နိုင်ငံတော်သမ္မတဦးဝင်းမြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံမှာကြား

နေပြည်တော်  ၉  သြဂုတ်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့် အဖွဲ့ဝင်များအားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားသည်။

တွေ့ဆုံစဉ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ ၁ဝ ဖွဲ့ ဖွဲ့စည်းထားမှုအခြေအနေ၊ နိုင်ငံတော်သမ္မတရုံးမူးယစ်ဆေးဝါးအထူးသတင်းပေးတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိအရေးယူဆောင်ရွက်မှုအခြေအနေ၊ တိုင်ကြားစာအရ ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအခြေအနေ၊ အထူးစစ်ဆင်ရေးဆောင်ရွက်မှုများ၊ ၂ဝ၁၈ခုနှစ်မှ ၂ဝ၁၉ ခုနှစ် ဇူလိုင်လအထိ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုအခြေအနေ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းများသိမ်းဆည်းရမိမှုအခြေအနေ၊ လက်နက်ခဲယမ်း ပါဝင်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအခြေအနေ၊ ပင်လယ်ပြင်ဖမ်းဆီးရမိမှုအခြေအနေ၊ ပင်လယ်ပြင်သို့ မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းအခြေအနေ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းပြောင်းလဲလာမှုအခြေအနေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ရန်ပုံငွေရရှိရေး ဆောင်ရွက်မှုအခြေအနေ၊ ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင်ထည့်သွင်းရန် စီစဉ်ထားသည့် ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးဥပဒေနှင့် နည်းဥပဒေပြင်ဆင်ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လူငယ်များပြုစု ပျိုးထောင်ရေးစခန်းများ လွှဲပြောင်းပေးအပ်မှုအခြေအနေ၊ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောမှုများ၊ နိုင်ငံတော်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်မှု အခြေအနေတို့ကိုရှင်းလင်း တင်ပြသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး  ရဲမှူးချုပ်ဝင်းနိုင်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကမိမိတို့အနေဖြင့် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုလသမဂ္ဂကွန်ဗင်းရှင်း သဘောတူညီချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်း အသီးသီးနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဗဟိုအဖွဲ့တွင်ပါဝင်သော ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ယူထားသည့်ကဏ္ဍအလိုက် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အရှိန်သေမသွားစေဘဲ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန်မှာကြားလိုပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးများ၏ ဘေးအန္တရာယ် ကိုအသိပညာပေးရေး၊ ဆေးဝါးသုံးစွဲသူများအားကုသပေးရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက်ပေးစေလိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကိစ္စရပ်များကို မျက်ခြေမပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် လုပ်ငန်းဆောင်ရွက်မှုများကို လည်းနိုင်ငံသားများ သိရှိစေရေးအတွက် စဉ်ဆက်မပြတ်သတင်းထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးကိစ္စရပ်သည် နိုင်ငံတော်၏အရေးကိစ္စဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်ပိုမိုအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ မူးယစ်ဆေးဝါးအမှုကိစ္စရပ်များနှင့်ပတ်သက်၍ စစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရဲကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်သေခံပစ္စည်းများကို ဥပဒေနှင့်အညီသိမ်းဆည်းကြရန်လိုအပ်ပြီး တရားရုံးအမိန့်နှင့်အညီ မြန်မြန်ဆန်ဆန်စီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ ချီးမြှင့်ထိုက်သူများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ အစားထိုးသီးနှံ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့အတွက် လိုအပ်သည့် အစီအစဉ်များချမှတ်ရန် လိုအပ်ကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် လိုအပ်သလိုလုပ်ငန်းအဖွဲ့များကိုဖွဲ့စည်းပေးပြီး တာဝန်များသတ်မှတ်ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ ပြုလုပ်သင့်ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ အောင်မြင်မှုအတိုင်းအတာကို စိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများစဉ်ဆက်မပြတ် ရှိစေလိုကြောင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက နိုးနိုးကြားကြားတက်တက်ကြွကြွဖြင့် ယခုထက်ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြစေလိုပါကြောင်း လမ်းညွှန်မှာကြားသည်။

 

mdn

 

တွေ့ဆုံပွဲသို့  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတင်မြင့်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးလှကျော်၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီး ညွှန်ကြားရေး မှူးချုပ် ဦးနိုင်ဆွေဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင် ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးချမ်းအေး၊ ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီးမင်းဟိန်းတို့ တက်ရောက်ကြသည်။

သတင်းစဉ်