နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကယားပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

လွိုင်ကော် ၁၆ ဇန်နဝါရီ 

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လမ်းညွှန်အမှာစကား ပြောကြားသည်။

 

1


တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက မိမိအနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိပါကြောင်း၊ မိမိတို့သည် ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းနေသည့်နိ်ုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ ထိုသို့ ကူးပြောင်းရာတွင် ရှေးရိုးစွဲလမ်းဟောင်းများမှ လမ်းသစ်များဖောက်ထွက်ရခြင်းများ ရှိပါကြောင်း၊ ယခုအချိန်ကာလတွင် တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှသာ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်”အဖြစ် တည်ဆောက်မည်ဟု ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံသူ နိုင်ငံသားအားလုံး သာတူညီမျှမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု အခွင့်အရေးများရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မပါဘဲ ပြည်ထောင်စုဟု ပြော၍မရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်မည်ဟု ပြောခြင်းဖြစ်ပါကြောင်း။

 

အချို့သည် အပြောင်းအလဲကို တွန့်ဆုတ်နေမှု၊ ဝန်လေးနေမှု၊ စိုးရိမ်ပူပန်မှုများ ရှိနေနိုင်ပါကြောင်း၊ အပြောင်းအလဲကို လောကနိယာမတရားဖြင့် ပြောရမည်ဆိုပါက မပြောင်းလဲသည့် အမှန်ကန်ဆုံးတရားမှာ ပြောင်းလဲခြင်းပင်ဖြစ်ပါကြောင်း၊ သက်ရှိသက်မဲ့ အားလုံးသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါကြောင်း၊ ယင်းပြောင်းလဲမှု အရှိန်တွင် လိုက်ပါဆောင်ရွက်နိုင်မှသာ ရှင်သန်ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ ပြောင်းလဲရာတွင် တိုင်းသူပြည်သားများအတွက်၊ နိုင်ငံတော်အတွက် အခြေခံအုပ်မြစ်မှာ ဒီမိုကရေစီ အခြေခိုင်ရန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရတစ်ဖွဲ့လုံး ပြောင်းသွားရုံဖြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တစ်ဖွဲ့လုံးပြောင်းလိုုက်ရုံဖြင့် ယင်းကို ဒီမိုကရေစီပြောင်းလဲမှုဟု ပြော၍မရပါကြောင်း၊ အစိုးရအဖွဲ့ ပြောင်းလဲရုံဖြင့် အုပ်ချုပ်မှုယန္တရားတစ်ခုလုံး ပြောင်းလဲသွားခြင်း မဟုတ်ပါကြောင်း၊ အောက်ခြေမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးက နိုင်ငံတော်၏ ပြောင်းလဲလာသည့် မူဝါဒများကို အကောင်အထည်ဖော်ပြီး လိုက်ပါပြောင်းလဲနိုင်မှသာ အပြောင်းအလဲဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း။

 

အပြောင်းအလဲတစ်ခုကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံးက တက်ညီလက်ညီ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ပုံစံကျနေသည့် အလေ့အထများကို ပြုပြင်ပြောင်းလဲပေးနိုင်မှသာ တိုင်းပြည်နှင့် နိုင်ငံသူနိုင်ငံသားများကလည်း ပြောင်းလဲလာမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အပြောင်းအလဲတစ်ခု ဖော်ဆောင်ရန်အတွက် မိမိကိုယ်ကို မည်မျှပြောင်းလဲနိုင်ပြီကိုလည်း ဆန်းစစ်ကြရန် လိုအပ်ပါကြောင်း၊ မိမိကိုယ်ကို ပြောင်းလဲနိုင်မှသာ အခြားသူများကို ပြောင်းလဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးက လက်အောက်ရှိ အမှုထမ်း၊ အရာထမ်းများ၏ စိတ်ဓာတ်များ၊ အလေ့အကျင့်များ ပြောင်းလဲစေရေး ဆောင်ရွက်ပေးရန်၊ လမ်းညွှန်ပေးရန်နှင့် ပြုပြင်ပေးရန် လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာ၊ ကြောက်ရွံ့စရာ မဟုတ်ပါကြောင်း၊ အားလုံးက တက်ညီလက်ညီဖြင့် မိမိကိုယ်တိုင်၏ အသိတရား၊ ဆင်ခြင်တုံတရားဖြင့် လိုက်ပါဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

မိမိတို့သွားလိုသည့် အုပ်ချုပ်ရေးသည် နိုင်ငံသူနိုင်ငံသားအားလုံး ဆူကျုံနိမ့်မြင့်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးဂုဏ်သိမ်မရွေး၊ လူမှုရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အတူ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်း ညီမျှမှု၊ ဥပဒေအရညီမျှမှု ရှိရမည်ဖြစ်ပါကြောင်း၊ ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရပါကြောင်း၊ အားလုံးသည် ဥပဒေရှေ့မှောက်တွင် ဥပဒေပါအတိုင်း၊ ဥပဒေနှင့်အညီ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဒီမိုကရေစီတိုင်းပြည်နှင့် ညီညွတ်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီဟု ဆိုရာတွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီသည် စည်းကမ်းကို လိုက်နာရမည်၊ ဥပဒေကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ ယင်းသည် ဒီမိုကရေစီ၏ အခြေခံမဏ္ဍိုင်ပင်ဖြစ်ပါကြောင်း။

 

ယခုအခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် အခြားသူများထက်ပို၍ အလုပ်လုပ်နိုင်ရမည်၊ အနစ်နာခံနိုင်ရမည်၊ စွန့်လွှတ်နိုင်ရမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူက ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်ဖြစ်ပါကြောင်း၊ ပြည်သူကို ကောင်းစွာအလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း၊ မိမိတို့သွားချင်သည့် အုပ်ချုပ်ရေးသည် တရားမျှတပြီး တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပြုသည့် အုပ်ချုပ်ရေးဖြစ်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်သည့်အုပ်ချုပ်ရေး မဖြစ်စေရန်လိုအပ်ပါကြောင်း၊ မိမိတို့ သွားချင်သည့် ယန္တရားသည် ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့်၊ ပြည်သူကိုဗဟိုပြု၊ ပြည်သူကို မျက်နှာမူသည့် ယန္တရားဖြစ်ရန် ထမ်းဆောင်ကြစေလိုပါကြောင်း။


ဥပဒေပြုရေးမဏ္ဍိုင်သည် ပြဋ္ဌာန်းထားသည့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်စေချင်ပါကြောင်း၊  ထိုသို့ လိုက်နာဆောင်ရွက်မှသာ မိမိတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်သည် ဟန်ချက်ညီမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီကျင့်စဉ်အတိုင်း အပြန်အလှန် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်းတို့ဖြင့် ဆောင်ရွက်မှသာ လုပ်ငန်းများ အဆင်ပြေချောမွေ့မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အတ္တကို ဗဟိုပြုပြီး လုပ်ဆောင်ခြင်းထက် ပရကိုဗဟိုပြုပြီး လုပ်ဆောင်ကြပါက အောင်မြင်မည်ဖြစ်ပါ ကြောင်း။

 

ယခုတက်ရောက်လာကြသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ အထက်အဖွဲ့အစည်းသို့ မှန်မှန်ကန်ကန် သတင်းအချက်အလက်များ ပေးစေလိုပါကြောင်း၊ သို့မှသာ မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် ဥပဒေနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။

 

တရားစီရင်ရေးမဏ္ဍိုင်သည် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အရေးကြီးသည့် မဏ္ဍိုင်တစ်ခု ဖြစ်ပါကြောင်း၊ ဥပဒေ၏ စံနှုန်း၊ စံထားများဖြင့် မှန်မှန်ကန်ကန် စိစစ်နိုင်မှသာ တရားဥပဒေ စိုးမိုးမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှ ဒီမိုကရေစီနိုုင်ငံတော်ကို အထောက်အပံ့ဖြစ်မည် ဖြစ်ပါကြောင်း၊ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်မှ တရားမျှတသည့် လူ့အဖွဲ့အစည်း ဖြစ်လာမည်ဖြစ်ပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းခိုင်မာမှ ဒီမိုကရေစီ ခိုင်မာမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီတည်တံ့ခိုင်မြဲခြင်းသည် ဖက်ဒရယ်စနစ်ကို အထောက်အပံ့ဖြစ်ပါကြောင်း၊ ဖက်ဒရယ်စနစ် တည်ထောင်ခြင်းသည်လည်း ဒီမိုကရေစီကိုအားပေးပါကြောင်း။

 

မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများထက် ပြည်သူလူထု နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဦးစားပေး ဖြေရှင်းပေးစေလိုပါကြောင်း၊ ယခုသွားနေသည့် နိုင်ငံတော်၏ မူဝါဒများကို တက်ညီလက်ညီ စုပေါင်းအင်အားဖြင့် အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ သို့မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက လွှတ်တော်ရေးရာလုပ်ငန်း ဆောင်ရွက်မှုများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်က တရားလွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရားစီရင်ရေးတွင်အမှုများကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမှုစစ်ဆေးစဉ်ကာလအတွင်း အမှုသည်တို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နစ်နာမှုများ မဖြစ်စေရေးအတွက် မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင်ရန် လိုအပ်ပါကြောင်း၊ သက်သေခံပစ္စည်းများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်သွားရန်လိုပါကြောင်း၊ တရားစီရင်ရေးတွင် လွတ်လပ်သော တရားစီရင်ရေးဖြစ်၍ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအပိုင်းမှ ဝင်ရောက်မစွက်ဖက်စေလိုပါကြောင်း၊ အဆင့်ဆင့်သော တရားသူကြီးများက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စများတွင် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှ ပါဝင်ပတ်သက်မှု မရှိစေရန်၊ မူးယစ်ဆေးဝါး သတင်းများနှင့်စပ်လျဉ်း၍ ဖုံးကွယ်လျစ်လျူရှုမထားစေရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင်လည်း အဓိက ပင်ရင်းလုပ်ကိုင်နေသူများကို ဖမ်းဆီးရမိရန် လိုအပ်ပါကြောင်း။

 

ဥပဒေပြုရေးအပိုင်းတွင် မေးခွန်း၊ အဆိုများနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့်အညီ တင်သွင်းကြရမည်ဖြစ်ပါကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး အကျိုးရှိသည့် ဥပဒေများကိုသာ ပြဋ္ဌာန်းရန်လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ အရည်အချင်းမြင့်မားမှ လွှတ်တော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း။

 

မဏ္ဍိုင် ၃ ရပ်သည် တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်မှုမရှိဘဲ အပြန်အလှန် ထိန်းကျောင်းယှဉ်တွဲ လုပ်ဆောင်ရန်လိုအပ်ပြီး ယှဉ်ပြိုင်လုပ်ဆောင်မှုမျိုး မလုပ်စေလိုပါကြောင်း၊ အစိုးရကောင်း တစ်ရပ်သည် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကြိုတင်ခန့်မှန်းတွက်ချက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်မှုယန္တရား တရားမျှတကောင်းမွန်သည်နှင့်အမျှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းပါက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်စေပါကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံးက ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

2


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

33


ယင်းနောက် နိ်ုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော်ရှိ တောင်ကွဲစေတီတော်မြတ်ကြီးနှင့် မြို့နာမ်စေတီတော်တို့သို့ သွားရောက်ဖူးမြှော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကပ်လှူပူဇော်ကာ ဂေါပကများထံ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ မွန်းလွဲပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။ 

 

(သတင်းစဉ်)