‘နိုင်ငံကြီးသား’ရုပ်ရှင် ပြသမှုမှရရှိသည့် ငွေအချို့ ကို ဦးဝင်းတင် ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်

အားမာန် ရုပ်ရှင်ထုတ်လုပ်ရေး၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် နိုင်ငံကြီးသား ဇာတ်ကားကို ဇာတ်လမ်း ဈာန်သခင်၊ ဇာတ်ညွန်း မောင်မြတ်ဆွေ ရေးသားပြီး ဒါရိုက်တာ စတီး (ဒွေးမေတ္တာ) က ပုံဖော်ရိုက်ကူးထားကာ သရုပ်ဆောင်များ အဖြစ် နေထက်လင်း၊ ဇင်ဝိုင်း၊ နေမျိုးအောင်၊ နေတိုး ၊ မင်းမော် ကွန်း၊ မိုးယံဇွန်၊ ထွန်းထွန်း၊ မင်းသွေး(ကွယ်လွန်)၊ နေရဲ၊ ထွန်း ကိုကို၊ ရွှေသမီး ၊ အွန်ဆိုင်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ် ဆောင်ထားကြသည်။ ယင်းဇာတ်ကားကြီးကို သြဂုတ် ၈ ရက် က နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများ၌ စတင်ပြသခဲ့ပြီး ဇာတ်ကား ပြသရာမှ ရရှိလာသော ငွေအချို့ကို ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဟု သိရသည်။

ဒါရိုက်တာ စတီး(ဒွေးမေတ္တာ)က “ဒီကားက နိုင်ငံကြီးသား စစ်စစ်တစ်ယောက်ဖြစ်ဖို့ဆို ဘာတွေ ဖြစ်သင့်တယ်၊ သူ့မှာ ဘယ်လိုခံယူချက်တွေ ထားသင့်တယ်၊ မဟုတ်တာလုပ်တဲ့သူကို မဟုတ်ကြောင်း ရဲဝံ့စွာ ဆွဲထုတ်ပြသနိုင်ရမယ်၊ တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အာဏာအတွက် အသုံးချတာမျိုး မဖြစ်ရဘူးဆိုတဲ့ အကြောင်းတွေကို အခြေခံပြီး ရိုက်ထားတဲ့ ကားတစ်ကားပါ၊ ကျွန်တော်တို့ တိုင်းပြည်မှာ ငွေများငွေနိုင် အာဏာရှိသူက အနိုင်ကျင့်တာမျိုးတွေ ရှိနေတုန်းဆိုတာကို ဒီကားကနေ ပြသထားပါတယ်၊ အဘဦးဝင်းတင် ရေးခဲ့တဲ့ မှတ်သားစရာ စာသားလေးတစ်ခုကနေ ကျွန်တော်တို့ ဒီဇာတ်ကားလေးကို အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ၊ ဒီကားလေးကို ကြည့်တဲ့ပရိသတ်ကို ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်၊ ဒီကားက ပေါ်လစီကားတစ်ကား မဟုတ်ဘူး ဆိုတာပါပဲ”ဟု ပြောကြားသည်။

ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း ဒါရိုက်တာ စတီးက “ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲကလူတွေ ဘာတွေဖြစ်နေကြလဲ၊ သူတို့ ဖြစ်နေတာတွေကို ကျွန်တော် ခံစားပြီး ဖန်တီးချင်တယ်၊ ပြီးတော့ နိုင်ငံတစ်နိုင်ငံရဲ့အရေးဆိုတာ လူတိုင်းမှာ တာဝန်ရှိပါတယ်၊ နိုင်ငံရေးနဲ့ နိုင်ငံ့အရေးဆိုတာ မတူပါဘူး၊ နိုင်ငံရေး ဆိုတာက လူကြီးတွေ၊ နိုင်ငံရဲ့အခြေအနေကို ဖန်တီးကြတဲ့ ပုဂ္ဂိုလ်တွေ လုပ်ကိုင်ကြတာကို ဆိုလိုတာ၊ နိုင်ငံ့အရေးကတော့ ပြည်သူတွေ လူတိုင်းလူတိုင်း ကိုယ့်နိုင်ငံကို ပြောင်းလဲအောင် ဖန်တီးနိုင်ရမယ်ဆိုတာမျိုးပါ၊ ကိုယ့်နိုင်ငံမှာ ကိုယ်လူမျိုးတွေရဲ့ သာရေးနာရေးကအစ အားလုံးကို ကိုယ်တိုင်ပါဝင်ဆောင်ရွက် ရမယ်ဆိုတာကို သိစေချင်တယ်၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတာမျိုး မဖြစ်စေချင်ဘူး၊ ကျွန်တော်က နိုင်ငံရေးအကြောင်းတော့ နားမလည်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သိစေချင်တယ်၊ ဒါ့ကြောင့် ဒီကားကို ကျွန်တော် ရိုက်ခဲ့တာပါ”ဟုလည်း ဆက်ပြောသည်။

နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားတွင် ဒုရဲမှူး ရဲသီဟအဖြစ် အကယ်ဒမီနေတိုးက သရုပ်ဆောင်ထားပြီး ပိုက်ဆံရှိ အာဏာရှိသော လူတန်းစားများအဖြစ် နေထက်လင်း၊ ဇင်ဝိုင်း၊ နေမျိုးအောင်တို့က ပါဝင်သရုပ်ဆောင်ထားကြကာ ၄င်းတို့၏ သားများအဖြစ် မင်းသွေး၊ မင်းမော်ကွန်းနှင့် နေရဲတို့က သရုပ်ဆောင် ထားသည်။

ဖခင်၏ အရှိန်အဝါဖြင့် ရမ်းကားနေသော မင်းမော်ကွန်းသည် နိုင်ငံကျော် မော်ဒယ်မင်းသမီးအဖြစ် သရုပ်ဆောင်ထားသည့် အွန်ဆိုင်းကို တစ်ဖက်သတ် မြတ်နိုးနေပြီး စပွန်ဆာပေးမည့် ကိစ္စကို အွန်ဆိုင်းက လက်မခံဘဲ မင်းမော်ကွန်းကို လူပုံအလယ် အရှက်ခွဲခဲ့သည်။ ထို့ကြောင့် မင်းမော်ကွန်းတို့ အဖွဲ့က မကျေမနပ်ဖြစ်ကာ မော်ဒယ်အွန်ဆိုင်းကို အဓမ္မကျင့် သတ်ဖြတ်ခဲ့သည်။ ထိုသို့ သတ်ခဲ့သည်ကို အွန်ဆိုင်း၏ချစ်သူဖြစ်သူ ဓာတ်ပုံဆရာလေး ထွန်းကိုကိုအား ဒုရဲမှူး ရဲသီဟက ပြောပြခဲ့သည်။ တရားခံများကို ဖော်ထုတ်နိုင်ရန် ဒုရဲမှူး ရဲသီဟက လိုက်လံ စုံစမ်းနေစဉ် အွန်ဆိုင်း၏ ဒီဇိုင်နာလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်သူ ရွှေသမီးကလည်း သူငယ်ချင်းဖြစ်သူ သေဆုံးသွားသည့် ကိစ္စအတွက် တရားခံများကို ဖော်ထုတ်နိုင်အောင် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ သို့သော် ရွှေသမီးသည်လည်း သေဆုံးသလား၊ ပျောက်ဆုံးသလား မသိရဘဲ ထူးဆန်းစွာ ပျောက်ဆုံးသွားသောအခါ လူသတ်မှုကို မည်သို့ ဆက်လက်ဖော်ထုတ် ဖြေရှင်းမည်ကို နိုင်ငံကြီးသား ရုပ်ရှင်တွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း အကြိုခံစားတင်ပြလိုက်ပါသည်။ ။

ကိုလင်း