နိုင်ငံတစ်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား မိတ်ဆက်တင်ပြခြင်း

ဦးကျော်ကျော်(တရားရေး)

ဥပဒေနှင့်အညီ ဆုံးဖြတ်ပါ။ မှန်မှန်နှင့် မြန်မြန်စီရင်ပါ။ လုပ်ထုံးညီညီ ဆောင်ရွက်ပါ။ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပါ။ ဖြောင့်မတ်တည်ကြည်မှုဖြင့် တရားရုံး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါဟူသည့် တရားစီရင်ရေး ဆောင်ပုဒ်များအရလည်းကောင်း၊ ပြည်သူအများယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဟူသော တရားရုံးများ၏ ရည်မှန်းချက်များကို လည်းကောင်း၊ အများပြည်သူ၏ တရားမျှတမှု လက်လှမ်းမီစေရေးကို အကောင်အထည်ဖော်ရန်၊ လူထု၏ အသိအမြင်ကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် တာဝန်ယူဆောင်ရွက်မှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တရားစီရင်ရေး၏ သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာကို အာမခံနိုင်သည့် ကတိကဝတ်ထိန်းသိမ်းရန်၊ အမှုများ စစ်ဆေးစီရင်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု အားကောင်းလာစေရန်ဟူသည့် တရားရုံး၏ လုပ်ငန်းနယ်ပယ်များ ကိုလည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်းသည့် “တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ” အား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ပြဋ္ဌာန်းခဲ့သည့်အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂)၏ စတုတ္ထနှစ် မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၁) ပါ လုပ်ငန်းတစ်ရပ်ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ပြောင်းလဲကျင့်သုံးတော့မည်

ပြည်ထောင်စု တရားလွှတ်တော်ချုပ် က ၂၀၁၉ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများလည်း ရရှိနေပြီဖြစ်သည့် “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်” အား “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” အဖြစ် နိုင်ငံတစ်ဝန်းရှိ တရားရုံးအားလုံးတွင် ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်မှစတင်ကာ ပြောင်းလဲကျင့်သုံးတော့မည်ဖြစ်သည်။

စေ့စပ်ဖြေရှင်းရေးနှင့် သက်ဆိုင် သည့် “တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ”ကို တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၉ ၏ နောက်တွင် ပုဒ်မ ၈၉- က အဖြစ် ဖြည့်စွက်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည့် တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၈၉-က တွင် (1) The Court may make mediation to a dispute in the case which has civil nature pursuant to this section. (2) The Court may refers the following cases to mediation: (a) cases which are prescribed to be mediated by any law or by any notification issued by the Supreme Court of the Union; and (b) cases which are voluntarily referred to mediation by disputant parties. (3) The proceedings of mediation shall be confidential. Any communication, statement and admission made during mediation process shall not be admissible in any subsequent hearing of the same suit or any other proceedings. (4) Where the parties to mediation reach an agreement, the parties shall apply the Court to verify the agreement. The Court shall pass an order or a decree, as it thinks fit, in accordance with the relevant provi-sions of the Code of Civil Procedure. (5) The Supreme Court of the Union may issue notifications, orders, directives, procedures and manuals relating to mediation under this section as may be necessary. Exp-lanation – Mediation in this section is a dispute resolution process involving a mediator assigned by the Court who facilitates the parties to reach a mutually agreeable solution. ဟူ၍ ဖြည့်စွက်ပြဋ္ဌာန်းထားသည်။

အခွင့်အာဏာအပ်နှင်းထား

ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည့် ပုဒ်မ ၈၉-က တွင် ပုဒ်မခွဲ ၅ ခုပါရှိရာ ပုဒ်မခွဲ (၁)တွင် တရားမကြောင်းဆိုင်ရာ အငြင်းပွားမှုများကို တရားရုံးက စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ အပ်နှင်းကြောင်းကို လည်းကောင်း၊ ပုဒ်မခွဲ(၂)တွင် တရားရုံး က စေ့စပ်ဖြေရှင်းရေးဌာနသို့ လွှဲအပ်နိုင်သည့်အမှုများကို သတ်မှတ်ပြဋ္ဌာန်းထားပြီး ပုဒ်မခွဲငယ်(က)အရ ဥပဒေဖြင့်သော် လည်းကောင်း၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အမိန့်ကြော်ငြာစာဖြင့် သော်လည်းကောင်း သတ်မှတ်ထားသည့် တရားမမှုများကို အမှုမစစ်ဆေးမီ စေ့စပ်ဖြေရှင်းရေးဌာနသို့ လွှဲအပ်ရန်ဖြစ်ကြောင်း ကိုလည်းကောင်း၊ ပုဒ်မခွဲ(၃)တွင် စေ့စပ် ဖြေရှင်းရေး၏ အဓိကအခြေခံမူအဖြစ် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ချက်များအား ပေါက်ကြားမှုမရှိစေရန် လုံခြုံစွာထိန်းသိမ်းရမည်ဖြစ်ကြောင်းနှင့် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်စဉ်အတွင်း ဆက်သွယ်ဆောင်ရွက်ချက်၊ ထုတ်ဖော် ပြောကြားချက်၊ ဝန်ခံချက် တစ်စုံတစ်ရာ နှင့်စပ်လျဉ်း၍ အဆိုပါအမှုကို ဆက်လက် ကြားနာစစ်ဆေးရာတွင်ဖြစ်စေ၊ အခြား မှုခင်းဆောင်ရွက်ရာတွင် ဖြစ်စေ  မည်သည့်နည်းနှင့်မျှ သက်သေခံအဖြစ် အသုံးမပြုရန် တားမြစ်ကြောင်းကို လည်းကောင်း၊ ပုဒ်မခွဲ(၄)တွင် စေ့စပ် ဖြေရှင်းရေးဆောင်ရွက်သည့် အမှုသည်များ သဘောတူညီချက်ရရှိပြီးနောက် တရားရုံးတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဖြစ် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်သည့်အမှုမှာ တရားရုံးတွင် စွဲဆိုထားသည့် တရားမကြီးမှုဖြစ်သည့် အတွက် အမှုသည်များအနေဖြင့် စေ့စပ်ဖြေရှင်းရေး သဘောတူညီချက်ရရှိပြီး နောက်တွင် ယင်းသဘောတူညီချက်ကို အခြေခံပြီး သင့်လျော်သည့်  အမိန့်တစ်ရပ်ရရှိရန် တရားရုံးတွင် တင်ပြ လျှောက်ထားရမည် ဖြစ်ကြောင်းကို လည်းကောင်း၊ ပုဒ်မခွဲ(၅)တွင် တရားရုံး က ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် လက်စွဲတို့ကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ထုတ်ပြန်နိုင်ရန် အခွင့်အာဏာ အပ်နှင်းကြောင်းကို လည်းကောင်း ပြဋ္ဌာန်းထားသည်။

တရားရုံးက ဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေးစနစ်ဆိုသည်မှာ တရားရုံး၌ စွဲဆိုပြီးဖြစ်သော တရားမမှုအား အမှုသည် တို့၏ ဆန္ဒအရဖြစ်စေ၊ သတ်မှတ်ချက်အရဖြစ်စေ တရားရုံးရှိ စေ့စပ်ဖြေရှင်းရေးဌာန၌ အမှုသည်များကိုယ်တိုင် ပါဝင်ပြီး စေ့စပ်ဖြေရှင်းရာတွင် တရားရုံးက တာဝန်ပေးအပ်သည့် စေ့စပ်ဖြေရှင်းရေး အရာရှိတစ်ဦးက အမှုသည်များအကြား ကြားဝင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခြင်းဖြစ်သည်။

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးကို သတ်မှတ်ထားသည့် အမှု အမျိုးအစားများမှအပ ကျန်တရားမမှုများအား အမှုသည်တို့၏ ဆန္ဒအရ စေ့စပ် ဖြေရှင်းရေးဆောင်ရွက်ခြင်း၊ စေ့စပ်ဖြေရှင်းရေးတွင် မပါဝင်လိုတော့ကြောင်း (သို့မဟုတ်) စေ့စပ်ဖြေရှင်းရေးကို ဆက်လက် မဆောင်ရွက်လိုတော့ကြောင်း အမှုသည်တစ်ဖက်ဖက်က (သို့မဟုတ်) နှစ်ဖက်အမှုသည်များက  စေ့စပ်ဖြေရှင်း ရေးဆောင်ရွက်သည့် မည်သည့်အဆင့် တွင်မဆို ထုတ်ဖော်ပြောကြားလာသည့်အခါ စေ့စပ်ဖြေရှင်းရေးအရာရှိက အမှုသည်တို့၏ ဆန္ဒအရ စေ့စပ်ဖြေရှင်း ရေးဆောင်ရွက်မှုကို အပြီးသတ် ခွင့်ပြုခြင်း၊ စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ် တစ်လျှောက်တွင် အမှုသည်များ နားလည်ရလွယ်ကူပြီး ၎င်းတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် ရိုးရှင်းသော လုပ်ထုံးလုပ်နည်းများကို အသုံးပြုခြင်း၊ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်စဉ် အမှုသည်တို့၏ ပြောကြားချက်များ၊   တင်ပြသည့် အထောက်အထားများ၊ ညှိနှိုင်းချက်များ၊ ဝန်ခံချက်များကို အမှုသည်တို့၏ သဘောတူညီချက်မပါဘဲ ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ လုံခြုံစွာ ထိန်းသိမ်းထားရှိခြင်း၊ စေ့စပ်ဖြေရှင်းရေး အရာရှိသည် လုပ်ငန်းစဉ်တစ်လျှောက် ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျကျ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ခြင်း၊ နှစ်ဖက်အမှုသည်များက သဘောတူ လက်ခံသည့် သဘောတူညီချက်ကိုသာ စေ့စပ်ဖြေရှင်းရေး သဘောတူညီချက်အဖြစ် အသိအမှတ်ပြုခြင်းဟူသော အခြေခံမူများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

တရားရုံးသို့ စတင်စွဲဆိုတင်ပို့လာသော တရားမမှုများအနက် မိသားစုဆိုင်ရာ အငြင်းပွားမှုများ၊ ငွေကြေးဆိုင်ရာ အငြင်းပွားမှုများ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို အမှု မစစ်ဆေးမီအဆင့်တွင် စေ့စပ်ဖြေရှင်း ရေးဆောင်ရွက်ရန် သတ်မှတ်ထားပါသည်။

အထက်ပါ အမှုအမျိုးအစားတွင် မပါဝင်သော်လည်း အမှုသည်တို့က ၎င်းတို့၏ သဘောဆန္ဒအလျောက် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်လိုကြောင်း တရားရုံးတွင် တင်ပြလာသည့်အခါ အမှုစစ်တရားသူကြီးသည် ယင်းအမှုအား သတ်မှတ်ချက်နှင့်အညီ စေ့စပ်ဖြေရှင်း ရေးဌာနသို့ လွှဲပြောင်းပေးအပ်၍ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်နိုင်သည်။

အကျိုးကျေးဇူးများရရှိ

တရားမမှုများကို စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခြင်းအားဖြင့် အမှုသည်များနှင့် တရားရုံးတို့သည် (၁) အမှုသည်များသည် မိမိတို့ အမှန်တကယ် အငြင်းပွားနေသည့် ပြဿနာအပေါ် မိမိတို့ကိုယ်တိုင် ညှိနှိုင်းဖြေရှင်းအဖြေရှာရခြင်းဖြစ်သည့် အတွက် စေ့စပ်ဖြေရှင်းခြင်းရလဒ်အပေါ် စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊ (၂) စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်စဉ် အချင်းချင်း ညှိနှိုင်းအဖြေရှာခြင်းအားဖြင့် နှစ်ဖက်အမှုသည်များအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေနိုင်ခြင်း၊ (၃) စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်းသည် ရိုးရှင်းလွယ်ကူသည့်အတွက် လုပ်ငန်းစဉ်တစ်လျှောက် အမှုသည်များ လွယ်ကူသက်သာစွာ ပါဝင်ဆောင်ရွက် ခွင့်ရရှိနိုင်ခြင်း၊ (၄) အမှုသည်များ အနေဖြင့် မိမိတို့လျှို့ဝှက်ထားလိုသည့် အကြောင်းအရာများ၊ အထောက်အထားများကို အခြားသူများ မသိရှိစေဘဲ လုံခြုံစွာ ထိန်းသိမ်းထားရှိနိုင်ခြင်း၊ (၅) စေ့စပ်ဖြေရှင်းရေး အောင်မြင်သည့် အခါ အမှုသည်များအနေဖြင့် ၎င်းတို့၏ အငြင်းပွားမှုကို အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ဖြေရှင်းပြီးစီးနိုင်ခြင်း၊ (၆) စေ့စပ်ဖြေရှင်းရေး အောင်မြင်သည့်အခါ တရားရုံးရှိ တရားမမှု လက်ကျန်လျော့ကျရေးကို အထောက်အကူဖြစ်စေနိုင်သည့်အပြင် တရားမမှုများ လျင်မြန်စွာ ပြီးပြတ်ရေးကိုလည်း အထောက်အကူဖြစ်စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တရားရုံးအားလုံး၌ “တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ်” ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စမ်းသပ်အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုနယ်မြေရှိ ဒက္ခိဏခရိုင် တရားရုံးစေ့စပ်ဖြေရှင်းရေးဌာန၊ တပ်ကုန်းမြို့နယ် တရားရုံးစေ့စပ် ဖြေရှင်းရေးဌာန၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနတို့အပြင် ကချင် ပြည်နယ် တရားလွှတ်တော် စေ့စပ် ဖြေရှင်းရေးဌာန၊ ကယားပြည်နယ် တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန၊ ကရင်ပြည်နယ် တရားလွှတ်တော်စေ့စပ် ဖြေရှင်းရေးဌာန၊ ချင်းပြည်နယ် တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး  တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်စေ့စပ် ဖြေရှင်းရေးဌာန၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန၊ မွန်ပြည်နယ် တရားလွှတ်တော်စေ့စပ် ဖြေရှင်းရေးဌာန၊ ရခိုင်ပြည်နယ် တရား လွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာန၊ ရှမ်းပြည်နယ် တရားလွှတ်တော် စေ့စပ် ဖြေရှင်းရေးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနများကို တိုးချဲ့ဖွင့်လှစ်တော့မည်ဖြစ်ရာ ပြည်သူအများသိရှိ၍ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများခံစားနိုင်စေရန် မိတ်ဆက်တင်ပြအပ် ပါသည်။ ။