နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ နှင့် စက်မှုကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဝင်ငွေများ တိုးပွားလာခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများလည်း တိုးတက်မြင့်မားလာစေမည်ဖြစ်သည်။

ပြည်တွင်း၌ ပုဂ္ဂလိကအခန်းကဏ္ဍမှ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပြောင်းသီးနှံစက်မှုကုန်ကြမ်းမှ အီသနောတန်ချိန် ၂၀၀၀၀ နှင့် တင်လဲရည်မှ အီသနောတန်ချိန် ၅၀၀၀၀ စုစုပေါင်း တစ်နှစ်လျှင် အီသနောတန်ချိန် ၇၀၀၀၀ (လစဉ် ဂါလန် ၂ ဒသမ ၁ သန်း) ထုတ်လုပ်ပေးနိုင်မည့် စက်ရုံများ တည်ဆောက်လျက်ရှိရာ အဆိုပါစက်ရုံများပြီးစီးပါက ယင်းစက်ရုံများမှ ထွက်ရှိလာသောအီသနောများကို ပြည်ပမှတင်သွင်း လာသည့် စက်သုံးဆီများနှင့်ရောစပ်ကာ ဇီဝလောင်စာစက်သုံးဆီအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုတွင် ပြည်ပစက်သုံးဆီလျှော့ချသုံးစွဲနိုင်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် Gasohol (E 10) ကို တွင်ကျယ် စွာအသုံးပြုနိုင်ပါက နိုင်ငံတော်၏ စွမ်းအင်ဖူလုံရေး (Energy Security) အထောက်အကူဖြစ်စေခြင်း၊ ဇီဝလောင်စာစက်သုံးဆီ အစားထိုးသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်စေခြင်း၊ နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာစေခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုလျှော့ချ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ 

 သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ကာလတွင် ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် စွမ်းအင်လိုအပ်ချက်၊ လောင်စာဆီရှားပါးလာမှု ပြဿနာများကို နိုင်ငံတကာနည်းတူ ရင်ဆိုင်ကျော်လွှားနိုင်ပြီး စွမ်းအင်ဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့တွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည့် “နိုင်ငံတွင်း ဇီဝလောင်စာစက်သုံးဆီရောစပ် ထုတ်လုပ်ဖြန့်ဖြူး ခြင်းနှင့် အနာဂတ်စက်သုံးဆီသုံးစွဲမှုတွင် အီသနော ရောစပ်၍ ဇီဝလောင်စာစက်သုံးဆီ ထုတ်လုပ်အသုံးပြုနိုင်ရေး” ကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်ကြီးများ၊ လုပ်ငန်းဆောင်ရွက်သူများ၊ အများပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။         ။