နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲ အမေး/အဖြေများ

(ယမန်နေ့မှအဆက်)

Myanmar National Post မှ အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အသစ်နှင့်ပတ်သက်၍ ယခင်ဥပဒေအတိုင်း ပြည်သူများကို မူကြမ်းအနေဖြင့်ချပြရန် အစီအစဉ်ရှိ၊ မရှိနှင့် တချို့သောနိုင်ငံရေး အင်အားစုများအနေဖြင့်လည်း ဥပဒေအသစ်ကို စောင့်ဆိုင်း နေရသည်ဖြစ်သည့်အတွက် ကာလအားဖြင့် မည်မျှကြာမည်ကို သိလိုကြောင်းမေးမြန်းသည်။

ပိုမိုပြည့်စုံကောင်းမွန်စေရန်ဆောင်ရွက်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်နှင့် နည်းဥပဒေအသစ်တို့ကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ပြောကြားလိုသည်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများသည် ယခင်ကတည်းက ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ ယင်းတို့ကို ယခင်ပြီးခဲ့သည့် ရွေးကောက်ပွဲအတွေ့ အကြုံများအပေါ်တွင် မူတည်၍ လည်းကောင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်ပြီး လည်းကောင်း ပိုမိုပြည့်စုံကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ တည်ထောင်သည့်ကိစ္စ၊ နိုင်ငံရေးပါတီများ အင်အားစုဖွဲ့ခြင်းနှင့် ရန်ပုံငွေစာရင်း ထားရှိသည့်ကိစ္စ၊ နိုင်ငံရေးပါတီရုံးခန်းများ တည်ထောင်သည့်ကိစ္စ၊ နိုင်ငံရေးပါတီ လုပ်ငန်းများ ဆောင်ရွက်သည့်ကိစ္စများတွင် ပိုမိုကောင်းမွန်စေရန်အတွက် လိုအပ်သည်များ ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ စိစစ်မှုများဖြင့် အဆင့်ဆင့်လုပ်ဆောင်၍ ဥပဒေပြုရေး လုပ်ငန်းစဉ်များအား ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများထံ သီးခြားအကြံပြုချက် တောင်းခံရန် မရှိကြောင်း၊ ဥပဒေ ပြုရေးလုပ်ငန်းစဉ်များအတိုင်း စနစ် တကျစိစစ်ပြီး ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

တဲ့ပြောမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ အလားတူ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် သမ္မတဦးထင်ကျော်က နိုင်ငံတော်သမ္မတ တာဝန်ယူခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံတော်သမ္မတသော်လည်းကောင်း၊ ဒုတိယသမ္မတသော်လည်းကောင်း တစ်ဦးတစ်ယောက် အနားယူခဲ့လျှင် ရက်ပေါင်း ၃၀ အတွင်း လစ်လပ်သည့် နေရာအား ပြန်လည်ရွေးချယ်ရမည်ဟု ပါရှိကြောင်း၊ ထိုသို့ဆိုလျှင် သမ္မတနေရာအား ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ခေတ္တတာဝန်ထမ်းဆောင်ပြီး ဒုတိယသမ္မတ (၂) က ဒုတိယသမ္မတ (၁) နေရာအား ထမ်းဆောင်ရကြောင်း၊ ထို့ကြောင့် လစ်လပ်သွားသည်မှာ ဒုတိယသမ္မတ (၂)နေရာဖြစ်ကြောင်း၊ အမှန်တကယ် ရွေးချယ်ရာတွင် ဒုတိယသမ္မတများ အားလုံးအထဲမှ မဲပေးသည့်စနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ဒုတိယသမ္မတ (၁)ဖြစ်သည့် ဦးမြင့်ဆွေသည် ဒုတိယသမ္မတ(၂) ဖြစ်သွားခဲ့ပါက ပြောစရာဖြစ်လာ နိုင်ကြောင်း၊ ထို့ကြောင့် ယခုလာမည့် ရွေးကောက်ပွဲအပြီးတွင် ယင်းကိစ္စများနှင့် ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီး/ လူမျိုးစု ကိုယ်စားလှယ်များရှိကြောင်း၊ ဥပမာ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် ဗမာတိုင်းရင်းသားဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးသည် ၂၀၁၈ ခုနှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် အနားယူ နုတ်ထွက်ခဲ့ကြောင်း၊ သမ္မတနှင့် ဒုတိယသမ္မတများအား ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ရွေးချယ်ရမည်ဟု အခြေခံဥပဒေတွင် ဆိုထားကြောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား ပြန်လည်ရွေးချယ်ရန် ကာလအကန့်အသတ် မရှိခြင်းကြောင့် အဆိုပါ ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်မှာ နှစ်နှစ်ခွဲကျော် ကြာအထိမရှိခဲ့ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ် ဗမာတိုင်းရင်းသားများအနေဖြင့် များစွာနစ်နာခဲ့ရကြောင်း၊ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး လစ်လပ် သွားသည်ဆိုပါက ပြည်နယ်အစိုးရဝန်ကြီး ချုပ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ အဖွဲ့ခွဲထံ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး လစ်လပ်သွားကြောင်း အကြောင်း ကြားရမည်ဖြစ်ကြောင်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်း ကြား တင်ပြရမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လစ်လပ်သွားသည့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအား မည်သည့်ကာလတွင် ပြန်လည်ရွေးချယ်ပေးမည် ဆိုသည့် သတ်မှတ်ချက်အား ထွက်ရှိလာမည့်ဥပဒေအသစ်တွင် ဖြည့်စွက်ပေးမည့် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းကိစ္စ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးခင်မောင်ဦးက သတင်းထောက် ကြီးမေးသည့် မေးခွန်းနှင့်ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲခြား၍ ဖြေကြားလိုကြောင်း၊ ပထမအပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အစားထိုးရွေးချယ် တင်မြှောက်သည့်ကိစ္စဖြစ်ပြီး ဒုတိယ အပိုင်းသည် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် တိုင်းရင်းသားရေးရာဝန်ကြီး အစားထိုးရွေးချယ်တင်မြှောက် ခြင်းကိစ္စတို့ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ ၇၃ တွင် တိတိကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြထားကြောင်း၊ ဒုတိယသမ္မတများ သည် အစုအဖွဲ့သုံးခုဖြစ်ပြီး တပ်မတော်သား အစုအဖွဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့များက ဒုတိယသမ္မတတစ်ယောက်စီ ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အထဲမှ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတနေရာအား ရွေးချယ် တင်မြှောက်ရခြင်း ဖြစ်ကြောင်း၊ လစ်လပ်သွားသည့်နေရာ များအတွက် မည်သို့လုပ်ဆောင်ရမည်ကို ပြဋ္ဌာန်းချက် တိတိကျကျပြည့်ပြည့်စုံစုံကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)ပုဒ်မ ၇၃ တွင် ပါရှိပြီးဖြစ်ကြောင်း၊ ဒုတိယ အချက်အနေဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီးသည် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွင် ပါဝင်သည့် ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ယင်းလွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်သွားပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် ပါပြီးဖြစ် ကြောင်း၊ လွှတ်တော်တွင်တစ်စုံတစ်ရာ သောအကြောင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်သွားခဲ့ပါက ဥပဒေနှင့်အညီ အစားထိုးရွေးကောက် တင်မြှောက်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ပါရှိပြီးဖြစ်ကြောင်း၊ သို့သော်လွှတ်တော်၏ ပထမငါးနှစ်သက်တမ်းတွင် ပထမ တစ်နှစ်နှင့် ပဉ္စမနှစ်တို့တွင် ဆောင်ရွက် ခြင်းမပြုရဟု ဥပဒေတွင် ပါရှိကြောင်း၊ ထို့ကြောင့် ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များတွင် ဆောင်ရွက်ရမည့် အနေအထားမျိုးဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လစ်လပ်သည့် စာရင်းများအား သက်ဆိုင်ရာလွှတ်တော်များနှင့် ကော်မရှင်အဖွဲ့ခွဲများကလည်း မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သို့ပေးပို့ကြောင်း၊ ထို့ကြောင့် မိမိတို့ကော်မရှင်အနေဖြင့် ယင်းစာရင်းများကို ရရှိကြောင်း၊ ယင်းစာရင်းများကို စုစည်းပြီး သင့်လျော်သည့်အချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲကို ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ယင်းနည်းဖြင့်သာ ရွေးကောက်တင်မြှောက်ရမည် ဖြစ်ကြောင်း၊ သတင်းထောက်ကြီးပြောသကဲ့သို့ အချိန်ကာလတစ်ခု စောင့်ဆိုင်းရခြင်း၊ ချက်ချင်း ရွေးကောက်တင်မြှောက်ခြင်း မပြုခြင်းတို့ကြောင့် နစ်နာမှုများရှိသည် ဟုပြောခြင်းလည်း ရှိပါကြောင်း၊ ယင်းအခြေ အနေပေါ်မူတည်ပြီး ဥပဒေနှင့်အညီ လိုအပ်သလို အစားထိုးရွေးကောက် တင်မြှောက်ခြင်းကို ကြားဖြတ်ရွေးကောက်ပွဲများနှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းကိစ္စများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်မရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)အရ လွှတ်တော်သက်တမ်းများ ကုန်ဆုံးသည့်အခါအလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည့် အတွက် ဤကာလတွင် လွှတ်တော်လည်း ဖျက်သိမ်းပြီးဖြစ်သည့်အတွက် ဆောင်ရွက်ရန် မရှိကြောင်း ဖြေကြားသည်။

Myanmar Public Press မှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က လာမည့် ရွေးကောက်ပွဲတွင် မဲမသမာမှုမဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မည်သို့ကြိုတင် ဆောင်ရွက်ထား သည်ကို သိလိုကြောင်းနှင့် ပြည်သူလူထု အကြား PR စနစ်ကို နားလည်စေရန် မည်သို့ဆောင်ရွက်သွားမည်ကို သိလို ကြောင်းမေးမြန်းသည်။

မဲစာရင်းပြုစုခြင်းနှင့် မဲစာရင်းစိစစ်ခြင်းအပိုင်းတို့ကို စနစ်တကျရေးဆွဲ၍ ပြင်ဆင်ထား

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် ပတ်သက်၍ မဲစာရင်းများဖောင်းပွမှု ရှိကြောင်း၊ မဲနှစ်ကြိမ်ပေးခြင်း၊ ကိုယ်စား မဲပေးခြင်း၊ အယောင်ဆောင်မဲပေးခြင်း၊ အသက် (၁၈) နှစ်မပြည့်ဘဲမဲပေးခြင်းစသည့် မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ ကြောင်း၊ ထို့ကြောင့် နောက်နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ယင်းကိစ္စများနှင့် အခြေခံမဲစာရင်း မှန်ကန်ရေးအတွက် ဥပဒေထဲတွင် မဲစာရင်းပြုစုခြင်းနှင့် မဲစာရင်းစိစစ်ခြင်းအပိုင်းတို့ကို စနစ်တကျရေးဆွဲ၍ ပြင်ဆင်ထားကြောင်း၊ မှားယွင်း စွာမဲဆွယ်စည်းရုံးလျှင်လည်း ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်နိုင်သည့်အတွက် မဲဆွယ်စည်းရုံးခြင်းအခန်းဆိုပြီး အခန်းတစ်ခန်းထည့်သွင်းထားကြောင်း၊ သို့မှသာ မဲဆွယ်စည်းရုံးရာတွင်လည်း စနစ်တကျဖြစ်မည်ဖြစ်ကြောင်း၊ အလားတူ မဲပေးရာတွင်လည်း စနစ်တကျရှိစေရေး အတွက် မည်သို့မဲပေးမည်၊ မည်သို့ မဲရေတွက်မည်ဆိုသည့် အပိုင်းများကို လည်း ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းထားကြောင်း၊ ယင်းတို့အပြင် ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်၊ မဲမသမာမှုများနှင့် ပတ်သက်၍ အရေးယူသည့်အစီအစဉ်များ တွင် အကြီး/ အသေး၊ အလေး/အပေါ့ အပေါ်မူတည်၍ ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ရန် ဆောင်ရွက်ထားကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် မဲရုံများတွင် ဖြစ်ပေါ်နိုင်သည့် မဲမသမာမှုဖြစ်စဉ်များကို လျှော့ချနိုင်ရန် ဥပဒေမူဘောင်အရ လိုအပ်သည်များကို ဆောင်ရွက်ထားကြောင်း။

ယင်းသို့ ဆောင်ရွက်ရာတွင် သတင်းထောက်ကြီးမေးသကဲ့သို့ ပြောင်းလဲကျင့်သုံး မည့် PR စနစ်နှင့် လိုက်လျောညီထွေဖြစ်စေ ရန်အတွက်ပါ အားလုံးထည့်သွင်းပြင်ဆင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံတော်မှစစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို သွားခြင်းကြောင့် ယင်းစနစ်ကို ကောင်းစွာ ဖော်ဆောင်နိုင်မည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပြီး မဲမသမာမှု များမဖြစ်စေရေးအတွက် ဆောင်ရွက် ထားရှိကြောင်း၊ PR စနစ်ဖြင့်ပတ်သက်ပြီး မိမိအနေဖြင့် အစောပိုင်းတွင်လည်း တင်ပြထားပြီး ဖြစ်ကြောင်း၊ ယင်း PR စနစ်နှင့် ပတ်သက်ပြီး မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်ပိုင်မီဒီယာများ၊ သတင်းစာ များတွင် ဆောင်းပါးများ ဖော်ပြထားရှိ ကြောင်း၊ အလားတူ Talk Show များကိုလည်း TV အစီအစဉ်များတွင် ထည့်သွင်း ပြသလျက်ရှိကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တင်ပြထားသည့် စာအုပ်များကို ထုတ်ဝေဖြန့်ချိလျက်ရှိကြောင်း၊ ထို့အတူ မဲရုံသရုပ်ပြအစီအစဉ်များနှင့် ပတ်သက်၍လည်း ရိုက်ကူးနေကြောင်း၊ အလားတူ ယင်းကိစ္စနှင့် ပတ်သက်သည့် တေးသီချင်းများ၊ တေးသရုပ်ဖော်များကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း၊ ပြည်သူလူထုကို PR စနစ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကာလနီးပါက မီဒီယာ များမှတစ်ဆင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက် ဦးဝင်းနိုင်က PR စနစ်နှင့် ပတ်သက်၍ ပြည်သူလူထုနားလည်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အသိပညာပေးမှုများ ပြုလုပ်သွားရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်းမေးမြန်းသည်။

အချက်အလက်ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် မဲဆန္ဒရှင်များ ကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက အချိုးကျ ကိုယ်စားပြု PR စနစ်ကို ကျင့်သုံးပြီး လာမည့်ရွေးကောက်ပွဲကို ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် မဲပေးသည့်လုပ်ငန်းစဉ်တွင် PR နှင့် FPTP စနစ်သည် များစွာကွာခြားမှုမရှိကြောင်း၊ ရရှိသည့်မဲရလဒ်များကို အချိုးကျ ကိုယ်စားလှယ်တွက်ချက်၍ ရလဒ်ထုတ်ပြန်သည့် အခါမှသာ FPTP နှင့် PR စနစ်တို့ ကွာခြားမှုရှိမည်ဖြစ်ကြောင်း၊ PR နှင့်ပတ်သက်သည့် ဆောင်းပါး ၃၈ ပုဒ်ခန့် ကို နိုင်ငံပိုင်သတင်းစာများတွင် ရေးသားဖော်ပြထားကြောင်း၊ ထို့အတူ PR စနစ်နှင့် ပတ်သက်သည့် စကားဝိုင်းအစီအစဉ်များကိုလည်း ရုပ်မြင်သံကြားတွင်ထုတ်လွှင့် ပြီးဖြစ်သလို ရွေးကောက်ပွဲ အသိပညာပေး ဆိုင်ရာနှင့်ပတ်သက်သည့် ထုတ်ဝေပြီး စာအုပ်လေးအုပ်တွင်လည်း PR နှင့် ပတ်သက်သည့် စာအုပ်သုံးအုပ်ပါရှိကြောင်း၊ ယင်းတို့ကို လေ့လာခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ အတည်ပြုထုတ်ပြန်ပြီးပါက ယခုထက် ပိုပြီးအချက်အလက်ခိုင်ခိုင်မာမာ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် မဲဆန္ဒရှင်များကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြေကြားသည်။

မြန်မာသံတော်ဆင့် ဂျာနယ်မှ အယ်ဒီတာ ဦးကိုကိုကြီးက စက်တင်ဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌအနေဖြင့် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊ မဲရုံလျာထားမှုများနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခြင်း သတင်းများကို တွေ့မြင်ရကြောင်း၊ နေပြည်တော်တွင်ရှိသည့် ဝန်ထမ်းအိမ်ရာ များ၊ သပြေဆောင်၊ သဇင်ဆောင်တို့တွင် နေသူများသည် ပုံစံ-၆၆ မပေါက်ခြင်းများ ပါကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် နေပြည်တော်ရှိဝန်ထမ်းများကို မဲပေးနိုင်ရေးအတွက် လွယ်ကူစွာဆောင်ရွက်ပေးခဲ့ သည်ကို တွေ့ရကြောင်း၊ နေပြည်တော်တွင် ရှိသည့်ဝန်ထမ်းများသည် ၎င်းတို့နေထိုင် ခဲ့သောဒေသတွင် ရှိသည့် မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်ပတ်သက်နေခြင်းကြောင့် မဲစာရင်းများ နှစ်နေရာ ထပ်နေကြောင်း၊ နေပြည်တော်တွင် မဲထည့်ခြင်းကြောင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်/ကျေး မဲဆန္ဒ နယ်မြေများ၌ လာရောက်မဲထည့်ခြင်း မရှိသည့် မဲဆန္ဒရှင်များကိုယ်စား NLD မှ ခန့်ထားသည့် ရပ်/ ကျေး မဲရုံတာဝန်ရှိသူများက ၎င်းတို့အစီအစဉ်ဖြင့် မဲထည့်ခြင်း များကြောင့် မဲစာရင်းထပ်ခြင်းများရှိခဲ့ သည်ဟုသိရကြောင်း၊ ယင်းဖြစ်စဉ်များ ကဲ့သို့ ထပ်မံမဖြစ်ပွားစေရန်လာမည့် ရွေးကောက်ပွဲတွင် မည်သို့ပြင်ဆင်ထားသည်ကိုသိလိုကြောင်းနှင့် နေပြည်တော်တွင်ရှိသည့် သဇင်ဆောင်၊ သပြေဆောင် တို့မှဝန်ထမ်းများ၊ အိမ်ရာများတွင်ရှိသည့် ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေးအတွက် မည်သို့စီစဉ် ထားသည်ကို သိရှိလိုကြောင်း မေးမြန်းသည်။

မဲဆန္ဒရှင်စာရင်းများ မထပ်စေရန် အလေးထားဆောင်ရွက်သွားမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲ၍ ဖြေကြားလိုကြောင်း၊ တစ်ပိုင်းမှာ ပုံစံ-၆၆/၆ မရှိသည့် ဝန်ထမ်းများ မဲပေးရေးကိစ္စဖြစ်ပြီး နောက်တစ်ပိုင်းမှာ မဲစာရင်းမထပ်စေရေး မည်သို့လုပ်ဆောင်မည်ဆိုသည့် အပိုင်းများပင် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိစ္စကို ပြန်လည် တင်ပြလိုကြောင်း၊ အဆိုပါရွေးကောက်ပွဲ မဲစာရင်းများတွင် မှတ်ပုံတင်မရှိသည့် လူဦးရေမှာ လေးသန်းကျော်ရှိကြောင်း၊ မဲစာရင်းနှစ်ကြိမ်၊ သုံးကြိမ်ထပ်နေပြီး တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်အလိုက် Cross Check အရ ထပ်နေသူများ၊ အသက် (၁၀၀) ကျော်ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သူများအပါအဝင် စုစုပေါင်း ၁၁ ဒသမ ၀၃ သန်းခန့်ရှိသဖြင့် မဲဆန္ဒရှင် စုစုပေါင်း၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ထို့ကြောင့်လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံ မှန်ကန်မှုနှင့် မဲဆန္ဒရှင်စာရင်းများ မထပ် စေရန် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ယင်းသို့ဆောင်ရွက်ရာတွင် ဥပဒေကြောင်းအရ ဆောင်ရွက်ရခြင်းများရှိကြောင်း၊ မဲစာရင်းပြုစုရာတွင် မှတ်ပုံတင်၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ စသည်ဖြင့် အသိအမှတ်ပြုကတ်တစ်ခုခု ရှိမှသာ မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်တွင် နေထိုင် ကြောင်း သက်သေအထောက်အထား ဖြစ်သည့် ပုံစံ-၆၆/၆ ရှိသူများကိုသာ မဲစာရင်းတွင်ပြုစုထားကြောင်း၊ အဆိုပါ ပုံစံ-၆၆/၆ မပါရှိသူများကို ဥပဒေနှင့်အညီ စာရင်းပြုစုနိုင်ရေး ဝန်ကြီးဌာနနှစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မှတ်ပုံတင်ရှိရမည်၊ ပုံစံ-၆၆/၆ ရှိမှသာ မဲစာရင်းတွင်ပါပြီး မဲပေးခွင့်ရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများကိုလည်း အကြောင်းကြားထား ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများအားလုံးလိုက်နာရ မည့်ဥပဒေ ဖြစ်သောကြောင့် အခြားမဲဆန္ဒ ရှင်များနည်းတူ လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို အကြောင်း ကြားပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

မဲစာရင်းများမထပ်စေရန် မြေပြင် လူဦးရေစာရင်းကောက်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန လူဦးရေစာရင်းများကို တိုက်ဆိုင်စစ်ဆေးပြီး ဥပဒေနှင့်ညီသည့် လူဦးရေစာရင်းကို ကနဦးမဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းစနစ်(Initial Voter List Scrutinizer - IVLS Software) တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ပေးပြီး ပြန်လည်စိစစ်၍ Feedback ပြန်ပေးသည်များနှင့် Update လုပ်ပြီး ပြည့်စုံမှန်ကန်သည့်စာရင်းများ ရရှိစေရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ကနဦးမဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းစနစ် (Initial Voter List Scrutinizer-IVLS Software)၏ စစ်ဆေးခြင်းလုပ်ငန်း များကို ပြီးခဲ့သည့်ဩဂုတ်လအတွင်း လုပ်ဆောင်ပြီးဖြစ်ကာ ယခုစက်တင်ဘာ လမှစ၍ Update လုပ်နေကြောင်း၊ အလားတူ ရရှိသည့်မဲစာရင်းများကို အခြေခံပြီး မဲရုံများစုဖွဲ့ခြင်း၊ မဲရုံသုံး ပစ္စည်းများ တွက်ချက်ခြင်းကို ပြည်ထောင်စုနယ်မြေတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီး မေးသည့် မေးခွန်းကို ဖြေကြားရမည်ဆိုပါက မဲစာရင်းတွင်ပါရှိသည့် မဲပေးခွင့်ဥပဒေ ပြဋ္ဌာန်းချက် ထွက်ရှိလာမည်ဖြစ်ကြောင်း၊ မဲစာရင်းမထပ်စေရေး စနစ်တကျတင်ပြပါအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာဦးကိုကိုကြီးက နေပြည်တော် သုခတော်ဝင် အိမ်ရာတွင် ရွှေ့ပြောင်းလာသည့် ဝန်ထမ်းအများစု နေထိုင်ကြောင်း၊ အဆိုပါဝန်ထမ်းများကို မြေပြင်စာရင်းကောက်ခံခြင်းများမရှိသေးဟုသိရကြောင်း၊ ထိုသူများမဲပေးနိုင်ရန် မည်သို့စီစဉ် ထားသည်ကို သိလိုကြောင်း ထပ်မံမေးမြန်းသည်။

Second Face အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ရှေ့ပြေးစီမံချက်ဖြင့် စာရင်းကောက်ရာတွင် ဦးစွာဆောင်ရွက်နေသည်မှာ ရပ်ကွက်များ၊ မြို့နယ်အလိုက် ပြည်သူ လူထုများကို စာရင်းများကောက်နေ ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ယင်းအပိုင်းသည် Second Face အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့အစည်းများသည် စုစုစည်းစည်းနှင့် အင်အားစနစ်တည်တည် ငြိမ်ငြိမ်ရှိသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ မဆောင်ရွက်မီ ဥပဒေကြောင်းအရ ပြည့်စုံ အောင် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထား ရှိခြင်းဖြစ်ကြောင်း ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လုံခြုံရေးအင်အားများကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် UEC မှ မဲရုံများကို စောင့်ကြပ်ရန်အတွက် ဖွဲ့စည်းလိုက် ကြောင်း၊ CDM လှုပ်ရှားမှုများမှ ကယား ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များ CDM လုပ်ကြသည့် သတင်းတက်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့လေ့လာကြည့် လိုက်သည့်အချိန် UEC မှရွေးကောက်ပွဲ အတွက် ယာယီခန့်ထားသည့် မဲရုံလုံခြုံရေး ရဲအင်အားများဖြစ်နေကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ယင်းကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန် ခြင်းမျိုးမတွေ့ခဲ့ရကြောင်း၊ ရွေးကောက်ပွဲ ကာလတွင် မဲရုံလုံခြုံရေးအင်အားများကို UECနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီး ဆောင်ရွက်သည့် နေရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ယူနီဖောင်း ဘက်တံဆိပ်တို့ကအစ မည်သည့် သတ်မှတ်ချက်များ သက်တမ်း ကာလမည်မျှရှိသည်၊ သက်တမ်းကာလပြီး သွားလျှင် ယူနီဖောင်းများမည်ကဲ့သို့ ပြန်၍သိမ်းသည်ကို သိလိုကြောင်းနှင့် လာမည့်ရွေးကောက်ပွဲတွင် ယင်းသို့လုံခြုံ ရေးအတွက်ခန့်ထားရန် အစီအစဉ်ရှိ/မရှိနှင့် တာဝန်ပေးဆောင်ရွက်ရန်ရှိပါက မည်သို့ကန့်သတ်ချက်များဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ သိလိုကြောင်းမေးမြန်းသည်။

မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲများကို စုစည်းလေ့ကျင့်ပြီး ခန့်ထား

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲ လုံခြုံရေးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လုံခြုံရေးနှင့် ပတ်သက်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် အနီးကပ်ပူးပေါင်း ညှိနှိုင်းဆောင်ရွက် ရကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲ မှုကော်မတီအား ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲ မှုကော်မတီအဆင့်ဆင့်ကို ပြည်ထဲရေးဝန်ကြီးဌာနက စနစ်တကျဖွဲ့စည်းကြောင်း၊ စနစ်တကျဖွဲ့စည်းပြီး ၎င်းတို့က အနီးကပ်ဆောင်ရွက်ကြကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ယခင်ကသာမန်အားဖြင့် မဲရုံပေါင်းလေးသောင်းကျော် ရှိကြောင်း၊ အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲများကို စုစည်းလေ့ကျင့်ပြီး ခန့်ထားဆောင်ရွက် ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းကို ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများ တွင် ဆောင်ရွက်ခဲ့ကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း ရွေးကောက် ပွဲကျင်းပမည့်ကာလ သတ်မှတ်ပြီးနောက်ပိုင်းမှသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်အခါတွင် တစ်လခန့်အချိန်ယူပြီး လူအင်အားစုစည်းခြင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ သင်တန်းပေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ လုပ်ဆောင်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများကို တာဝန်ထမ်းဆောင်ရာတွင် အဆင်ပြေမှုရှိစေရန် အတွက် လေ့ကျင့်သင်ကြားပေး ပြီးမှခန့်အပ်ခြင်းဖြစ်ကြောင်း၊ သာမန်အားဖြင့် တစ်လခန့်သာ လစာပေး၍ခန့်အပ် ဆောင်ရွက်ကြောင်း၊ မိမိသိရသလောက်ပြောရလျှင် ထိုခန့်ထားသည့် သူများအထဲမှ ရဲတပ်ဖွဲ့အရည်အချင်းနှင့် ကိုက်ညီသည့် သူများအနေဖြင့် သင်တန်းပေးပြီး ရဲတပ်ဖွဲ့ အဖြစ် ခန့်အပ်ပေးသည်များလည်း ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ယခင် နှစ်ကြိမ်ဆောင်ရွက် ခဲ့ကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် အလားတူ နည်းလမ်းဖြင့်သော် လည်းကောင်း၊ ထိုထက်ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနဖြင့် ညှိနှိုင်း၍ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်ခန့်အပ်ခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနက ခန့်အပ်ခြင်း၊ ယူနီဖောင်း ထောက်ပံ့ခြင်း၊ လစာပေးအပ်ခြင်းစသည် တို့ကိုဆောင်ရွက်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ် စည်းမျဉ်း၊ စည်းကမ်းအတိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မေးလိုသည်မှာ အကယ်၍ ယူနီဖောင်းဝတ်ဆင်ပြီး တလွဲသုံးမည်ဆိုပါက ပြည်ထဲရေးဝန်ကြီး ဌာနအနေဖြင့် မည်သို့သော အရေးယူမှုမျိုး လုပ်နိုင်မည်ကိုသိလိုကြောင်း ထပ်မံမေးမြန်းသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ယခင်က အရန်ရဲ/ အထူးရဲ ခန့်အပ်ခြင်းကို ၁၉၄၅ ခုနှစ် ရဲအက်ဥပဒေဖြင့် ခန့်အပ်ကြောင်း၊ ယခုလက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ယင်းဥပဒေတွင်လည်း အရန်ရဲခန့်အပ်ခြင်း ပါဝင်ကြောင်း၊ အရန် ရဲခန့်အပ်ရာတွင် တာဝန်ထမ်းဆောင် သည့်ကာလတွင် ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေကို လိုက်နာရမည်ဆိုသည့်အချက် ထည့်သွင်းထားကြောင်း၊ အရန်ရဲတာဝန် ထမ်းဆောင်နေစဉ်ကာလတွင် စည်းကမ်းဖောက်ဖျက်ပါက သန္ဓေတပ်ဖွဲ့ ဝင်များကဲ့သို့ ရဲစည်းကမ်း ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ အခြားတည်ဆဲ ဥပဒေများကို ချိုးဖောက်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

Cohesion News မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက အကြမ်းဖက်လမ်းစဉ်ကို ပြန်လည်အသက်သွင်းခဲ့သည့် NLD ပါတီကို နိုင်ငံရေးပါတီများထဲမှ ပယ်ဖျက်ခြင်းမပြုသေးသည်ကို တွေ့ရ ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ် နိုင်ငံ့အရေးကိုရှေးရှုပြီး ပါတီ နိုင်ငံရေးလုပ်ခဲ့သည့် နှင်းဆီပါတီကို NLD ခေတ်က မတရားအသင်းအဖြစ် ကြေညာ ခဲ့သည့်အပေါ် ပြန်လည်ပယ်ဖျက်ပေးသင့် သည်ဟု UEC အနေဖြင့် ထင်မြင်ပါသလား၊ မည်သို့ယူဆချက်များ ပေးလိုပါသလဲ၊ NLD ပါတီနှင့် နှင်းဆီပါတီ မည်သည့် ပါတီကပိုပြီး ဥပဒေနှင့်မညီသည်ကို UEC ၏အမြင်ကို သိလိုကြောင်း မေးမြန်းသည်။

မတရားအသင်းအဖြစ် ကြေညာထားခြင်း မတွေ့ရ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စနှင့်ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲပြီး ဖြေကြားလိုကြောင်း၊ NLD ပါတီနှင့် UDP ပါတီတို့နှင့်ပတ်သက်၍ နှစ်ပိုင်း နှိုင်းယှဉ် ပြောကြားလိုကြောင်း၊ NLD ပါတီနှင့်ပတ်သက်၍ ယခင်သတင်းစာ ရှင်းလင်းပွဲများ တွင်လည်း ဖြေကြားထားပြီး ဖြစ်ကြောင်း၊ ယင်းပါတီစစ်ဆေးမှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုရန်ကျန်ရှိ နေသေးသည့် လုပ်ငန်းစဉ်များရှိနေသေးကြောင်း၊ ထို့ကြောင့် ဥပဒေအရဆောင်ရွက် ရန် လက်ရှိအခြေအနေတွင် ဆုံးဖြတ် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ စစ်ဆေးပြီးမှသာ စနစ်တကျဆုံးဖြတ် ဆောင်ရွက်သွားမည်ဟုသာ ပြောကြားလိုကြောင်း၊ UDP ပါတီ (နှင်းဆီပါတီ)သည် ပြီးခဲ့သည့် ရွေးကောက်ပွဲကော်မရှင် လက်ထက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၁၂)နှင့် အလားတူ နည်းဥပဒေ ၁၅ (ခ၊ ဂ၊ စ)တို့နှင့်ငြိစွန်း ကြောင်း၊ ယင်းနည်းဥပဒေများသည်လည်း ရပ်တည်ပိုင်ခွင့်မရှိသည့် ဥပဒေများဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီမှ ပယ်ဖျက်ကြောင်းကို ၁၇-၁၀-၂၀၂၀ ရက် တွင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခဲ့ ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ ကြောင်း၊ သတင်းထောက်ကြီးမေးသည့် ကိစ္စနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လေ့လာသုံးသပ်ကြည့်ရာတွင် ယင်းပါတီအား မတရားအသင်းအဖြစ် ကြေညာ သည့်ကိစ္စနှင့်ပတ်သက်၍ မိမိတို့ ထုတ်ပြန်သည့် ဥပဒေပုဒ်မများထဲတွင် မတရားအသင်းအဖြစ် ကြေညာထားခြင်း မတွေ့ရကြောင်း၊ အလားတူ ပြည်ထဲရေး ဝန်ကြီးဌာန၏ သက်ဆိုင်ရာအထောက် အထားများကို လေ့လာကြည့်ရာတွင်လည်း UDP ပါတီအား မတရားအသင်းအဖြစ် ကြေညာထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရကြောင်း ဖြေကြားသည်။

ဆက်လက်၍ Cohesion News မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက NLD ပါတီအနေဖြင့် အစစ်ဆေးခံမည်၊ ပါတီ ပြန်လည်ဖွဲ့မည်ဟု UEC ထင်မြင်ထားပါ သလား၊ မျှော်လင့်ထားပါသလားဟု ထပ်မံမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက အဆိုပါပါတီ အနေဖြင့် CEC တချို့ဖမ်းဆီးထိန်းသိမ်းခံထားရသကဲ့သို့ တချို့အမှုရင်ဆိုင်နေရ ကြောင်း၊ အချို့ထွက်ပြေး တိမ်းရှောင်နေခြင်း၊ အချို့မှာဆက်သွယ်၍ မရဖြစ်နေကြောင်း၊ ထို့ကြောင့်တာဝန်ခံဖြေရှင်းမည့် ကိစ္စများအား မိမိတို့အနေဖြင့် ဆောင်ရွက်နေမှုများရှိသော်လည်း စစ်ဆေးရေးလုပ်ငန်း စဉ်များ မပြီးစီးသေးသဖြင့် ဆောင်ရွက်နိုင် ခြင်းမရှိသေးသည်ဟု လတ်တလော ဖြေကြားလိုကြောင်း ဖြေကြားသည်။

Cohesion News မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက အဆိုပါ NLD ပါတီအနေဖြင့် လာရောက် အစစ်ဆေးခံမည် ဆိုပါက ဥပဒေနှင့်မငြိစွန်းသည့် ကိစ္စများရှိလိမ့်မည်ဟု UEC အနေဖြင့် ထင်ပါသလား ဟု ထပ်မံမေးမြန်းသည်။

အဖြစ်မှန်ပေါ်ပေါက်အောင် စိစစ်ဆောင်ရွက်သွားမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စနှင့် ပတ်သက်၍ ကြိုတင်ပြီးမခန့်မှန်း လိုကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် စိစစ်ရာတွင် အသေးစိတ် စနစ်တကျ စိစစ်မည်ဆိုပါက အဖြစ်မှန်ပေါ်ပေါက်အောင် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

လူထုရင်ဖွင့်သံဂျာနယ်မှ အယ်ဒီတာ ဒေါ်ခိုင်စံပယ်ဦးကပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲရုံများကြိုတင် ပြင်ဆင်သည့် အချိန်ကာလအတွင်း မိမိတို့အနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများကို ယင်းနယ်မြေအတွင်းရှိ စာရင်းရှိ မဲဆန္ဒရှင်အရေအတွက်၊ မဲရုံ အရေအတွက်၊ ကိုဗစ်ကာလဖြစ်ခြင်းကြောင့် မဲပေးရန် စီမံဆောင်ရွက်ထား သည့် အခြေအနေများနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ကြောင်း၊ ထိုသို့သော အခြေခံမေးခွန်းများ မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိဘဲ ရန်သူသဖွယ် မောင်းထုတ်ခြင်းခံခဲ့ရကြောင်း၊ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်း စည်းကမ်းများ၊ လျှို့ဝှက်မဲပေးခြင်း၏ စည်းမျဉ်းများကိုလိုက်နာပြီး မေးမြန်းသည့် မီဒီယာ၏မေးမြန်းမှုများကို လွတ်လပ်ခွင့်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

မြေပြင်တွင် ဆောင်ရွက်ရာ၌ အခက်အခဲရှိနိုင်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိတို့အနေဖြင့် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှုနှင့် အများယုံကြည်လက်ခံမှုရအောင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကို ပြီးခဲ့သည့် ရွေးကောက်ပွဲအဆက်ဆက်တွင် ခွင့်ပြုခဲ့သည်များရှိကြောင်း၊ ထို့ကြောင့် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်၊ စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ စိစစ်ခွင့်ပြုပေးခြင်း ရှိကြောင်း၊ သတင်းထောက်ကြီး မေးမြန်းသည့်ကိစ္စနှင့် ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ဖြေကြား လိုကြောင်း၊ မဲရုံဖွင့်လှစ်သည့် နံနက် ၆ နာရီမှ ညနေ ၄ နာရီအတွင်း မဲပေးခြင်း လုပ်ငန်းများကို စနစ်တကျကြီးကြပ် ဆောင်ရွက်ရကြောင်း၊ ယင်းလုပ်ငန်းစဉ် များပြီးပါက မဲရေတွက်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရကြောင်း၊ ထိုအချိန်များတွင် မဲရုံတာဝန်ခံများ အနေဖြင့် မေးခွန်းများမေးမြန်းခြင်းကို ဖြေကြားရန် အခက်အခဲရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများတွင် ပြဋ္ဌာန်းထားသည်များရှိကြောင်း၊ ပုဒ်မ ၆၁/၆၂ တွင် မည်သူမဆို ရွေးကောက်ပွဲ ကျင်းပသည့် မဲရုံအတွင်းတွင်သော် လည်းကောင်း၊ မဲရုံနှင့်ကိုက် ၅၀၀ အတွင်းတွင် သော်လည်းကောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲပေးရန်သော်လည်းကောင်း၊ မဲမပေးရန်သော် လည်းကောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေး ရန်သော်လည်းကောင်း၊ တိုက်တွန်း သွေးဆောင်လျှင် သော်လည်းကောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့များကို လုပ်ငန်းအနှောင့်အယှက်ဖြစ်စေသည့် လုပ်ရပ်များ ဆောင်ရွက်ပါက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုမြောက်သည်ဟု ဥပဒေတွင် ပါရှိခြင်းကြောင့် ယင်းကိစ္စများသည် မြေပြင်တွင် ဆောင်ရွက်ရာ၌ အခက်အခဲရှိနိုင်ကြောင်း။

မဲဆန္ဒရှင်များအား မဲပေးသည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် မည်သူ့အား မဲပေးသလဲ မေးမြန်းရိုက်ကူး ထုတ်လွှင့် ရာတွင် အထက်တွင် ပြောကြားခဲ့သည့် မဲရုံနှင့်ကိုက် ၅၀၀ အတွင်း ဖြစ်ခြင်းကြောင့် ယင်းကိစ္စများကို ရိုက်ကူးထုတ်လုပ်ခြင်း အားဖြင့် မဲဆွယ်စည်းရုံးခြင်းဆိုသည့် ကိစ္စများနှင့် ငြိစွန်းနိုင်ခြင်းရှိကြောင်း၊ ထို့ကြောင့် ထိုသို့ထိလွယ်ရှလွယ်သည့် ကိစ္စများနှင့် ပတ်သက်၍ ယခင် ရွေးကောက်ပွဲများတွင် ခွင့်မပြုခဲ့ကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာရပ်/ကျေး ကော်မရှင်များအနေဖြင့် မဲရုံ၊ မဲစာရင်း၊ မဲပေးနိုင်သည့် အရေအတွက်တို့နှင့် ပတ်သက်၍ ကြော်ငြာဘုတ်တွင်ကပ်ထားပြီးဖြစ်ကြောင်း၊ ထိုသို့အခြေခံအချက် အလက်များဖြင့် မဲရုံတွင် အေးချမ်း တည်ငြိမ်စွာ မဲပေးနိုင်မှု ရှိ/ မရှိ လေ့လာ သုံးသပ်ပြီး ရိုက်ကူးတင်ဆက်မှုများလည်း ရှိခဲ့ကြောင်း၊ ထိုသို့နှစ်ဖက်အဆင်ပြေစေရန် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့် အညီ သတင်းရယူခွင့်ရရှိအောင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)