နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ် ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျ အမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးပါရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်း

နေပြည်တော်  ၁၃  နိုဝင်ဘာ

 

နိုင်ငံတွင် တစ်နေ့တစ်ခြား လူဦးရေ ထူထပ်များပြားလာခြင်းကြောင့် နေထိုင်ရန် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ် ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျ အမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးပါရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ တင်သွင်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ပြည်သူများအားလုံး ဆင်းရဲချမ်းသာမရွေး ရရှိခံစားကြစေရန်နှင့် တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းသာယာသော လူနေမှုဘဝကို ရရှိခံစားနိုင်ကြစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က ပြောသည်။

 

“မိမိတို့နိုင်ငံတွင် လူဦးရေ ထူထပ်လာခြင်းကြောင့် နေစရာအခက်အခဲရှိပြီး နေစရာနေရာ လိုအပ်နေသောကြောင့် ကျူးကျော်နေထိုင်မှုများ တစ်နေ့တစ်ခြား များပြားလာသည့် ပြဿနာသည် အစိုးရတစ်ရပ်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါကြောင်း၊ ယခင်တွင်လည်း စားကျက်မြေများကို လိုအပ်ချက်အရ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်နှုတ်ဆောင်ရွက်သည်များ ရှိသကဲ့သို့ တစ်ပြည်လုံး အတိုင်းအတာနှင့် ကျန်ရှိနေသည့် စားကျက်မြေဧကများကို ပြန်လည်ဖော်ထုတ်ပြီး အမှန်တကယ် နေစရာမရှိ၍ အခက်အခဲဖြစ်နေသည့် မိမိတို့ နိုင်ငံသားများကို နေရာချထား ပေးစေလိုကြောင်း၊ ပြည်သူကို မျက်နှာမူသည့် အစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိစေရန် စနစ်တကျ စီမံချက်ချ၍ လုပ်ဆောင်ပေးခြင်းဖြင့် နောက်နောင်အထိ အစိုးရအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်စေသည့် အိုးမဲ့အိမ်မဲ့ ကျူးပြဿနာများကို ဆိုးမွေအဖြစ် လက်ဆင့်မကမ်းဘဲ မိမိတို့ ပြည်သူ့အစိုးရက စံပြအနေဖြင့် ဆောင်ရွက်ပေးသင့်ပါကြောင်း” အဆိုတင်သွင်းရာတွင် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က ထည့်သွင်းပြောကြားသည်။

 

ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ကြေညာခဲ့သည်။

 

အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

MDN