နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းကို ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင်လည်း လျှောက်ထားနိုင်

နေပြည်တော် ၉  သြဂုတ်

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၁၅ ခုနှစ်မှ စတင်

ရှေးဦးစွာ နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများ၌လည်း လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား ၅၆၈ ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လျှောက်ထားသူများအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် လုပ်ငန်းကော်မတီမှ စိစစ်တင်ပြလာသူများအား ဗဟိုကော်မတီအဖွဲ့ဝင်များက ထပ်မံစိစစ်အတည်ပြု ဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်းနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့အကဲဖြတ်စစ်ဆေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအတွင်းရေးမှူးကိုယ်စား လုပ်ငန်းတာဝန်ခံအရာရှိက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် လုပ်ငန်းဆောင်ရွက်မှု၊ အမှတ်ပေးစနစ်နှင့် လက်ရှိလျှောက်ထားမှု၊ နေထိုင်ခွင့် လက်မှတ် နှစ်စဉ်သက်တမ်းအတည်ပြု ဆောင်ရွက်မှု၊ ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးပါက လူတွေ့အစစ်ဆေးခံနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့် ခွင့်ပြုထားပြီးဖြစ်သည့် မြန်မာနိုင်ငံသားဟောင်း သုံးဦးက မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားလာမှုအပေါ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် ဗဟိုကော်မတီဝင်များက ဆွေးနွေးသုံးသပ်အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

ညှိနှိုင်းဆောင်ရွက်

ထို့နောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုနိုင်ရေးအတွက် လုပ်ငန်းကော်မတီမှ အတည်ပြုတင်ပြသည့် လျှောက်ထားသူ တစ်ဦးချင်းအား သုံးသပ်ချက်များဖြင့် ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ စတင်၍ ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစားလေးမျိုး ခွဲခြားသတ်မှတ်ကာ လျှောက်လွှာများ လက်ခံဆောင်ရွက်ခဲ့သည်။ စတင်ဆောင် ရွက်ချိန်မှ ၂၀၁၉ ခုနှစ် သြဂုတ် ၈ ရက် အထိ လျှောက်ထားသူ စုစုပေါင်း ၆၁၁ ဦးရှိပြီး ၅၆၈ ဦးအား အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စိစစ်အတည်ပြုယခုအစည်းအဝေးတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ခွင့်ပြုထားသူ မြန်မာနိုင်ငံသားဟောင်း သုံးဦးအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့် လျှောက်ထားမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ထပ်မံလျှောက်ထားသူများအနက် လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးသည့် ရင်းနှီးမြှုပ်နှံသူနိုင်ငံ ခြားသားတစ်ဦး၊ မြန်မာနိုင်ငံသား ဟောင်း ၁၁ ဦး၊ သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား ငါးဦး စုစုပေါင်း ၁၇ ဦး အား ဗဟိုကော်မတီမှ စိစစ်အတည်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်