နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည့် မြေယာစီမံခန့်ခွဲမှု

၁၉  နိုဝင်ဘာ

မြေသည်လူသားတို့၏ လိုအပ်ချက်အများစုကို ဖြည့်စွမ်းပေးနိုင်သည့် အရည်အချင်းရှိခြင်းကြောင့် မြေယာတစ်ရပ်ကို ပိုင်ဆိုင်လိုသူများခြင်းဖြစ်ပါသည်။ မြေယာတစ်ရပ်ကို ပိုင်ဆိုင်သူများသည် အခွင့်ထူးများခံစားရသကဲ့သို့ ရှိတတ်ပါသည်။ မြေယာတစ်ရပ်မှ အခွင့်ထူးများ ခံစားရသကဲ့သို့ နိုင်ငံတော်ကိုလည်း မြေယာပိုင်ဆိုင်ခွင့်၊ အသုံးခွင့်ရရှိသူတိုင်းသည် သင့်တင့်မျှတသော မြေခွန်အပါအဝင် ထမ်းဆောင်ရမည့် တာဝန်များကို နိုင်ငံတော်သို့ သတ်မှတ်ပေးဆောင်ရစမြဲ ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် အမျိုးပေါင်း ၂၂ မျိုး သတ်မှတ်စာရင်းပြုစုထားပါသည်။ အုပ်စုသုံးအုပ်စု သတ်မှတ်ထားပါသည်။

လယ်ယာမြေဖြစ်သည့် အုပ်စု - (၁) တွင် လယ်။ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျဉ်၊ နီ၊ တောင်ယာမြေမျိုးများ ပါဝင်ပါသည်။ လယ်အနေဖြင့် စုစုပေါင်းမြေဧရိယာ၏ ၉ ဒသမ ၁၆ ရာခိုင်နှုန်း၊ ယာ အနေဖြင့် ၅ ဒသမ ၇၆ ရခိုင်နှုန်း၊ ကိုင်း၊ ကျွန်း )  ၀ ဒသမ ၇ ရာခိုင်နှုန်း၊ ဥယျာဉ် ၂ ဒသမ ၄၃ ရာခိုင်နှုန်း၊ ဓနီ ၀ ဒသမ ၀၆ ရာခိုင်နှုန်း၊ တောင်ယာ  ၀ ဒသမ ၃၁ရာခိုင်နှုန်း စုစုပေါင်းလယ်ယာမြေ ၃၀၉၁၁၂၄၆ ဧက၊ ၁၈ ဒသမ ၄၉၁၅ ရာခိုင်နှုန်းရှိပါသည်။ အုပ်စု - (၂) ဖြစ်သည့် သစ်တောသစ်ပင် ဖုံးလွှမ်းမြေမျိုးများတွင် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောမြေ ၂၇ ဒသမ ၅၇ ရာခိုင်နှုန်း၊ တောရိုင်း ၂၁ ဒသမ ၆ ရာခိုင်နှုန်း၊ ရိုင်း ၇ ဒသမ ၇၄ ရာခိုင်နှုန်း ဖြစ်ပါသည်။ အုပ်စု - (၃) ဖြစ်သည့် အခြား ၁၃ မျိုးတွင် ၄၁၁၂၃၃၇ ဧကရှိပြီး ၂၄ ဒသမ ၅၉ ရာခိုင်နှုန်းဖြစ်ပါသည်။ စုစုပေါင်း မြေဧရိယာ ၁၆၁၈၅၈၂၄ ဧကရှိပါသည်။ ဤမျှများပြားလှသော မြေရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်သကဲ့သို့ အသုံးပြုသူများကလည်း သင့်တင့်မျှတသော မြေခွန်အပါအဝင် ထမ်းဆောင်ရမည့်တာဝန်များကို နိုင်ငံတော်သို့ တာဝန်သိသိ သစ္စာရှိရှိဖြင့် ပေးဆောင် ကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အနှောင့်အယှက်ဖြစ်သည့် မြေယာအငြင်းပွားမှုများကို အလေးအနက်ထား ဖြေရှင်းပေး

မြေယာအငြင်းပွားမှုများသည် မြေယာစီမံခန့်ခွဲတွင် အဓိကအဟန့်အတား အနှောင့်အယှက်များဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက အနှောင့်အယှက်များအဖြစ် ရပ်တည်လျက်ရှိပါသည်။ မြေယာအငြင်းပွားမှုများကို ဖြေရှင်းရာတွင် ပြည့်စုံသော အမှုတွဲများ တည်ဆောက်၍ ခိုင်မာသော အထောက်အထားများအရ ဆုံးဖြတ်ဖြေရှင်းပေးရမည်ဖြစ်ပါသည်။ စေတနာ မမှန်ကန်ပါက၊ အတွေ့အကြုံရှိပါက မှန်ကန်သော ဆုံးဖြတ်ချက်၊ ဖြေရှင်းချက်များ ရရှိနိုင်မည်မဟုတ်ပါ။ အတွေ့အကြုံနှင့် စေတနာ မှန်ကန်ဖို့ရန် အဓိကကျပါသည်။ ဥပဒေအရ တရားမျှတမှု၊ လူမှုရေးအရ တရားမျှတမှုများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ မြေယာများသည်ပြည်သူများ၏ အသက်ရှင် ရပ်တည်နိုင်မှအတွက် များစွာအရေးကြီးသောကြောင့် မြေယာပြဿနာများကို ဖြေရှင်းရာတွင် ပေါ့ပေါ့တန်တန် ဆုံးဖြတ်ပါက ပြည်သူများ၏ ဘဝအသက်ရှင် ရပ်တည်နိုင်ရေးကို များစွာထိခိုက်နိုင်သည့်အတွက် မှန်ကန်သောဆုံးဖြတ်ချက်များ ဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မှန်ကန်သော ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ထပ်မံအယူခံခြင်းများအပြင် အပြီးအပြတ် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မြေယာအငြင်းပွားမှုများကို လယ်ယာမြေအငြင်းပွားမှုများ၊ လွတ်လပ်အငြင်းပွားမှုများ၊ မြို့မြေ၊ ရွာမြေ အငြင်းပွားမှုများ၊ သိမ်းဆည်းမြေ အငြင်းပွားမှုများ၊ အခြားမြေမျိုးများဆိုင်ရာ အငြင်းပွားမှုများဟူ၍ ယေဘုယျအားဖြင့် ငါးမျိုးခွဲခြား သတ်မှတ်နိုင်ပါသည်။ မြို့မြေ၊ ရွာမြေဆိုင်ရာ အငြင်းပွားမှုများကို တရားရုံး ဆုံးဖြတ်ချက်အရလည်းကောင်း၊ သိမ်းဆည်းမြေဆိုင်ရာ အငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များဖြင့် လည်းကောင်း၊ အခြားမြေမျိုးဆိုင်ရာ အငြင်းပွားမှုများကို သက်ဆိုင်ရာ မြေမျိုးအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး၏ ပြဋ္ဌာန်းထားသည့် ဥပဒေများဖြင့်လည်းကောင်း ဖြေရှင်းပေးရမည် ဖြစ်ပါသည်။

မြေယာပြဿနာများကိုဖြေရှင်းရာတွင် အမှားအယွင်း နည်းစေရန်အတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ရှုမြင် သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ "တစ်ဦးခေါင်းတစ်ပညာ" ဆိုသကဲ့သို့ မြေယာပြဿနာများကို ကော်မတီ တစ်ရပ်ဖြင့် စနစ်တကျ ဖြေရှင်းရမည်ဖြစ်ပါသည်။ အများနှင့် တိုင်ပင်ညှိနှိုင်းခြင်းသည်လည်း ဒီမိုကရေစီစနစ်၏ အနှစ်သာရပင်ဖြစ်ပါသည်။

မြေယာပြဿနာများကို ဖြေရှင်းရာတွင် မြေအမျိုးအစား အလိုက် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက ၎င်းတို့ကိုင်တွယ်ကျင့်သုံးသည့် ဥပဒေများအတိုင်းဖြေရှင်း ကြရပါသည်။ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် မည်သည့် မြေအမျိုးအစားဖြစ်သည်ကို မှန်မှန်ကန်ကန် စီစစ်ရန် လိုအပ်ပါသည်။ မည်သည့်မြေမျိုးဖြစ်ကြောင်း မြေပုံ၊ မြေစာရင်း၊ မှတ်တမ်းများအပေါ် အခြေခံ၍ ဖော်ထုတ်ရပါမည်။ မြေပုံ၊ မြေစာရင်း၊ မှတ်တမ်းများကို အလွယ်တကူ ထိန်းသိမ်းစစ်ဆေးနိုင်ရေးအတွက် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရမည် ဖြစ်ပါသည်။ သို့မှသာနစ်တကျ လျင်မြန်လွယ်ကူစွာ ရှာဖွေတိုက်ဆိုင် စစ်ဆေးနိုင်မည်ဖြစ်ပါသည်။

မြေယာပြဿနာတစ်ခုကို ဖြေရှင်းရာတွင် ပိုင်ဆိုင်မှု၊ လုပ်ကိုင်မှု၊ မြေယာမှုခင်း စတင်ဖြစ်ပွားရခြင်းအကြောင်း အရင်း၊ လူမှုရေး၊ စီးပွားရေး၊ အခြားငဲ့ညှာစဉ်းစားသင့်သည့် အချက်များအပေါ် အခြေခံ၍ ဖြေရှင်းစဉ်းစားသင့်ပါသည်။ မြေယာပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အမှုတွဲ တည်ဆောက်ခြင်းသည် အဖြေမှန် ဖော်ထုတ်နိုင်မှုအတွက် များစွာအရေးကြီးပါသည်။ အမှုတွဲတည်ဆောက်ရာတွင် အတွေ့အကြုံရှိသူ၊ ကျွမ်းကျင်သူ၊ ဉာဏ်ရည်မြင့်မားသူများကို တာဝန်ပေးသင့်ပါသည်။ သို့မှသာ မြေယာပြဿနာများကို မှန်မှန်ကန်ကန်မျှတတ လျင်မြန်စွာ ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။ အတွေ့အကြုံမရှိသူများ၊ ကျွမ်းကျင်မှု အားနည်းသူများ၊ ဉာဏ်ရည်မြင့်မားမှု မရှိသူများ၊ အတိတရားကင်းစွာ မျှမျှတတ ဆောင်ရွက်တတ်သူများ ပါဝင်သည့် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းကမပြည့်စုံသော၊ မှန်ကန်မှုမရှိသော အမှုတွဲများကိုသာ တည်ဆောက်လေ့ ရှိသောကြောင့် မြေယာပြသနာများကို မှန်ကန်စွာဖြေရှင်း ပေးနိုင်မည်မဟုတ်ပေ။ မြေယာပြဿနာများ စနစ်တကျ  မျှမျှတတ ဖြေရှင်းနိုင်ရေးတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးရာတွင် မှန်မှန်ကန်ကန် ဖွဲ့စည်းနိုင်မှသာ မြေယာပြဿနာများကို မျှတမှန်ကန်စွာ ဖြေရှင်းပေးနိုင်မည် ဖြစ်သည့်အတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းသည်လည်း များစွာအရေးပါပါသည်။

မှန်ကန်သော မြေပုံများရရှိရေး မြေတိုင်းအဖွဲ့များ ဖွဲ့စည်းပေး

စနစ်ကျသော မြေယာစီမံခန့်ခွဲမှု ဖြစ်စေရေးအတွက် မြေပုံ၊ မြေစာရင်း၊ မှတ်တမ်းများ မှန်ကန်တိကျမှုရှိရမည်။ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိအောင် စီမံခန့်ခွဲသင့်ပါသည်။ မြေပုံ၊ မြေစာရင်း မှတ်တမ်းများကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် သိမ်းဆည်းစီမံခန့်ခွဲသင့်ပါည်။ မှန်ကန်တိကျမှုရှိသော မြေပုံများရရှိအောင် မြေတိုင်းအဖွဲ့ (Survey Team) များ ဖွဲ့စည်းကာ ခေတ်မီပစ္စည်း (ကိရိယာများ၊ ခေတ်မီနည်းပညာများ အသုံးပြုပြီးဆောင် ရွက်သင့်ပါသည်။ လိုအပ်သော ဘဏ္ဍာငွေများကိုလည်း  စနစ်တကျ ရင်းနှီးမြှုပ်နှံ ပေးသင့်ပါသည်။ မြေယာစီမံခန့်ခွဲမှုတွင် မြေပုံမှန်ကန်မှုသည် အဓိကကျပြီး အကျိုးအမြတ်များသော လုပ်ငန်းဖြစ်သည့်အတွက် မြေပုံများ မှန်ကန်မှုရှိစေရေး လိုအပ်သော ငွေကြေးစိုက်ထုတ်သုံးစွဲမှုများ ပြုလုပ်သင့်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသော ကိစ္စဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်သင့်ပါသည်။ မြေပုံများ မှန်ကန်မှု ရှိ၊ မရှိကို မြေပြင်နှင့် တိုက်ဆိုင်စစ်ဆေးရပါသည်။ စာရေးသူ၏ အတွေ့အကြုံအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိအသုံးပြုနေသော မြေပုံစနစ်တစ်ခု၌ မြေပုံနှင့်မြေပြင် ကွဲလွဲမှုအချို့ကို ကိုယ်တိုင်စစ်ဆေးတွေ့ရှိခဲ့ဖူးပါသည်။ မှန်ကန်တိကျမှုရှိသော နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော မြေပုံများရရှိပြီးနောက် မှန်ကန်သော မြေစာရင်းများလည်းရှိရန် လိုအပ်ပါသည်။

မှန်ကန်သော မြေစာရင်းရရှိရေး ကြေးတိုင်စိုက်ပေး

မှန်ကန်သောမြေစာရင်းရရှိရန် မြေပြင်တွင် လက်ရှိမြေ အသုံးပြုမှုစာရင်းကို မြေပုံများတွင် မှတ်တမ်းတင်ရပါသည်။ ယင်းကဲ့သို့ မှတ်တမ်းတင်ခြင်းကို ကြေးတိုင်စိုက်ခြင်းဟု ပညာရှင်များက သတ်မှတ်ကြသည်။ ကြေးတိုင်စိုက်ရန်အတွက် ကြေးတိုင်အဖွဲ့ (Settlement Party) ဖွဲ့စည်း တာဝန်ပေးအပ်ရသည်ဟု လေ့လာသိရှိရပါသည်။ နှစ် ၂၀ တွင်တစ်ကြိမ် ကြေးတိုင် တိုင်စိုက်ကြောင်း၊  လေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံတွင် မြောင်းမြခရိုင်၌ ၁၉၃၈ -၁၉၄၀ ပြည့်နှစ်တွင် နောက်ဆုံးတိုင် စိုက်ခဲ့ကြောင်း ကြေးတိုင်မစိုက်ခဲ့သည်မှာ နှစ် ၈၀၀ ကျော်ကြာ ခဲ့ပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ မြေစာရင်းများ မှန်ကန်မှု ရှိ၊ မရှိကို မှန်းဆနိုင်ပါသည်။ နှစ် ၈၀ အတွင်း မြေပုံ၊ မြေပြင် ကွဲလွဲချက်များစွာ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ပါသည်။  ထိုကဲ့သို့ မြေပုံ၊ မြေပြင်ကွဲလွဲမှုများကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းထားနိုင်မှသာ မှန်ကန်သော မြေစာရင်းများ ရရှိမည်ဟု ယူဆပါသည်။ မြေယာစီမံခန့်ခွဲရာတွင် စနစ်တကျ ဖြစ်စေရေး၊ မြေစာရင်းမှန်ကန်ရေးသည်လည်း လွန်စွာ အရေးပါလျက်ရှိရာ settlement Party များ ဖွဲ့ပြီး အဆင့်မြင့် မြေတိုင်းကိရိယာများ၊ ခေတ်မီနည်းပညာများကို အသုံးပြုကာ စနစ်တကျ လေ့ကျင့်ပေးထားသော အဆင့်မြင့် နည်းပညာ အသုံးပြုနိုင်သည့် လူသားအရင်းအမြစ်များဖြင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော မြေစာရင်းရရှိရေးအတွက် သင့်တော်သော ဘဏ္ဍာငွေ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ Settlement Party ဖွဲ့စည်းဆောင်ရွက်စေသင့်ကြောင်း ထင်မြင်ယူဆမိပါသည်။

မြေမျိုးတစ်မျိုးတည်းအပေါ် ဥပဒေအမျိုးမျိုးဖြင့် စီမံခန့်ခွဲမှု မရှိစေရေးဝန်ကြီးဌာန အသီးသီးက ပေါင်းစည်းပေး

မြေယာစီမံခန့်ခွဲမှု၏ နောက်ထပ်အရေးကြီးဆုံးအချက်မှာ သက်ဆိုင်ရာမြေယာဥပဒေများ၊ တစ်ဆင့်ခံ ဥပဒေများဖြစ်သည့် နည်းဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို အလွယ်တကူ ကိုးကားနိုင်အောင် ဆောင်ရွက်ပေးနိုင်ရမည် ဖြစ်ပါသည်။ ပြုစုထားသောဥပဒေများ၊ တစ်ဆင့်ခံ ဥပဒေများသည်လည်း လွယ်ကူရှင်းလင်းပြီး အများပြည်သူများ လွယ်ကူစွာ နားလည်နိုင်သည့် ဥပဒေများ ဖြစ်ရန်လိုအပ်ပါသည်။ အချို့သောဥပဒေများမှာ ကိုလိုနီခေတ်က ဥပဒေများဖြစ်သည့်အတွက် ရှင်းလင်းလွယ်ကူမှုမရှိခြင်း၊ ခေတ်ကာလအခြေအနေနှင့် ကိုက်ညီ မှုမရှိသောကြောင့် ပြန်လည်ပြုပြင်ရေးဆွဲရန် လိုအပ်ပါသည်။ ဝန်ကြီးဌာနအသီးသီးက မိမိတို့စီမံခန့်ခွဲသည့် မြေအမျိုးအစား အသီးသီးအတွက် မိမိတို့ကိုင်တွယ် ကျင့်သုံးသော ဥပဒေများကို ရှင်းရှင်းလင်းလင်း သိရှိပြီး ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ပါသည်။ မြေမျိုး တစ်မျိုးတည်းကို စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာ ထပ်နေခြင်းမျိုးမှာ ရှုပ်ထွေးမှုများ၊ ပြဿနာများ မြောက်မြားစွာ ပေါ်ပေါက်လာနိုင်ပါသည်။ ထိုကဲ့သို့ဖြစ်ပေါ်စေရေး ဝန်ကြီးဌာန အသီးသီးအနေဖြင့် မိမိတို့ကျင့်သုံးသည့် မြေယာဥပဒေများကို ပြန်လည်စီစစ်ပြီး မြေမျိုးတစ်မျိုးတည်းအပေါ် ဥပဒေအမျိုးမျိုးနှင့် စီမံခန့်ခွဲမှု မရှိစေရေး ပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

မြေယာစီမံခန့်ခွဲမှု ထိရောက်စေရေး မြေယာစီမံ ခန့်ခွဲမှုလုပ်ငန်းစဉ် Standard Operating Procedure (SOP) များ ရေးဆွဲပေး

မြေယာအငြင်းပွားမှုများ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက မြေယာဥပဒေ အသီးသီးကို ရှင်းလင်းလွယ်ကူစွာ ခိုင်ခိုင်မာမာချမှတ် ပြဌာန်းထားရမည်ဖြစ်ပါသည်။ မြေယာစီမံခန့်ခွဲမှုများနှင့် ပတ်သက်၍လည်း ရှင်းလင်းလွယ်ကူသည့် အမျိုးအစားအလိုက် မြေယာစီမံခန့်ခွဲသည့် လုပ်ငန်းစနစ် Standard Operating Procedure (SOP) များကိုလည်း အဆင့်လိုက် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို တိတိကျကျ ရေးဆွဲထားသင့်ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက စီမံခန့်ခွဲသော မြေအမျိုးအစားသီးသီးအတွက် ဥပဒေများ၊ တစ်ဆင့်ခံဥပဒေဖြစ်သည့် နည်းဥပဒေနှင့် အမိန့်ညွှန်ကြားချက်များအပေါ် အခြေခံ၍ SOP များကို တိတိကျကျ ရှင်းရှင်းလင်းလင်း ရေးဆွဲထားရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ရေးဆွဲလိုက်နာစေမှသာ ထိရောက်မှုရှိသည့်၊ ရှင်းလင်းလွယ်ကူမှုရှိသည့်၊ စနစ်တကျ အဆင့်ဆင့်အကောင်အထည်ဖော်နိုင်မည့် မြေအမျိုးအစားအလိုက် စံချိန်မီ မြေယာစီမံခန့်ခွဲမှု လုပ်ငန်းစနစ်များကို ရရှိမည်ဖြစ်ပါသည်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြေယာအမျိုးမျိုးကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးတို့အတွက် စံချိန်မီမြေယာစီမံခန့်ခွဲမှု လုပ်ငန်းစနစ်များ ပြုစုလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

SOP များကို ရေးဆွဲပြီး ဌာနအသီးသီးနှင့် ပြည်သူများ သိရှိအောင် ဖြန့်ဝေထားသင့်

မြေယာစီမံခန့်ခွဲမှုများ စနစ်တကျဖြစ်စေရေး လွယ်ကူရှင်းလင်း ထိရောက်မှုရှိစေရေးအတွက် ဝန်ကြီးဌာန အသီးသီးက စီမံခန့်ခွဲသော မြေအသီးသီး၏ စီမံခန့်ခွဲလုပ်ငန်းစနစ် SOP များကိုလည်း ဥပဒေ၊ တစ်ဆင့်ခံ ဥပဒေများပေါ်တွင် မူတည်ပြီး ရေးဆွဲကြရမည်ဖြစ်ပါသည်။ SOP ဆိုသည်မှာ  (SOP) is a set of stepby-step instructions complied by an organization to help workers carry out complex routine operation. SOPs aim to achieve efficiency, quality output and uniformity of performance, while reducing miscommunication and fallure to comply with industry regulations. ဟု  wikipedia တွင် ဖော်ပြထားပါသည်။ မြေအမျိုးအစားအလိုက် မြေစီမံခန့်ခွဲမှုများကို လျင်မြန် ထိရောက်၊ မှန်ကန်၊ တိကျစွာ အဆင့်အလိုက် ဆောင်ရွက်သည့် စနစ်များဖြစ်သည့် မြေယာအမျိုးအစားအလိုက် SOP များ ပေါ်ထွန်းလာအောင် ဝန်ကြီးဌာနအသီးသီးက မိမိတို့ကျင့်သုံးသည့် မြေယာအမျိုးအစားစီမံခန့်ခွဲသည့် လုပ်ငန်းစနစ် SOP များကို ရေးဆွဲပြီး ဌာနအသီးသီးနှင့် ပြည်သူသိရှိအောင် ဖြန့်ဝေထားသင့်ပါသည်။ သို့မှသာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းအဆင့်များ ကြာမြင့်ချိန်များကို စနစ်တကျသိရှိပြီး သက်ဆိုင်ရာဌာနများက မြေယာများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။ ပြည်သူလူထုကလည်း မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းများ အဆင့်များ၊ ကြာမြင့်မည့်အချိန်များကို သိရှိပြီး ဌာနဆိုင်ရာများအပေါ် ယုံကြည်ကိုးစားမှုများ တိုးတက်လာမည်ဖြစ်ပါသည်။ SOP ဆိုသည်မှာ ဥပဒေများ တစ်ဆင့်ခံဥပဒေများကို အခြေခံပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစနစ်များကို အဆင့်လိုက် ရှင်းလင်းလွယ်ကူစွာ ရေးဆွဲထားခြင်းဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

ညီညီမင်း (ထွေ /အုပ်)