မြစ်ကြီးနား ဇန်နဝါရီ ၁၂

ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

 

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်းရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်းကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိစာရဉာဏနှင့် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အလှူငွေကျပ်သိန်း (၃၀)၊ ဆန်အိတ် (၅၀) နှင့် စားဆီ (၅) ပုံးတို့ကိုလှူဒါန်းပြီး မချမ်းဘော့မြို့နယ်အတွင်း တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံ စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကာ စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

 

 

ထို့နောက် ပူတာအိုမြို့နယ်အတွင်းရှိ တပ်နယ် ဧက (၅၀၀) ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ (နမ့်တာလဲ) ၌ သီးပင်စားပင်စိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် အသားတိုးဝက်များ မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စိုက်ပျိုးဆောင်ရွက်နိုင်မှုနှင့် ဒေသတွင်း ပြန်လည်ရောင်းချပေးနိုင်သည့် အခြေအနေများကို မေးမြန်းဆွေးနွေးကာ မွေးမြူရေးအထောက်အကူပြု ဆေးဝါးများနှင့် စွမ်းအားပြည့် ဖြည့်စွက် အစာအိတ်များကို ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

 

ထိုသို့တွေ့ဆုံစဉ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက ပူတာအို‌ဒေသဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ မြို့မိ၊ မြို့ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း တင်ပြကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက် ဖြစ်ထွန်းစေရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပူတာအိုဒေသခံများအနေဖြင့် ဒေသတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ MSME လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ဝမ်းစာဖူလုံအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ဘာသာရေးအဖွဲ့ (၁၃) ဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ၊ ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များအတွက် ချီးမြှင့်ငွေများ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအတွက် DTH စလောင်းအစုံ (၃၀)၊ တောင်သူများအတွက် အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့အိတ်များ၊ အိမ်သုံးဆိုလာအစုံ (၅၀)၊ နိုင်ငံတော်မှ အခမဲ့ပေးအပ်သည့် ကျောင်းသုံး ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဒေသထွက် အသင့်စား ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးကြသည်။

 

 

 

ဆက်လက်၍ ပူတာအို မြို့မရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန နယ်စပ်‌ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို) ၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ချီးမြှင့်၍ သင်တန်းကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ယမန်နေ့ ညနေပိုင်းက ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခါကာဘိုရာဇီရိပ်သာ ဧည့်ခန်းမဆောင်၌ ပူတာအိုဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

သတင်းစဉ်