နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မျက်မှောက်ကာလ၏ သမိုင်းပေးတာဝန်

ကိုယ့်မင်းကိုယ်ချင်းနှင့် နေထိုင်ခဲ့သောခေတ်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုစနစ်တို့နှင့် ကိုက်ညီခဲ့သည်။ ၎င်းပညာရေးစနစ်ဖြင့်ပင် မြန်မာများ စာပေတတ်မြောက်ကြပြီး ယဉ်ကျေးသိမ်မွေ့ခဲ့ကြသည်။ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ခဲ့ကြသလို ကိုယ်ကျင့်တရားလည်း မြင့်မားခဲ့ကြသည်။

 

ဗြိတိသျှနယ်ချဲ့တို့ မြန်မာနိုင်ငံကို သိမ်းပိုက်မှုများ ဖြစ်ပေါ်လာသည့်အခါ လော့ဒ်မက်ကောလေး (Lord Macaulay) ၏ ပညာရေးမူဝါဒအရ ၁၈၆၆ ခုနှစ်တွင် ကိုလိုနီပညာရေးစနစ်ကိုချမှတ်၍ ၎င်းတို့၏ နယ်ချဲ့အုပ်ချုပ်ရေးယန္တရားအတွင်း အဆင့်နိမ့်ဝန်ထမ်းများအဖြစ် ခိုင်းစေရန်မျှသာ ရည်ရွယ်ကာ မြန်မာတို့ကို ပညာသင်ကြားပေးခဲ့သည်။ ယင်း၏ အကျိုးဆက်အနေဖြင့် နယ်ချဲ့လက်အောက်သို့ စတင်သွတ်သွင်းခံရစဉ်က တစ်နိုင်ငံလုံးစာတတ်မြောက်နှုန်း ၈၅ ရာခိုင်နှုန်းခန့်အထိ မြင့်မားခဲ့သော မြန်မာနိုင်ငံသည် နောက်ဆယ်စုနှစ် အနည်းငယ်အတွင်း ၃၅ ရာခိုင်နှုန်းခန့်အထိရောက်အောင် ကျဆင်းသွားခဲ့ရသည်။ အနောက်တိုင်းယဉ်ကျေးမှုဓလေ့ထုံးစံများ၏ လွှမ်းမိုးမှုကြောင့် မျိုးချစ်စိတ်ဓာတ်တို့ ခေါင်းပါးလာခဲ့သည်။

 

ကျွန်ပညာရေးစနစ်အောက်တွင် အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေးအတွက် နှစ်ကာလရှည်လျားကြာမြင့်စွာ မြန်မာလူမျိုးတို့ တောင်းဆိုခဲ့ကြသည့် တက္ကသိုလ်ကျောင်းဖွင့်လှစ်နိုင်ရန် အင်္ဂလိပ်အစိုးရ၏ ဥပဒေကြမ်းသည် ၁၉၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ထွက်လာခဲ့သည်။ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း ၇၀ ခန့်၊ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက် ၃၅ နှစ်ခန့်ကြာပြီးမှ ထွက်ပေါ်လာခဲ့သော နယ်ချဲ့တို့၏ တက္ကသိုလ်ဥပဒေသည် မြန်မာတို့ကို အဆင့်မြင့် ပညာများတတ်မြောက်စေလိုသည့် စေတနာမပါ။ ဖိနှိပ်မှု၊ ခွဲခြားမှု၊ ကန့်သတ်မှုများစွာဖြင့် မြန်မာလူမျိုးများ တက္ကသိုလ်ပညာသင်ယူနိုင်ရန် အခွင့်အလမ်းမသာအောင်၊ ခက်ခဲကျပ်တည်းအောင် အပိတ်အဆို့၊ အတားအဆီးများစွာတို့ကို ထည့်သွင်းထားသည်။ နယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေသည် မြန်မာလူမျိုးတို့အဖို့ ကျေနပ်ဖွယ်မရှိ။

 

ယင်းတက္ကသိုလ်ဥပဒေအရ မြန်မာနိုင်ငံတွင် တက္ကသိုလ်တစ်ခုတည်းသာရှိရမည်။ ၎င်းတက္ကသိုလ်၏လက်အောက်ခံ ကောလိပ်ကျောင်းမှာလည်း တစ်ကျောင်းတည်းသာရှိရမည်။ တက္ကသိုလ်နှင့်ကောလိပ်တို့မှာလည်း ရန်ကုန်မြို့တွင်သာရှိရမည်။ ပညာသင်ယူမည့် ကျောင်းသားများ ကျောင်းအိပ်ကျောင်းစားဖြစ်ရမည် စသည့်အချက်အလက်များအပါအဝင် ဥပဒေပါ အကန့်အသတ်များအရ လူချမ်းသာသားသမီးများသာလျှင် ခက်ခက်ခဲခဲကြိုးပမ်းသင်ယူနိုင်မည့် အခြေအနေမျိုးဖြစ်ပြီး သာမန်လူတန်းစားတို့ သင်ယူနိုင်မည့် တက္ကသိုလ်မျိုးမဟုတ်။ သို့ဖြစ်၍ တစ်နိုင်ငံလုံးက ဝိုင်းဝန်းကန့်ကွက်ကြသည့်ကြားမှ ယင်းဥပဒေကို ပြဋ္ဌာန်းလိုက်ရာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် ပထမကျောင်းသားသပိတ်ကြီး စတင်ပေါ်ထွက်လာသည်။

 

ပထမကျောင်းသားသပိတ် (၁၉၂၀) သည် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ပြီးနောက် ပြင်းပြင်းထန်ထန်ဖိနှိပ်ထားမှု ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ မီးခဲပြာဖုံးဖြစ်နေခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်သည် တစ်နိုင်ငံလုံးတွင် တညီတညွတ်တည်း ပြန်လည်ပေါ်ထွက်လာသည်ကို တွေ့မြင်ရခြင်းဖြစ်ပြီး နယ်ချဲ့ဗြိတိသျှတို့ တုန်လှုပ်သွားစေခဲ့သည့် ပထမဆုံး ဆန့်ကျင် တွန်းလှန်မှုဖြစ်သည်။ ထို့အပြင် တစ်မျိုးသားလုံးကို ဝံသာနုရက္ခိတတရား၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်တို့ ထက်သန်နိုးကြားလာအောင် တပ်လှန့်နှိုးဆော်လိုက်ခြင်းလည်းဖြစ်ရာ ထာဝစဉ်မမေ့ကောင်းသောနေ့အဖြစ် နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်သည် အမျိုးသားအောင်ပွဲနေ့ဖြစ်လာခဲ့ရသည်။

 

မျက်မှောက်ကာလ မိမိတို့မျိုးဆက်များသည်လည်း ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်သာယာဝပြောရေးတို့ကို မိမိတို့ခေတ်၏ သမိုင်းပေးတာဝန်များအဖြစ်ခံယူကာ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်တို့ ထက်သန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရပါမည့်အကြောင်း။ ။

 

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)