နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းရင်းနှီးနှီးဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊ မြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံယဉ်ကျေးမှုပြတိုက်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရင်းရင်းနှီးနှီးဆွေးနွေးသည်။

ရှေးမူမပျက်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ထိန်းသိမ်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးစဉ် ပုဂံညောင်ဦးဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးနိုင်ရေး၊ ဖြည့်ဆည်းပေးနိုင်ရေး ယခုကဲ့သို့ ဒေသခံ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ မြို့မိ၊ မြို့ဖများအနေဖြင့် မိမိတို့ဒေသအကျိုးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားကြရန်လိုကြောင်း။

ပုဂံ၊ ညောင်ဦးဒေသသည် ပြည်တွင်း၊ ပြည်ပ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားသည့် မြို့ဖြစ်သဖြင့် ယခုထက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်း ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ ပုဂံညောင်ဦးဒေသ စိမ်းလန်းသာယာလှပရေးအတွက် ရေများလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်သည့် ဒေသတစ်ခုဖြစ်စေရေးအတွက်လည်း ဖန်တီးဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံဒေသအတွင်းရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ရှေးမူမပျက်စေဘဲ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် ဘုရားဖူးသူများအနေဖြင့် ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်ရေးနှင့် ပုဂံဒေသ၏ အလှအပများကို ကြည့်ရှုနိုင်ရေးအတွက် လူဦးရေအကန့်အသတ်၊ အချိန်အကန့်အသတ်တို့ဖြင့် ပြန်လည်တက်ရောက် ကြည်ညိုခွင့်ပြုပေးနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် သုံးသပ်လျက်ရှိကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းရေး

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားသော နိုင်ငံဖြစ်သဖြင့် လူတိုင်းနှင့်အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ စားသောက်ရန် အစားအစာများနှင့် ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း ခရိုင်များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ဆက်လက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာသိပ္ပံများကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး တက္ကသိုလ်များကို ဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များရရှိရေးအတွက် လက်တွေ့ကျသည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ တိုးတက်မှုများရှိစေရေး မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးနှင့် ပညာတတ်များ ပေါများစေရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သဖြင့် ဥပဒေကို အကျွမ်းတဝင်ရှိရန်၊ နားလည်ရန်လိုကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် စီးပွားရေးအမြင်ရှိရန်လိုသဖြင့် စီးပွားရေးဘာသာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့အတွက် အခြေခံကောင်းများရရှိစေရေး ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် ရေအရင်းအမြစ်များရှိပြီး မြစ်ရေများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုများရှိစေရေး တာဝန်ရှိသူများအနေဖြင့် စိစစ်ကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ပုဂံညောင်ဦးဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များ၊ နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို မြို့မိ၊ မြို့ဖများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြ

ထို့နောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားများနှင့် ယဉ်ကျေးမှုနယ်မြေများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ယခုထက်တိုးတက်အောင် ဆောင်ရွက်ပေးစေလိုမှု၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များနှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုမှု၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် လိုအပ်မှုရှိသည့် အခြေခံပညာကျောင်းများ၌ ကျောင်းဆောင်များ တိုးချဲ့ဆောက်လုပ်ပေးစေလိုမှု၊ ပုဂံဒေသသို့ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေး ဆောင်ရွက်ပေးစေလိုမှုတို့ကို ဆွေးနွေးပြောကြားကြပြီး ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့် မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တင်ပြကြသည်။

ဖြည့်စွက်ဆွေးနွေး ရှင်းလင်းပြောကြား

တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုမရှိစေရေး နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်မှုများရှိခြင်းကြောင့် ပြည်ပခရီးသွားများဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း အခြားနိုင်ငံများကဲ့သို့ ဆောင်ရွက်ပေးရန်လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့ဒေသသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာပြည်သူများ စားသောက်ရေး၊ နေထိုင်ရေးနှင့် သွားလာမှုများ အဆင်ပြေစေရေးအတွက် ဒေသခံများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားသူများဆောင်ရွက်သည့် အောင်မြင်ပြီးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခြင်းထက် မိမိတို့ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အခြားလုပ်ငန်းအသစ်များကို ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ ပုဂံဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံညောင်ဦး လေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်းကြောင့် ပြည်ပမှ လေယာဉ်ကြီးများ တိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင်ကြောင်း၊ ထို့ကြောင့် ရေရှည်အတွက်အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံညောင်ဦးလေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရေး အတွက် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ ပုဂံမြို့ ရေလုံလောက်စွာရရှိရေးအတွက် ဧရာဝတီမြစ်မှ ရေများကို နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်၍ ရေသန့်စင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပြီး ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း။

ခရိုင်များအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီရေး ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ထွက်ရှိနေသည့် အထွက်နှုန်းထက် ပိုမိုတိုးတက် အောင်နှင့် အထွက်နှုန်းများ ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းဆန်ဖူလုံရေး အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်း၊ သီးထပ်များစိုက်ပျိုးခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသစားရေးကို အထောက်အကူပြုစေမည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတွင်းစားရေးနှင့် ပတ်သက်၍ ဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများ ကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဦးလှမိုးတို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကအားဖြင့် ဒေသစီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြကြောင်း၊ MSME လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်းများ လိုအပ်ပြီး ဒေသတွင်းရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ကုန်ကြမ်းများကိုအခြေခံသည့် တန်ဖိုးမြှင့် ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခင်က ဝါစိုက်ပျိုးမှုများကို အဓိကဆောင်ရွက်ခဲ့ကြပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဝါစိုက်ပျိုးမှုများ လျော့နည်းခဲ့သဖြင့် မိမိတို့အစိုးရ တာဝန်ယူချိန်တွင် ဝါစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် လည်း ဝါစိုက်တောင်သူများ ဝါစိုက်ပျိုးမှုများ ဆောင်ရွက်စေရေး တိုက်တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဝါစိုက်ပျိုးခြင်းဖြင့် ချည်ထည်လုပ်ငန်း များကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးမှုများ ဆောင်ရွက်ရာတွင် ချည်ချောများ ထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ တိုင်းပြည်၏ ဝါလိုအပ်ချက်ကို မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ဖြည့်ဆည်းပေးရန် လိုကြောင်း။

နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံရေးလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့အရေးအတွက် ပြည်သူလူထုများအားလုံး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့်ဒေသများသည် ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေမည် ဖြစ်ကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်