နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ပွဲ ကျင်းပ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ (၄) စာအုပ်ထုတ်ဝေ

နေပြည်တော် ဩဂုတ် ၂၉

 

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ (၁၅)ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို သြဂုတ် ၂၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဖတ်ကြားတင်ပြ

သုတေသနစာတမ်းဖတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နမ့်ယဉ်ယဉ်နွယ်က “ထိုင်းဘုရင့်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာတင်ပြခြင်း သုတေသနစာတမ်းနှင့် ဒုတိယညွှန်ကြားရေး မှူး ဒေါ်လဲ့လဲ့ခိုင်နှင့် ရုံးအုပ် ဒေါ်ဂျူနိုကိုလေးတို့က “ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားလွှတ်တော်ချုပ်၏ စာချွန် တော်လျှောက်ထားမှု အမှတ်-၁၃၆၀၄/၂၀၁၈ ကို လေ့လာတင်ပြခြင်း စာတမ်းတို့ကို ဖတ်ကြား တင်ပြကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရှိ ဝန်ထမ်းများသည် အခြေခံဥပဒေဆိုင်ရာ တရား စီရင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထိရောက်မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံများက ကျင့်သုံးသည့် အမျိုးမျိုးသောဖွဲ့စည်းပုံ အခြေခံဥပဒေများ၏ အားသာချက်၊ အားနည်းချက်များကို သိရှိနိုင်ရန် ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးဥပဒေများ၊ AACC အဖွဲ့ဝင်နိုင်ငံများရှိဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများက ဆုံးဖြတ်ခဲ့သည့် ထင်ရှားထူးခြားသည့် အမှုများအကြောင်းကို သုတေသနပြု လေ့လာလျက်ရှိသည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ သုတေသနပြု လေ့လာတွေ့ရှိချက်များကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာဂျာနယ်များ၊ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအဘိဓာန်များ၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ ဝေါဟာရအဘိဓာန် စသည်ဖြင့် စာအုပ်များကိုပုံနှိပ်ထုတ်ဝေလျက်ရှိသည်။

 

ထို့ပြင် ကမ္ဘာ့နိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများ စာအုပ်အတွဲ(၁)တွင် နိုင်ငံပေါင်း ကိုးနိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများအကြောင်းကို လည်းကောင်း၊ အတွဲ(၂)တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံ၊ အတွဲ(၃)တွင် နိုင်ငံပေါင်း ကိုးနိုင်ငံတို့ဖြင့် စုစုပေါင်းနိုင်ငံ ၂၉ နိုင်ငံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများအကြောင်းကို ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

 

ယခုအခါ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများအတွဲ(၄)စာအုပ်ကို ထပ်မံ ထုတ်ဝေခဲ့ပြီး စာအုပ်တွင် မြန်မာနိုင်ငံအပါအဝင် ဆူဒန်သမ္မတနိုင်ငံ၊ ကင်မရွန်းသမ္မတနိုင်ငံ၊ မြောက် မက်ဆီဒိုးနီးယားသမ္မတနိုင်ငံ၊ ဇင်ဘာဘွေသမ္မတနိုင်ငံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဘူလ်ဂေးရီးယားသမ္မတ နိုင်ငံ၊ ဆိုက်ပရပ်စ်သမ္မတနိုင်ငံ၊ လစ်သူယေးနီးယား သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားသမ္မတနိုင်ငံ စသည် ဖြင့် နိုင်ငံ ၁၀ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများအကြောင်းကို ဖော်ပြထားရာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သက်ဆိုင်သည့် အသိပညာဗဟုသုတများရရှိနိုင်သဖြင့် လေ့လာ ဖတ်ရှုသူများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပြုစုထုတ်ဝေသော အဆိုပါစာအုပ်ကို ဝယ်ယူလိုပါက စာအုပ်တန်ဖိုး ငွေကျပ် ၆၅၀ဝ ဖြင့် လုပ်ထုံးနှင့် သုတေသနဌာန တယ်လီဖုန်းအမှတ် ၀၆၇-၃၄၃ဝ၂၄၃၊ ၀၆၇-၃၄၃၀၂၆၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်ဝယ် ယူနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်