နိုင်ငံနှင့် ဒေသ၏ဂုဏ်ကို ဖော်ထုတ်ပေးနေသော ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကြီး မကြာမီကျင်းပတော့မည်

ထွန်းထွန်းနိုင် (ကျောက်ဆည်)

နိုင်ငံ၏ဂုဏ်၊ ဒေသ၏ဂုဏ်ကို ဆင်အက၊ ဆင်အလှဖြင့် အကြိမ်ကြိမ် အလီလီထုတ်ဖော်ပြသခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း ကျောက်ဆည်မြို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲဖြစ်သည့် ဆင်ပွဲတော်ကြီးကို မကြာမီရက်များအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပြိုင်ပွဲ ဝင်မည့် ဆင်အဖွဲ့များကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြပြီ ဖြစ်ပေသည်။

 

jhd


ကျောက်ဆည်မြို့၏ ဆင်လှူပွဲတော်ကြီးသည် နယ်သူနယ်သားများက အပျော်သက်သက်အတွက် ကျင်းပခြင်းမဟုတ်။ လယ်တွင်း ကိုးခရိုင်ကို စပါးဆန်ရေ ပေါများကြွယ်၀အောင် လုပ်ဆောင်ပေးခဲ့သော အနော် ရထာမင်းကြီး၏ ကျေးဇူးတော်ကို ဆပ်ခြင်းအားဖြင့် အစဉ်အဆက် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

 


ရှေးရိုးအစဉ်အလာမပျက် ကျင်းပလာခဲ့သော ပွဲတော်


ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကို မည်သည့် ခုနှစ်က စတင်ကျင်းပခဲ့သည်ကို သမိုင်းအထောက် အထားများအရ ရှာဖွေမတွေ့ရှိခဲ့သော်လည်း နှစ်စဉ် ရှေးရိုးစဉ်လာမပျက် ရိုးရာပွဲတော်အဖြစ် ကျင်းပလာခဲ့ သည်မှာ အနော်ရထာမင်းလက်ထက်မှစ၍ ယနေ့ထက် တိုင် နှစ်ပေါင်း ၉၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်စဉ် နှစ်တိုင်းလည်း ပြိုင်ပွဲရက်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ဆင်ပြိုင်ပွဲတော်ကြီးကို ကျင်းပ၍ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေသာလျောင်းစေတီထက် သို့တက်ကာ ဆင်လှူပွဲတော်ကို ကျင်းပကြသည်။


ကျောက်ဆည်မြို့ ဆင်လှူပွဲတော် ပေါ်ပေါက်လာ ရခြင်းသမိုင်းအကျဉ်းမှာ သက္ကရာဇ် ၃၇၉ ခုနှစ်တွင် နန်းတက်တော်မူသော ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး သည် သက္ကရာဇ် ၃၉၅ ခုနှစ်တွင် ကျောက်ဆည် ကိုးခရိုင် နယ်မြေတွင် ဆည်မြောင်း၊ ကန်ချောင်းတို့ကို တည်ဆောက် ဆည်ဖို့တော်မူစဉ် ကာလဖြစ်သည်။ အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင်၊ ဓာတု သေနမင်းထံမှ ပင့်ဆောင်ရရှိတော်မူသော ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွားကို ရှင်အရဟံ၏ ဩဝါဒဖြင့် ဆင်မယဉ်သာပေါ်သို့ တင်၍ အဓိဋ္ဌာန်ပြုစေလွှတ်တော်မူခဲ့သည်။


ဆင်မယဉ်သာသည် ရွှေစည်းခုံပစ္စယံသုံးဆင့်၌ ဝပ်တော်မူသည်။ ထိုစွယ်တော်ကို ဌာပနာခါနီး အဓိဋ္ဌာန် ပြုပြန်ရာ စွယ်တော်တစ်ဆူပွားပြန်သည်။ အဓိဋ္ဌာန်ပြု ပြီး ဆက်လက်စေလွှတ်ရာ တန့်ကြည်တောင်ထက်တွင် ဝပ်တော်မူသည်။ ထိုတွင်စေတီတော်တည်ပြီး ဌာပနာ ပြီးဆင်မယဉ်သာကို ဆက်လွှတ်ရာ ရှေးနည်းအတိုင်းလောကနန္ဒာဆိပ်ကမ်းတွင် တစ်ဆူ၊ တူးရွင်းတောင် ဖျားတွင်တစ်ဆူ၊ ထိုမှဆက်လက်၍ ဆင်ဖြူသည် အရှေ့ မျက်နှာအရပ် မြင်စိုင်းနယ် ကျောက်ဆည်တည်ရာ သာလျောင်းတောင်ထိပ်သို့ တက်၏။ တောင်ထိပ်တွင် ခေတ္တလဲလျောင်းပြီးနောက် ချက်ချင်းဆင်းသွားကာ သံရွာနယ်တောင်တော် တောင်ထက်သို့ တက်၍ ‌ခေတ္တ ရပ်တော်မူသည်။ ထိုမှ ခရွေတောင်ထက်သို့ တက်၍ ဝပ်လေသည်။


သက္ကရာဇ် ၃၉၅ သာလျောင်းတောင်ထက်နှင့် ခရွေတောင်ထက်တို့တွင် တစ်ပြိုင်တည်းစေတီ တစ်ဆူ စီကို တည်တော်မူပြီး သာလျောင်းတောင်ထက်၌ တည်သောစေတီကို ရွှေသာလျောင်းစေတီဟု အမည် တွင်၏။
အနော်ရထာမင်းကြီးက သီတင်းကျွတ်လပြည့် နေ့တိုင်း၌ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် တပေါင်းလ၌ ပွဲတော်ကျင်းပရန် ကလန်၊ သံပျင်တို့ကို ဆင့်ဆိုမှာကြား တော်မူခဲ့၏။ စွယ်တော်တင်သော ဆင်မယဉ်သာ(ဆင်ဖြူ) ကိုလည်း ငါကဲ့သို့ပင် အမှတ်တရဆင်ရုပ်တို့ဖြင့် လှူဒါန်း ပူဇော် အမျှပေးဝေကြစေရန် အဓိဋ္ဌာန်ထားတော်မူ ခဲ့ရာသီတင်းကျွတ်လ၌ ဆွမ်းတော်ကြီးကပ်ပွဲနှင့်အတူ ဆင်လှူပွဲတော် ပြုလုပ်ရခြင်းဖြစ်လေသည်။

 


မြေနင်းဆင်ရုပ်များ စတင်ပေါ်ပေါက်လာခြင်း


ရှေးယခင်က ဆင်လှူပွဲတော်ကို ဆွမ်းတော်ကြီး ကပ်ပွဲတွင် မုန့်ရုပ်ဆင်များ ထည့်ဝင်လှူဒါန်းရာမှ အရုပ် ဆင်များ ပါဝင်လှူဒါန်းလာကြသည်။ ကနဦးအရုပ် ဆင်များမှာ (၁) ထမ်းစင်ပေါ်တွင် ဝပ်ဆင်၊ ဆင်ဖြူတော် ခေါင်းမလှုပ်၊ (၂) ထမ်းစင်ပေါ်တွင် ဆင်ဖြူတော်ခေါင်းလှုပ်၊ နားရွက်ခတ်၊ (၃) ထမ်းစင်ပေါ်တွင် မတ်တတ်ရပ် ဆင်ခေါင်း၊ နှာမောင်းလှုပ်ခတ်နိုင်ပြီး ထိုမှတစ်ဆင့် ရွှေဆင်ရုပ်၊ ငွေဆင်ရုပ် စသည်တို့ဖြင့် တီထွင်ခဲ့ကြသည်။
ယခုခေတ် လူများဝင်၍ ကရသောမြေနင်း ဆင်ရုပ် များကို ကျောက်ဆည်မြို့ ညောင်ခြောက်ပင်ရပ် “ ဆရာ ငယ်” က စတင်တီထွင်၍ “ နွဲ့ဆိုး ”ဟူသောအမည်ဖြင့် ၁၉၂၅ ခုနှစ်ခန့်က စတင်ပွဲထုတ်ခဲ့သည်။ ထိုမှတစ်ဆင့် ဆင်ချိုးပညာဆင့်ပွားကာ ယခုမြင်တွေ့နေရသော မြေနင်းဆင်ရုပ်များဖြင့် ဆင်လှူပွဲတော်ကြီးကို ကျင်းပ ခဲ့ကြသည်။
ဆင်အကအလှ ပြိုင်ပွဲဝင်မည့် ဆင်အဖွဲ့များအနေ ဖြင့် တစ်ဦးတစ်ယောက်ချင်းပြိုင်ရသည့် ပြိုင်ပွဲမျိုးမဟုတ်၊ လူအများစုပေါင်းကာ အသင်းအဖွဲ့ဖြင့် ပြိုင်ရသည့် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲကာလမရောက်မီ ကြိုတင် စီစဉ်ကြရသည်။ ယှဉ်ပြိုင်သည့်အခါတွင်လည်း ဘုရားပင့်၊ နတ်ပင့်(စတော်တိုက်)၊ ဆင်ကြိမ်း၊ လေးခင်း၊ အရိုင်က၊ ဗုံထောက်၊ မိမိတို့၏ ပြိုင်ပွဲဝင် စိတ်ကြိုက်သီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ရပြီး အမှတ်ပေးသည့်အခါ မြန်မာမှု မြန်မာဟန်နှင့် ကိုက်ညီသည့် ဆင်၏အမည်၊ ဆင်၏ အလှ၊ ဆင်အက၊ ပြိုင်ပွဲသီချင်း၊ အဆို၊ အတီး၊ အဖွဲ့၏ စည်းလုံးညီညွတ်မှုနှင့် စည်းကမ်းလိုက်နာမှုတို့ကို ကြည့်ရှုကာအမှတ်ပေးခြင်းကြောင့် အတီးနှင့်အက ဟန်ချက်ညီရန်အရေး၊ သမိုင်းဂုဏ်ရောင် ဖော်ထုတ်နိုင် မည့် သီချင်းများဖြစ်ရေးတို့အတွက် ဆင်အဖွဲ့များသည် ငွေကုန်ကြေးကျ အကုန်အကျခံသည့်အပြင် ဆင်ပွဲ နီးလာလျှင် နေ့မအိပ်၊ ညမအိပ် အပြိုင်လေ့ကျင့်ကြ ရသည်။


ယခင်က ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် ဆင်များသည် ဒိုးပတ်၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးလက်ခုပ် စသည်များဖြင့် မြို့မဈေးကြီးကို လမ်းလျှောက်၍သာ ယှဉ်ပြိုင်ခဲ့ကြပြီးတိုးတက်ပြောင်းလဲလာသော ခေတ်စနစ်အရ နှစ်အနည်းငယ်အတွင်းမှ စတင်ကာယခုလက်ရှိအချိန်အထိ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် ခေတ်ပေါ်တေးဂီတများဖြင့် ပါဝင် ယှဉ်ပြိုင်ကြလျက်ရှိသည်။ ထို့ကြောင့် ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများက ရိုးရာမပျောက်ပျက်ရေးအတွက် ဒိုးပတ်၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးလက်ခုပ်များဖြင့် ပါဝင် ယှဉ်ပြိုင်သောဆင်များကို ရှေးရိုးရာဆုများချီးမြှင့်ကာဆောင်ရွက်လျက်ရှိသည်။


ဆင်အကအလှပြိုင်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ တစ်ရက်တည်းသာ ကျင်းပသောကြောင့် လူငယ်များသည် မိမိတို့ပြင်ဆင်ထားရှိမှုနှင့် ပျော်ရွှင် ရသည့် အချိန်နည်းပါးသောကြောင့် ယခုနောက်ပိုင်းနှစ် များတွင် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ ညပိုင်းတွင်ပါ မြို့တွင်းသို့ လှည့်လည်ကပြ ဧည့်ခံလေ့ရှိလာကြသည်။ ထိုညတွင်လည်း ဆင်ပွဲတော်အလား စည်ကားလာ ခဲ့သည်။


ယခုနှစ် ဆင်ပြိုင်ပွဲကြီးကို ၁၃၇၇ ခုနှစ် သီတင်း ကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာလ ၂၇ ရက် အင်္ဂါနေ့) တွင် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်လျက် ရှိသည်။ ဆင်ပွဲတော်ကြီးတွင် ရိုးရာဆင်၊ ဘော်ကြယ်ဆင်၊ ကလေးဆင်ဟူ၍ ပြိုင်ပွဲအမျိုးအစား သုံးမျိုးဖြင့် ကျင်းပသွားမည် ဖြစ်သည်။ ဆင်အကပြိုင်ပွဲတွင် ဆုရရှိ သည့် ဆင်များကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဆုချီးမြှင့် မည့် ဆုငွေအတိုင်း ကမ္ဘောဇဘဏ် (ကျောက်ဆည်)ကလည်း ဆုချီးမြှင့်မည်ဖြစ်သည်။ ပြိုင်ပွဲဝင် ဆင်အဖွဲ့ များအပြင် နှစ် ၃၀ အထက် နှစ်စဉ်မပျက် လှည့်လည် ဖျော်ဖြေသော ဆင်များကို ဇွဲဆုအဖြစ် လည်းကောင်း၊ ဒိုး၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးလက်ခုပ်များဖြင့် ရှေးရိုးရာ အတိုင်းမြို့မဈေးကို သုံးပတ်ပြည့်အောင် မြေပေါ်တွင်သာ လှည့်လည်ကြသော ဆင်အဖွဲ့များကို ရှေးရိုးရာ ဆုများကိုလည်းကောင်း ချီးမြှင့်သွားမည်ဖြစ်သည်။

 


အနော်ရထာမင်းကြီးကျေးဇူးတော်ကို အောက်မေ့ကာကျင်းပ


ကျောက်ဆည်နယ်သူနယ်သားများသည် အနော် ရထာမင်းကြီး၏ ဆောင်ရွက်ပေးတော်မူခဲ့သည့် ဆည်မြောင်း၊ ကန်ချောင်းတို့ကို အသုံးပြုကာ စိုက်ပျိုး မွေးမြူလုပ်ကိုင် စားသောက်နေသောကြောင့် ကျေးဇူးတော်ကို အောက်မေ့ကာကျင်းပလျက်ရှိသည့် ဆင်လှူပွဲတော် (ဆင်ပြိုင်ပွဲ)ကြီးတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသာမက ကမ္ဘာ့နိုင်ငံအများအပြားမှ နိုင်ငံ ခြားခရီးသွားဧည့်သည်များပါ ပါဝင်ဆင်နွှဲနိုင်ရေး ခရီးစဉ်များ တကူးတကရေးဆွဲကာ လာရောက်လျက်ရှိ ကြသည်။


နှစ်ပေါင်း ၉၀၀ ကျော်တိုင် ရှေးရိုးစဉ်လာမပျက် နှစ်စဉ်ကျင်းပခဲ့သော ပွဲတော်တစ်ခုဖြစ်ခြင်း၊ မည်သည့်မြို့ မည်သည့်ဒေသမှ မကျင်းပသော ပွဲတော်ဖြစ်ခြင်း၊ မြန်မာတွင်သာမက ကမ္ဘာတွင်ပါ လူသိများကျော်ကြား လှသော ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကြီးကို ယခုနှစ်တွင် အောက်တိုဘာလ ၁၂ ရက် (သီတင်းကျွတ် လဆန်း ၁၄ ရက်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်ရာ ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်ရန် တစ်ခေါက်တစ်ခါ အရောက်လာခဲ့ပါလို့ ဖိတ်ခေါ်လိုက် ပါသည်။ ။

မြန်မာ့အလင်း