နိုင်ငံတော်ငွေပေးချေမှု ကြီးကြပ်မှုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ၁၈  ဇန်နဝါရီ 

မြန်မာနိုင်ငံ၏ ငွေပေးချေမှုလုပ်ငန်းများကို မဟာဗျူဟာအဆင့်တွင် ကြီးကြပ်ရန်အတွက် "နိုင်ငံတော်ငွေပေးချေမှု စနစ်ကြီးကြပ်မှုကော်မတီ (National Payment System Governing Committee)" ၏ ပထမအကြိမ် အစည်းအဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင်  ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံငွေပေးချေမှုစနစ် အကောင်အထည်ပေါ် လာရေးနှင့် အများပြည်သူ၏ နေ့စဉ်ငွေပေးချေမှုများတွင် ထိထိရောက်ရောက် လက်တွေ့အသုံးချသည့် ငွေပေးချေမှု စနစ်ဖြစ်ရေး အတွက် နိုင်ငံတော်အဆင့်မှ ကြီးကြပ်ဖော်ဆောင်ရေး၊ ငွေပေးချေမှုစနစ်များအား ပြည်သူများ အတွက် ဝန်ဆောင်မှု စရိတ်သက်သာစွာ အသုံးပြုနိုင်ရေး လိုအပ်သော အစီအမံများ ပြုလုပ်သွားနိုင်ရေး၊ ငွေပေးချေမှုစနစ်များ လုံခြုံရေးနှင့် ပြည်သူလူထု၏ ယုံကြည်မှုရရှိရေး စီစဉ် ဆောင်ရွက် သွားနိုင်ရေးနှင့်တရားမဝင် ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းများကို မိမိနိုင်ငံ၏ ငွေပေးချေမှုစနစ်အောက်တွင် ပါဝင်လာစေရေး ဆောင်ရွက်ရန် ပြောကြားသည်။


အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင် ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဘိုဘိုငယ်နှင့် နိုင်ငံတော်ငွေပေးချေမှုကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)

 

mdn