နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆိုတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆိုတပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌သီးခြားစီ သွားရောက်တွေ့ဆုံ၍အမှာစကား ပြောကြားသည်။

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်၍ မဲမသမာမှု ၁၀.၄ သန်းကျော် ဖြစ်ပေါ်နေမှုကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတို့သို့ လိုအပ်သလိုဖြေရှင်းပေးရန် ဉပဒေနှင့်အညီတင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ မဖြေရှင်းခဲ့သည့်အပြင် နိုင်ငံတော်အာဏာကို လွှတ်တော်အသစ် ခေါ်ယူခြင်းမှတစ်ဆင့် အဓမ္မရယူရန်ကြံရွယ်လာမှုအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၄၁၇၊ ၄၁၈ နှင့် ၄၁၉ တို့နှင့်အညီ နိုင်ငံတော်၏ အာဏာ ၃ ရပ်ကို ထိန်းသိမ်းတာဝန် ယူဆောင်ရွက်နေသည်မှာ  တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခြင်းသာဖြစ်ပြီး  အာဏာသိမ်းခြင်း မဟုတ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည်ရေးဆွဲခြင်းမရှိပဲ ဖွဲ့စည်းပုံ အခြေခံဉပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊  ပါတီစုံဒီမိုကရေစီစနစ်တွင် လွတ်လပ်၍တရား မျှတသည့် အထွေထွေရွေးကောက်ပွဲသည် အဓိကဖြစ်၍ တရားမျှတ မှန်ကန်မှုမှာ အသက်မျှအရေးကြီးကြောင်း၊ သို့မှသာ မှန်မှန်ကန်ကန် ရွေးချယ်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ မှန်ကန်သည့်ကိုယ်စားလှယ်များမှ တစ်ဆင့် နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် လမ်းကြောင်းမဟုတ်ဘဲ နိုင်ငံတော်အာဏာ အဓမ္မရယူမှုကို မည်သည့် နိုင်ငံနှင့်နိုင်ငံသားများကမှ  လက်ခံနိုင်မည်မဟုတ်ကြောင်း၊ ယနေ့တိုင် အချို့အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပနိုင်ငံသားအချို့သည် တပ်မတော်မှ အာဏာထိန်းသိမ်းမှုအပေါ် အာဏာသိမ်းခြင်းသာ ဖြစ်သည်ဟု အယူအဆ လွဲမှားနေပါကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ချိန်အတွင်း ပါတီအတွင်း ကွဲပြားမှုများ၊ ခါးပိုက်ဆောင်တပ်များ၊ လက်သပ်မွေးမှုများ၊ ပြည်ပကျူးကျော်မှုများ၊ ဂိုဏ်းဂဏကွဲပြားမှုများ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်ငြိမ်မှု ပျက်ပြားနိုင်သော အခြေအနေတို့ကြောင့် အိမ်စောင့်အစိုးရအဖြစ် ခေတ္တထိန်းသိမ်းခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့်ပါတီအား အာဏာပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း၊ သို့သော် ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေးအကြပ်အတည်းများနှင့် တည်ငြိမ်မှု ယိုယွင်းလာမည့် အခြေအနေကြောင့် တော်လှန်ရေးကောင်စီမှ အာဏာသိမ်းခဲ့ရကြောင်း၊ တော်လှန်ရေးကောင်စီအနေဖြင့် ပါလီမန်ဒီမိုကရေစီ၏ အားနည်းချက်များအား အဖြေရှာလျက် တစ်ပါတီစနစ်ဖြင့် ဆက်လက်လျှောက် လှမ်းရန် လိုအပ်ခြင်းရှိခဲ့၍ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းလျက် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြင့် နိုင်ငံကိုအုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် စီးပွားရေး အကြပ်အတည်းနှင့်အတူ အထွေထွေ နိုင်ငံရေးအကြပ်အတည်းများ ဖြစ်ပေါ်လာခဲ့၍ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းခဲ့ရကြောင်း၊  တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီနစ်ကိုသွားလိုသော ပြည်သူများ၏ ဆန္ဒအရ တပ်မတော်အနေဖြင့် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဖျက်သိမ်း၍ လက်ရှိ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို အချိန်ယူရေးဆွဲခဲ့ကြောင်း၊ ယနေ့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်အာဏာထိန်းသိမ်းရာ၌ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ စနစ်အတွက် ရည်မျှော်ရေးဆွဲထားပြီး ပြည်သူ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ အတည်ပြုထားသည့် ဥပဒေဖြစ်ကြောင်း၊ ပြည်သူများ လိုလားသော ပါတီစုံဒီမိုကရေစီ စနစ်ကို တပ်မတော်သားများအားလုံးမှာလည်း လက်ခံထားသဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ဖျက်သိမ်းခြင်း မရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလ သတ်မှတ်ချက် ဥပဒေပုဒ်မ ၄၁၇၊ ၄၁၈နှင့် ၄၁၉ အတိုင်း မဲမသမာမှုများ စစ်ဆေးဖြေရှင်းမှုမှတစ်ဆင့် အရေးပေါ်ကာလ ဥပဒေအရပြဌာန်းချက်ပါ ကိစ္စရပ်များ ဆောင်ရွက်ပြီးပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏  ရှေ့လုပ်ငန်းစဉ်များတွင် နောက်ဆုံးအချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသောပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်ကိုလွှဲပြောင်းနိုင်ရေး ဆောင်ရွက်လာ ရမှာဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် နယ်မြေတည်ငြိမ် အေးချမ်းရန်နှင့် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ အကြိုကာလ မဲဆွယ်စည်းရုံးမှု မလုပ်ဆောင်နိုင်ခြင်းနှင့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦးချင်းစီက အေးချမ်းစွာ မဲမပေးနိုင်ပါက ကိုယ်စားလှယ်အမတ်များ ရွေးချယ်တင်မြှောက် နိုင်မည်မဟုတ်၍ ဒေသနှင့်ပြည်သူများ အတွက်နစ်နာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဥပဒေနှင့် အညီဆောင်ရွက်နေခြင်းဖြစ်၍  အရေးပေါ် ကာလပြဌာန်းချက်များအတွင်း၌သာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အမြဲတန်းထိန်းသိမ်း ထား၍ မရကြောင်း၊ နိုင်ငံစီးပွား ပျက်စီးစေလိုသည့် ပြည်တွင်းပြည်ပ  မလိုတမာသူများ၏ သွေးထိုးမှုများကို နားယောင်၍ နားလည်မှု လွဲမှားနေသူတချို့ရှိ၍ နားလည်မှုမလွဲမှား စေလိုကြောင်း၊  ကိုယ်ကျိုးစီးပွားအရ ပြည်ပနိုင်ငံကြီးအချို့သည် မိမိတို့နိုင်ငံရေး အကြပ်အတည်းကို အခွင့်ကောင်းယူ၍ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်မှုသည် ပြည်သူလူထုကို များစွာထိခိုက်စေကြောင်း၊ ဘက်ပေါင်းစုံမှ ဖိနှိပ်မှုမှတဆင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြံရွယ်ချက်များကိုလည်း လက်ခံဖွယ်ရာမရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒေသတွင်း အင်အားကြီး ၂ နိုင်ငံကြားတွင်ရှိပြီး နိုင်ငံတော်အနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပြီး  နိုင်ငံများအားလုံးနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးမူများကို စောင့်ထိန်း၍ ဆက်လက်ရပ်တည်ဆောင်ရွက် လျက်ရှိကြောင်း၊  နိုင်ငံတော် အနေဖြင့် တစ်နှစ်အတွင်း ဘက်ပေါင်းစုံမှ ခက်ခဲသည့် အကြပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော် နိုင်ငံ့ဝန်ထမ်းကောင်းများ အပါအဝင် ပြည်သူလူတု၏ ပူပေါင်းပါဝင်မှုဖြင့် အောင်မြင်အောင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော် ကာကွယ်ရန်ဟူသည့် ခံယူချက်ဖြင့် တာဝန်ထမ်းဆောင်နေကြခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၇ တွင်  တပ်မတော်သည်  နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟု ပြဌာန်း ထားကြောင်း၊ ဒါကြောင့် နိုင်ငံတော်ကာကွယ်လိုသော ဆန္ဒ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သော တာဝန်များအရ မှန်မှန်ကန်ကန်ရပ်တည်၍ ကျေပွန်စွာထမ်းဆောင်ကြရန် လိုကြောင်း အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH နှင့်  လက်ဝေခံ PDF အဖွဲ့တို့၏ လူမှုကွန်ယက်များမှ မဟုတ်မမှန် ဝါဒဖြန့်မှုများကို စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် မှန်ကန်စွာသုံးသပ်ရန် လိုကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်ကိုလည်း သတင်းမှန်များ ဖြန့်ဝေအသိပေးရန်လိုကြောင်း၊ တပ်မတော်၏ ကောင်းမွန်သော ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ စွမ်းရည်များထက်မြက်နေရန် ဆောင်ရွက်သွားရန်လိုကြောင်း၊ တရားသောစစ်နှင့် မတရားသောစစ်ယှဉ်ပါက တရားသောစစ်သည် မုချအောင်မြင်မည်သာ ဖြစ်ကြောင်း၊ တပ်မတော်သည် တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားသော ခိုင်မာတောင့်တင်းသည့် အဖွဲ့အစည်းဖြစ်၍ စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်

mdn