နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားမှ ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်ကွင်းများနှင့် ဆက်စပ်တွေးမိသော အတွေးစများ …

ကိုဌေး (ကနောင်)

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါး

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်ဟု မြန်မာလူမျိုးတို့က ခံယူထားကြသည်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည့် အခမ်းအနားများကို မြင်တွေ့ရတိုင်း စာရေးသူအနေဖြင့် မြန်မာလူမျိုးတစ်ဦးပီပီ ဂုဏ်ပြုသူရော ဂုဏ်ပြုခံရသူများပါ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ထပ်လောင်းပြည့်စုံကြပါစေဟု ဂုဏ်ယူဝမ်းမြောက်စွာ သာဓုခေါ်မိသည်။ ဝမ်းသာပီတိလည်း ဖြစ်ရပါသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်ညက ထုတ်လွှင့်သည့်သတင်းအား ကြည့်ရှုနေစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပ ခဲ့သော (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအား ဂုဏ်ပြု ချီးမြှင့်သည့်အခမ်းအနားကို တွေ့မြင်ခဲ့ရပြီး ဇွန် ၂ ရက်နေ့ထုတ်ဝေသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာတို့တွင်လည်း ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားနှင့်ပတ်သက်သည့် သတင်းများကို ခမ်းနားပြည့်စုံစွာ  ဖတ်ရှုခဲ့ရသဖြင့်  နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံတော်အကြီးအကဲအား လည်းကောင်း၊ နိုင်ငံ့ဂုဏ်ကို အားကစားအောင်မြင်မှုဖြင့် မြှင့်တင်ကြိုးပမ်းခဲ့ကြသည့် အားကစား မောင်မယ်များ အားလုံးကိုလည်းကောင်း၊ ပြိုင်ပွဲကြီးတွင် အောင်မြင်မှုရရှိရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများကို လည်းကောင်း လေးစားဂုဏ်ပြုမိပါသည်။ အခမ်းအနားကြီး တစ်ခုလုံးကို ခြုံကြည့်လျှင် ကျက်သရေအပေါင်းနှင့် ခညောင်းပြည့်စုံပြီး ဂုဏ်ပြုသူများနှင့် ဂုဏ်ပြုခံရသူများပါ ပြုံးပျော်နေကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်ကွင်းတစ်ခု အဖြစ် တွေ့ရှိခဲ့ရသဖြင့် အပျော်များပင် ကူးစက်ခဲ့ရသည်။

နိုင်ငံတော်အကြီးအကဲ ပြောကြားသည့် ဂုဏ်ပြုအမှာစကား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစား သမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး စုစု ပေါင်း ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ် ၆၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့ကြောင်း၊ ငွေတံဆိပ် ရရှိခဲ့ကြသည့် အားကစားနည်းများအနေဖြင့်လည်း ပြိုင်ပွဲများတွင် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ရွှေတံဆိပ် မရရှိခဲ့ကြသော်လည်း နိုင်ငံ အတွက် နောက်ဆုံးဗိုလ်လုပွဲအထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားခဲ့ကြတာ  တွေ့ရသည့်အတွက် များစွာ အားရကျေနပ်စရာကောင်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာအမျိုးသား/အမျိုးသမီး ဘောလုံးအသင်းများ အခြေအနေအား သုံးသပ်မှာကြား

နိုင်ငံတော်အကြီးအကဲက ဘောလုံးပြိုင်ပွဲ၌ မိမိတို့ အမျိုးသား/အမျိုးသမီးအသင်း နှစ်သင်းလုံးသည် အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြသည်မှာ ပြည်သူတစ်ရပ်လုံးအတွက် အားတက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊ မြန်မာ အမျိုးသမီးဘောလုံးအသင်းမှာ အုပ်စုအဆင့်၌ ပြိုင်ဘက်အသင်းကောင်းများဖြစ်သည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား စသည့်အသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိုဗိုလ်လုပွဲတွင် အာဆီယံ၌ အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိရှိ အနိုင်ရရှိကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနိုင်ခဲ့သည့်အတွက် အားကစား ဝါသနာရှင် မိဘပြည်သူများကို အတိုင်းအတာတစ်ခုအထိ ကျေနပ်မှုပေးစွမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

(၃၂)ကြိမ်မြောက် SEA GAMES ပြိုင်ပွဲ၏ ထူးခြားချက်များအား သုံးသပ်ပြောကြား

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့၏ ထူးခြားချက်အနေဖြင့် ၁၉၈၁ ခုနှစ်နောက်ပိုင်း အခြားအိမ်ရှင် နိုင်ငံများကို ဧည့်နိုင်ငံအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် SEA GAMES ပြိုင်ပွဲများ၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်အများဆုံးရယူပေးနိုင်ခဲ့သည့် ပြိုင်ပွဲ ဖြစ်သည်ကိုတွေ့ရကြောင်း၊ ယခုနှစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံက ပြိုင်ပွဲဝင်ကစားသမား ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် အင်အား ၈၀၀ ကျော်စီ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အင်အား ၇၀၀ ကျော်၊ မလေးရှားနိုင်ငံအနေနဲ့ အင်အား ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ နိုင်ငံတို့အနေဖြင့် အင်အား ၅၀၀ ကျော်စီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း မြန်မာနိုင်ငံအနေဖြင့် ၃၄၁ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း။

အလားတူ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်မှုအနေဖြင့်လည်း  အိမ်ရှင်နိုင်ငံက ထည့်သွင်းကျင်းပသည့် အားကစားနည်း ၃၆ နည်းတွင် အိမ်ရှင်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ နှစ်နိုင်ငံက အားကစားနည်းအားလုံး ရာနှုန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့ အနေဖြင့် အားကစားနည်း ၃၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်းသာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းကြောင့် အားကစားနည်း ပါဝင်ယှဉ်ပြိုင်မှု ရာခိုင်နှုန်းအနေဖြင့် ၅၂ ဒသမ ၇၈ ရာခိုင်နှုန်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အားကစားသမား ပါဝင်ယှဉ်ပြိုင် မှုအချိုးအစားကို တွက်ကြည့်လျှင်လည်း အာဆီယံ နိုင်ငံအားလုံးက  ပါဝင်ယှဉ်ပြိုင်သူအင်အား၏ ၅ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှစပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ မိမိနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူ အားကစားသမားဦးရေနှင့် ဆုတံဆိပ် ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၏ အောင်မြင်မှုရာခိုင်နှုန်းသည် (၂၇)ကြိမ်မြောက်ပြိုင်ပွဲတွင် ၂၈ ရာခိုင်နှုန်း၊ (၂၈)ကြိမ်မြောက်ပြိုင်ပွဲတွင် ၁၇ ဒသမ ၈ ရာခိုင်နှုန်း၊ (၂၉)ကြိမ်မြောက်ပြိုင်ပွဲတွင် ၉ ဒသမ ၆၈ ရာခိုင်နှုန်း၊ အကြိမ်(၃၀)မြောက် ပြိုင်ပွဲ တွင် ၇ ဒသမ ၆၆ ရာခိုင်နှုန်း၊ (၃၁)ကြိမ်မြောက် ပြိုင်ပွဲတွင် ၂၁ ဒသမ ၅၂ ရာခိုင်နှုန်းနှင့် ယခု(၃၂)ကြိမ် မြောက်ပြိုင်ပွဲတွင် ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းအထိ ရရှိခဲ့သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း အမြင့်မား ဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ပြိုင်ပွဲတွင် အားကစားသမားများအား ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်

နိုင်ငံတော်အကြီးအကဲက နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့ကြသူများ ဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများ အပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအား ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်

နိုင်ငံတော်က တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများအား ကျပ်သိန်း ၃၀၀၊ ငွေ တံဆိပ်ရရှိသူများအား ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ရရှိသူများအား ကျပ်သိန်း ၁၀၀ စီ၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသား တစ်ဦးလျှင် ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင်ကျပ် ၃၅ သိန်းစီကို လည်းကောင်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများ၊ အုပ်ချုပ်မှုအဖွဲ့များအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ကျပ်သိန်း ၅၀၊ ကြေးတံဆိပ် ကျပ်သိန်း ၃၀ စီဖြင့် စုစုပေါင်း ကျပ်သန်းပေါင်း သုံးသောင်း သုံးထောင်သုံးရာသုံးဆယ်တိတိကို ပေးအပ်ချီးမြှင့် ခဲ့သည့်အပြင် မိမိတို့နိုင်ငံ၏ အမျိုးသားအားကစား ဖြစ်သည့် ဘောလုံးအားကစားနည်းမှ အကြိုဗိုလ်လု ပွဲတက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံး အသင်းအား အမေရိကန်ဒေါ်လာ ၂၀၀၀၀ နှင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် အမျိုးသမီးဘောလုံး အသင်းအား အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကိုလည်း ထပ်ဆောင်းချီးမြှင့်ပေးအပ်ခဲ့သည်။

ထပ်လောင်းတိုက်တွန်း မှာကြားခြင်း

၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီယှဉ်ပြိုင် နိုင်မည့်  အားကစားနည်းအရေအတွက်ရော အားကစားသမားအရေအတွက်ပါ တိုးမြှင့်ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက်ပိုမိုအောင်မြင်မှုရရှိရေး ကြိုတင် ပြင်ဆင်စီမံဆောင်ရွက်သွားကြရန် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များကို ကြိုတင်အသိပေး မှာကြားသွားခဲ့သည့်အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း မြန်မာနိုင်ငံသား အားလုံးက လိုလားတောင့်တအားပေးနေသည့် ဘောလုံးပြိုင်ပွဲ ရွှေတံဆိပ်ဆုရရှိရေးကိုလည်း အမျိုးသားရေးအဖြစ် ဦးတည်ကြိုးပမ်းကြရန်  တိုက်တွန်းသွားခဲ့ပြီး အလားတူအရှိန်အဝါကြီးခဲ့သော အစဉ်အလာရှိခဲ့သည့်  ဘော်လီဘော၊  ပြေးခုန်ပစ်၊ အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် လည်း ရွှေတံဆိပ်များ လွှမ်းနိုင်အောင် ကြိုးပမ်းကြ ရန် အားကစားသမားများနှင့် အဖွဲ့ချုပ်များကိုပါ နိုင်ငံတော်အကြီးအကဲက တိုက်တွန်းမှာကြားသွားခဲ့သည်။

(၃၃)ကြိမ်မြောက်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည့် ထိုင်းနိုင်ငံသည် အာဆီယံနိုင်ငံများ အတွင်း အားကစားအဆင့်ထိပ်တန်း၌ ရပ်တည်နေသည့် နိုင်ငံဖြစ်သည့်အတွက် အားကစားနည်းအလိုက် လွယ်လင့်တကူ ရွှေတံဆိပ်ရရှိရန် မလွယ်ကူသဖြင့် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အဖွဲ့ချုပ်များအနေဖြင့် လက်တွေ့ကျသည့် စီမံချက်များ ကြိုတင် ပြင်ဆင်ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတစ်ကြိမ်ထက်တစ်ကြိမ် မိမိတို့၏ စွမ်းဆောင်ရည်များနှင့် စံချိန်စံညွှန်းများ  ပိုမိုတိုးတက်လာစေရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ကြိုတင်အသိပေးတိုက်တွန်းလိုပါသည်။

အောင်မြင်မှုရရှိခြင်း အကြောင်းရင်းများ

ယခုနှစ် SEA GAMES ပြိုင်ပွဲကြီး၌ ပြိုင်ပွဲတိုင်းတွင် ထိုက်ထိုက်တန်တန် အောင်မြင်မှုရရှိခဲ့ခြင်း သည် ပြိုင်ပွဲဝင်အားကစားမောင်မယ်များ၏ ကြိုးပမ်းအားထုတ်မှု၊ အားကစားဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ  တာဝန်ရှိသူများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများကြောင့်ဟု ပြော၍ ရသော်လည်း အဓိကအားဖြင့် နိုင်ငံတော်၏ ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၊ နိုင်ငံတော် အကြီးအကဲ၏ အားကစားဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များ အမြဲတစေချမှတ်ပေးနေခြင်းနှင့် အားပေး ဆောင်ရွက်မှုများကြောင့် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်ကိုလည်း မမေ့သင့်ကြောင်း သတိပြုစေ လိုပါသည်။

ခေတ်အဆက်ဆက်အားပေးဆောင်ရွက်မှု အမြင့်မားဆုံးလည်းဖြစ်ခဲ့

စာရေးသူ၏ အသက်(၆၁)နှစ်တာ ကာလအတွင်း အားကစားလောကနှင့် မကင်းကွာခဲ့သလို ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် မြန်မာ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်မှုများရှိခဲ့သည်ကို ဖတ်ရှုမှတ်သားဖူးခြင်း များရှိခဲ့သည့်အပြင် ကိုယ်တိုင်လည်း ၂၅ နှစ်နီးပါး အားကစားလောကနှင့် အနီးကပ်ထိစပ်သိရှိခဲ့ရသည် များလည်းရှိခဲ့ပါသည်။ သို့သော် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အားကစားတိုးတက်မြင့်မားရေးအတွက် အားပေးဆောင်ရွက်မှု အမြင့်မားဆုံး ဖြစ်ခဲ့ကြောင်းလည်း တွေ့မြင်သိရှိခဲ့ရပါသည်။

မြန်မာ့အားကစား ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရပ်ကွက်/ကျေးရွာပြိုင်ပွဲများမှသည် မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံအားကစားပြိုင်ပွဲများ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများ၊ ဗဟိုမှ ဦးစီးကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ၊ အခြေခံပညာကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲများ၊ တက္ကသိုလ်ကောလိပ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲများမှသည် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (ဥက္ကဋ္ဌဖလား) အားကစားပြိုင်ပွဲများအထိ အားကစား ပြိုင်ပွဲမျိုးစုံအား စဉ်ဆက်မပြတ်ကျင်းပပေးခဲ့ရာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်  တက်ရောက် ကြည့်ရှုအားပေးပြီး ထိုက်တန်သည့်ဆုကြေးများ ချီးမြှင့်ပေးအပ်ကာ စိတ်ဓာတ်မြှင့်တင်ပေးခဲ့သည်။

ပြည်နယ်/တိုင်းဒေသကြီးများတွင် လိုအပ်လျက်ရှိသည့် အားကစားကွင်း/ အားကစားရုံများ၊ ရေကူးကန်များနှင့် မီတာ ၄၀၀ပါ ပြေးလမ်းများနှင့် ပွဲကြည့် စင်များအားပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ အသစ် တိုးမြှင့်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် အားကစား ဥယျာဉ်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။

မည်သည့်ခေတ်ကာလမှ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများ ဘဝနောင်ရေး အဆင်ပြေစေရေးအတွက်လည်း နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကဲ့သို့  အားကစားအောင်မြင်မှုအလိုက် အသက် ၆၀ ပြည့်မြောက်သည့် အချိန်မှစတင်ကာ သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ချီးမြှင့် ထောက်ပံ့ငွေများ  ချီးမြှင့်ပေးလျက်ရှိသည်။ ထိုကဲ့သို့ နိုင်ငံတော်မှလစဉ် ချီးမြှင့်ထောက်ပံ့ငွေ အသေးစိတ်အားဖော်ပြရလျှင် အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပါက လစဉ်ချီးမြှင့်ငွေကျပ် နှစ်သိန်း၊ ငွေတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပါက လစဉ်ချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်း၊ ကြေးတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပါက လစဉ်ချီးမြှင့်ငွေတစ်သိန်း ချီးမြှင့်ပေးအပ်လျက်ရှိပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၀ ခုနှင့်အထက် ရရှိခဲ့သူဖြစ်ပါက လစဉ် ချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်း၊ ရွှေတံဆိပ် ငါးခုမှ ကိုးခုအထိ ရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေ တစ်သိန်း၊ ရွှေတံဆိပ်တစ်ခုမှ လေးခုအထိရရှိခဲ့သူ ဖြစ်ပါက လစဉ်ချီးမြှင့်ငွေ ခုနစ်သောင်း၊ ငွေတံဆိပ် တစ်ခုရရှိခဲ့သူဖြစ်ပါက လစဉ်ချီးမြှင့်ငွေ ငါးသောင်း၊ ကြေးတံဆိပ် တစ်ခုရရှိခဲ့သူဖြစ်ပါက  လစဉ် ချီးမြှင့်ငွေ သုံးသောင်းအား ပေးအပ်ချီးမြှင့်လျက်ရှိပါသည်။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများအား ၎င်းတို့၏စွမ်းဆောင်ရည်အလိုက် လူမှုထူးချွန် (ပထမ၊ ဒုတိယ၊ တတိယ)အဆင့်များ ပေးအပ်ချီးမြှင့် သည်သာမက ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်များအထိ တိုးမြှင့်ပေးအပ်ချီးမြှင့်လျက်ရှိရာတွင် ၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် အာရှအားကစား ပြိုင်ပွဲ၌ ဆုတံဆိပ်ရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၁၂ ဦးနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ငါးခုအထက် ရရှိခဲ့ကြသူ အားကစားသမားများအနက်မှ ၂၄ ဦး စုစုပေါင်း ၃၆ ဦးကို “လူမှုထူးချွန် ပထမအဆင့်” ဆုတံဆိပ်များကို လည်းကောင်း၊  ၂၀၂၃  ခုနှစ်  (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမားများအနက် ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ “လူမှုထူးချွန်ပထမအဆင့်” ဆုတံဆိပ် ၃၆ ဦး၊ “လူမှုထူးချွန်ဒုတိယအဆင့်” ဆုတံဆိပ် ၃၉ ဦးနှင့် “လူမှုထူးချွန်တတိယအဆင့်” ဆုတံဆိပ် ၆၉ ဦးတို့အား လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် အားကစား သမားဟောင်းကြီးများ၏အရေးကိုလည်း ပစ်ပယ်မထားဘဲ အလေးထားဆောင်ရွက်ပေးနေသလို လက်ရှိပြိုင်ပွဲဝင်အားကစားမောင်မယ်များ၏ အရေးကိုလည်း ချန်လှပ်မထားဘဲ အောင်မြင်မှုဆုတံဆိပ်များ ရရှိမှုအပေါ်မူတည်၍ ထိုက်တန်သည့် ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်မှာ များစွာ အားရကျေနပ်ဖွယ်ကောင်းလှပါသည်။ ဤသည်မှာ အားကစားအောင်မြင်မှုသည် နိုင်ငံတော်မှ အားပေးမှုနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်ကို သက်သေ ပြလျက်ရှိနေခြင်းပင် ဖြစ်ပါသည်။

ဂုဏ်ပြုချီးမြှင့်ငွေများ ဘဝနောင်ရေး အကျိုးရှိစွာအသုံးပြုစေလို
၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၇၀ ပြည့်လွန်နှစ် များဖြစ်သည့် ရွှေခေတ်ကာလတွင် အောင်မြင်မှု ရရှိခဲ့သည့် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့၊ သေနတ်ပစ်၊ ရေကူးအားကစားနည်းများမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ဟောင်းကြီးများစွာရှိသည့်အနက်  အချို့အား ကောက်နုတ်ဖော်ပြရလျှင် ဘောလုံးအားကစားနည်းမှ အာရှလက်ရွေးစင်များအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဗိုလ်မှူးဗဟာဒူး၊ ဗိုလ်ကြီးတင်အောင်(ဂိုး)၊ ဗိုလ်ကြီးမောင်မောင် (တပ်မတော်ရေ) တို့အပြင် ဦးအေးမောင်ကြီး၊  ဗိုလ်ကြီးအေးမောင်လေး၊ ဦးမျိုးဝင်းညွန့်၊ ဦးသန်းစိုး(ခ)ဆပ်သီး၊ ဦးဘပု၊ ဗိုလ်ကြီး တင်အေး၊ ဦးတင်ဟန်အစရှိသည့် ဘောလုံး အကျော်အမော်များ။

ပြေးခုန်ပစ်အားကစားနည်းမှ ကချင်တိုင်းရင်းသားကြီးများဖြစ်သည့် မြီတုံးနော်၊ ရှင်ဗွေဂမ်းနှင့် ဂျနီဖာတင်လေး၊ သန်းသန်း၊ ခင်ခင်ထွေး၊ ဂျင်မီ ကရင်တမ်၊ မာမာမင်း၊ ဦးသန့်ဇင်၊ ဗိုလ်ကြီးကိုကို၊ ဦးခင်စိုး၊ ဦးမောင်လှ၊ ဒေါ်နုနုရီ၊ ဒေါ်အေးရွှေ တို့ကဲ့သို့ ပြေးခုန်ပစ်အကျော်အမော်များ။

အလေးမအားကစားနည်းမှ ကမ္ဘာ့လူသန်ကြီး များအဖြစ် တင်စားခံခဲ့ရသည့် ဗိုလ်ကြီးထွန်းမောင်၊ ဗိုလ်ကြီးစန်းမြင့်နှင့်   ဗိုလ်ကြီးကျော်သက်၊ ဦးအေးဝင်း၊ ဦးထိန်ဝင်း စသည့်မြန်မာ့လူသန်ကြီးများ၊ ကျွမ်းဘားအားကစားနည်းမှ ဦးမြင့်အောင်၊ ဂျူဒိုအားကစားနည်းမှ ဒေါ်ခင်မူမူ၊  သေနတ်ပစ် အားကစားနည်းမှ ဗိုလ်မှူးကျော်ရှိန်၊  ရေကူး အားကစားနည်းမှ ဦးတင်မောင်နီနှင့် ဦးနန္ဒကျော်စွာ တို့ကဲ့သို့ အားကစားနည်းအလိုက် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အကျော်အမော်များ များစွာပေါ်ထွက်ခဲ့သည်။

လက်ရွေးစင် အားကစားသမားဟောင်းအချို့၏ ပြောကြားချက်အရ ၎င်းတို့ခေတ်ကာလတွင် အောင်မြင်မှုရရှိလာသည့် အချိန်တိုင်း လက်ဖက်ရည်ဝိုင်းဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံပြီး ဘောပင်တစ်ချောင်း၊ ရေဒီယိုတစ်လုံး၊ စက်ဘီးတစ်စီး၊ နာရီ တစ်လုံး စသည်ဖြင့်သာ ဂုဏ်ပြုခံခဲ့ကြရကြောင်း သိရှိခဲ့ရပြီး ၎င်းတို့အနေဖြင့် နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ပေးသည်ကို များစွာဂုဏ်ယူဝမ်းမြောက်ခဲ့ရကြောင်းနှင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရေးအတွက်သာ အားကစားချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖြင့် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြသည်များကို လက်ရှိနိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ အားကျအတုယူ နားလည်သင့်ပါသည်။

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား လက်ရှိနိုင်ငံတော်က အားကစားသမားများ၏ဘဝ နောင်ရေးအတွက်ပါရည်ရွယ်သော ချီးမြှင့်ဂုဏ်ပြုငွေ များသည် အားကစားသမားတစ်ဦးချင်းစီအတွက် ထိုက်တန်သည့် ငွေကြေးများဖြစ်၍ အကျိုးရှိရှိ အသုံးပြုသွားရန် တိုက်တွန်းလိုပါသည်။ ရရှိခဲ့သည့် ဆုကြေးငွေများအား လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘဝနောင်ရေး အဆင်ပြေစေမည့် ကိစ္စရပ် များအတွက်သာ စည်းကမ်းစနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားကြရန်လည်း လိုအပ်သည်။ နိုင်ငံတော်မှ အားကစားသမားများ၏ အောင်မြင်မှုအပေါ် ဂုဏ်ပြုချီးမြှင့်ခြင်းသည် အားကစားသမားများအတွက် ဂုဏ်ယူစရာဖြစ်သလို  တန်ဖိုးထားစရာလည်း ဖြစ်သည့်အတွက် ဘဝအာမခံချက်ရှိနိုင်မည့် ကိစ္စရပ်များတွင်သာ  အကျိုးရှိရှိသုံးစွဲသွားစေရေးနှင့် ဖြုန်းတီးမှုမဖြစ်စေရေးအတွက်လည်း စေတနာမွန်ဖြင့် အကြံပြုလိုပါသည်။

အားကစားတိုးတက်ရေးအတွက် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ များစွာရှိသည့်အနက် တစ်နိုင်ငံလုံးရှိ ရပ်ကွက်/ကျေးရွာအဆင့်မှသည် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီး အဆင့်နှင့် ဗဟိုရှိ အားကစားကွင်း/အားကစားရုံများ၊ ရေကူးကန်များ၊ မီတာ ၄၀၀ ပြေးလမ်းများအပါအဝင် ကောင်းမွန်ပြည့်စုံစေရေး၊ အားကစားအထောက်အကူပြုပစ္စည်းများ အဆင့်မီ ပြည့်စုံမှုရှိစေရေး၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲ နေသည့် အားကစားနည်းအလိုက် နည်းစနစ်၊ နည်းဗျူဟာများနှင့်အညီ လိုက်ပါလေ့ကျင့်နိုင်ရေး အတွက် အားကစားနည်းအလိုက်နှင့် အားကစား နယ်ပယ်အလိုက်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးရေး၊ အားကစားပြိုင်ပွဲတိုင်းတွင် ခြိမ့်ခြိမ့်သဲအားပေးသည့် ပရိသတ်များရှိစေရေး အတွက်လည်း ပြိုင်ဆိုင်မှုပြင်းထန်သည့်ပြိုင်ပွဲများ ဖြစ်ပေါ်အောင် အားကစားဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ကြီးကြပ်ဆောင်ရွက်ရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးအတွက် အားကစားပြိုင်ပွဲမျိုးစုံအား နယ်ပယ်ဒေသကဏ္ဍအစုံတွင် ကျင်းပနိုင်ရေးနှင့် အားကစားနည်းအလိုက် လူငယ်မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် အားကစားသိပ္ပံကျောင်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အမြဲသုံးသပ်ကြပ်မတ် ဆောင်ရွက်နေရန်လည်း လိုအပ်လှပေသည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

ယနေ့ကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင်  နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် အားကစားအဆင့်အတန်း ပြန်လည် တိုးတက်မြင့်မားလာစေရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးဖြည့်ဆည်းလမ်းညွှန် ဆောင်ရွက်ပေးနေသည့် အချိန်ကာလတွင် အားကစားဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မြန်မာ နိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၊ လက်ရှိ နိုင်ငံ့လက်ရွေးစင် အားကစားသမားများ၊ ဝန်ကြီးဌာနအသီးသီးနှင့် ပြည်နယ်/တိုင်းဒေသကြီးများရှိ အားကစားဆိုင်ရာ ကော်မတီများ၊ အားကစားဝါသနာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ တစ်နိုင်ငံလုံးရှိ အားကစား ကို စိတ်ပါဝင်စားသည့် မြို့မိမြို့ဖများ၊ မီဒီယာ လောကသားများအပါအဝင် ပြည်သူတစ်ရပ်လုံးမှ အားကစားလောက ရွှေခေတ်ပြန်လည်ရောက်ရှိ လာစေရေးဆိုသည့်  အမျိုးသားရေးတာဝန်ကို အားကစားချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖြင့် ဦးထမ်းပဲ့ထမ်းကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက  ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဟူ၍သာ  ဆန္ဒပြုတိုက်တွန်းရင်း နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်ခြင်းအခမ်းအနားမှ ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်ကွင်းများနှင့် ဆက်စပ်တွေးမိသော အတွေးစများအား ရေးသားတင်ပြလိုက်ရပါကြောင်း…။ ။