နိုင်ငံတကာစံနှုန်းမီ ကျောင်းပို့ကျောင်းကြိုယာဉ် ပြေးဆွဲမှုစနစ်

သိပ္ပံစာရေးဆရာကိုကိုအောင်

 

ကျောင်းကြိုပို့ယာဉ်များ
ကမ္ဘာ့ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကျောင်းပို့ကျောင်းကြို ယာဉ်များကို School Bus ဟူ၍ လည်းကောင်း၊ School Ferry ဟူ၍လည်းကောင်း၊ School Limousine ဟူ၍လည်းကောင်း အမည်လှလှ ကလေးများပေး၍ ပြေးဆွဲစေလျက်ရှိသည်။ မည်သို့ပင် အမည်နာမ တပ်ထားစေကာမူ တကယ့်အနှစ်သာရများက အတူတူပင်ဖြစ်သည်။ မူကြိုတက်မည့် ကလေးများ အရွယ်မှစ၍ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများ သက်သောင့် သက်သာနှင့် အန္တရာယ်ကင်းစွာ စီးနင်းလိုက်ပါနိုင်အောင် စီစဉ်ထုတ်လုပ် ပေးထားသော ကျောင်းပို့ကျောင်းကြို ဘတ်စ်အရွယ်အစား အမျိုးမျိုးတို့သည် ကျောင်းဖွင့်ရာသီ၏ ကျောင်းဖွင့်ရက်များတွင် အများပြည်သူသုံး လမ်းမများပေါ်၌ အနာဂတ်မျိုးဆက်သစ် ကလေးများကို တင်ဆောင်မောင်းနှင် သွားလာလျက်ရှိနေကြသည်။

အများပြည်သူတို့ လိုက်ပါစီးနင်းနိုင်အောင် ဘတ်စ်အရွယ်အစား အမျိုးမျိုးတို့ကို တပ်ဆင်ထုတ်လုပ် ရောင်းချနေသော မော်တော်ကား ကုမ္ပဏီကြီးများသည် ငါးယောက်စီးမှ ကိုးယောက်စီးအရွယ် မိုက်ခရိုဘတ်စ် (Mirco-Bus)၊ ၁၄ ယောက်စီးမှ အယောက် ၂၀ စီး အရွယ် မီနီဘတ်စ် (Mini-Bus)၊ ၂၃ ယောက်မှ ၄၈ ယောက်အထိ လိုက်ပါစီးနင်းနိုင်သော ဘတ်စ်(Bus) စသည်တို့ကို ပြောင်းလဲလာသော ခေတ်ကာလနှင့်အညီ ဒီဇိုင်းများကိုပါ လိုက်လျောညီထွေ ပြောင်းလဲထုတ်လုပ်လာခဲ့သည်။ ဘတ်စ်များ ထုတ်လုပ်ရာ၌ပင် ရိုးရိုးဘတ်စ်များအပြင် City Bus ၊ Couch ၊ Limousine ၊ Airport Bus စသည်ဖြင့် အသုံးပြု မည့်နေရာ၊ အသုံးပြုလိုသည့် လုပ်ငန်းသဘောသဘာဝတို့နှင့် ကိုက်ညီသော ဘတ်စ်ပုံစံအမျိုးမျိုးတို့ကိုပါ ထုတ်လုပ်ရောင်းချ ပေးလျက်ရှိနေကြသည်။

သီးခြားဖွဲ့စည်းတပ်ဆင်မှု
ထိုကဲ့သို့သော ဘတ်စ်ပုံစံနှင့် အရွယ်အစားအမျိုးမျိုး ရှိနေကြသည့်အထဲတွင် ကျောင်းပို့ ကျောင်းကြိုယာဉ်အဖြစ် အသုံးပြုမည့် ဘတ်စ်များကို သီးခြားပုံစံ၊ သီးခြားဖွဲ့စည်း တပ်ဆင်မှုတို့ဖြင့် သီးသီးသန့်သန့် ထုတ်လုပ်ပေးကြရသည်။ ယေဘုယျအားဖြင့် ကျောင်းပို့ကျောင်းကြိုယာဉ်အဖြစ် အသုံးပြုမည့် ဘတ်စ်များတွင် အတက်အဆင်း လွယ်ကူကျယ်ဝန်း အောင် ထားရှိပေးရသည်။ လွယ်လင့်တကူ မကွဲမရှနိုင်သော အရည်အသွေးမြင့် လေကာမှန်၊ ပြူတင်းမှန်များကို တပ်ဆင် ပေးရသည်။ ထိုင်ခုံတိုင်းအတွက် သက်စောင့်လုံခြုံရေးခါးပတ်နှင့် လေအိတ်များအပြည့်အစုံ တပ်ဆင်ပေးရသည်။ ရှေ့နောက် ထိုင်ခုံတစ်လုံး နှင့် တစ်လုံးအကြား လုံလောက်သော အကျယ်အဝန်းရှိအောင် ထားရှိပေးရသည်။ ဝဲယာထိုင်ခုံတန်းများ အကြားရှိ အလယ်လျှောက်လမ်းကို သာမန်ဘတ်စ်များထက် ပိုမိုကျယ်ဝန်းအောင် ထားရှိပေးရသည်။ နောက်ဘက်၌ အရေးပေါ် ထွက်ပေါက်တစ်ခု ထားရှိပေးရသည်။ လေဝင်လေထွက်စနစ်နှင့် လေလှည့်ပတ်မှုစနစ် ကောင်းမွန်အောင် ခေါင်မိုးအမြင့် (Hi-Roof) ပြုလုပ်ပေးရသည်။ လုံလောက်သော အတွင်းခန်း မီးအလင်းရောင်များ တပ်ဆင်ပေးရသည်။ အဝေး ကကြည့်လျှင် ကျောင်းပို့ကျောင်းကြိုကားမှန်း သိသာစေသော အမှတ်အသားများကို အပြည့်အစုံ တပ်ဆင်ပေးထားရသည်။

ဘေးကင်းရေး ဦးစားပေး
အတတ်ပညာရော၊ အသိပညာကိုပါ တစ်ပါတည်း ရှာဖွေဆည်းပူးနေကြရသည့် လူ့ဘဝ ပထမအရွယ် ကျောင်းသား ကျောင်းသူကလေးများအဖို့ တစ်ဦးချင်းတစ်ယောက်ချင်း ကျောင်းသွားကျောင်းပြန် ပြုလုပ်ကြခြင်းထက် ကျောင်းပို့ ကျောင်းကြို ဘတ်စ်များကို အသုံးပြုကာ စီးနင်းလိုက်ပါကြခြင်းအားဖြင့် နုနယ်ငယ်ရွယ် စဉ်ကတည်းက လူမှုအသိုင်း အဝိုင်းနှင့် နေထိုင်ဆက်ဆံတတ်ခြင်း၊ ပတ်ဝန်းကျင်ကို ထိတွေ့ရင်း လေ့လာအကဲခတ်နိုင်ခြင်း၊ စည်းလုံးပျော်ရွှင်မှု ရရှိခြင်း၊ မိမိကိုယ်မိမိ ယုံကြည်အားကိုးမှုပို၍ ရှိလာခြင်းစသော ကောင်းကျိုးများစွာကို ရရှိနိုင်ကြသည်။ ကျောင်းသားအရွယ် လူမမယ်ကလေးများ ဖြစ်ကြသည့်အတွက် ၎င်းတို့ လိုက်ပါစီးနင်းကြမည့် ကျောင်းပို့ကျောင်းကြို ဘတ်စ်များကို ထုတ်လုပ်ရာ၌ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သက်သောင့်သက်သာ ဖြစ်စေရေးတို့ကို ရှေ့တန်းတင် ဦးစားပေးစဉ်းစားကာ တွက်ချက်တပ်ဆင် ထုတ်လုပ်ပေးကြရခြင်းလည်း ဖြစ်သည်။

ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများ၌မူ ပစ်ကပ်ယာဉ်နှင့် လိုက်ထရပ် (Light Truck)ကဲ့သို့ သော ကုန်တင်ယာဉ်ငယ်များကို ကျောင်းပို့ ကျောင်းကြိုကားများအဖြစ် အသုံးပြုလျက် ရှိနေကြဆဲဖြစ်သည်။ အာဆီယံ ဒေသတွင်းနိုင်ငံများ ဖြစ်ကြသည့် ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့၌ ပစ်ကပ်နှင့် ကုန်တင်ယာဉ်ငယ်များကို ကျောင်းပို့ ကျောင်းကြိုယာဉ်များအဖြစ် အသုံးပြုနေကြသည်ကို စိုးရိမ်ဖွယ်တွေ့ မြင်နေရသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ စသော အာရှဒေသတွင်း နိုင်ငံများ၌လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ အလားတူပင် အာဖရိက တိုက်အတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများစွာတို့၌လည်း ကျောင်းပို့ကျောင်းကြို ယာဉ်များအဖြစ် ပစ်ကပ်နှင့် ကုန်တင်ယာဉ်ငယ်များ ကိုသာမကဘဲ ကုန်တင်ယာဉ်ကြီးများကိုပါ အသုံးပြုနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင် နိုင်ကြသည်။

အရေးကြီးသော ကဏ္ဍတစ်ရပ်
နိုင်ငံတစ်နိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရာ၌ လည်းကောင်း၊ အဆင့်မြှင့် တင်ရာ၌ လည်းကောင်း၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ လည်းကောင်း၊ ကျောင်းပို့ ကျောင်းကြိုယာဉ်များ၏ အခန်းကဏ္ဍကိုပါ ဦးစားပေးစဉ်းစားကာ သုံးသပ်စီမံကြရမည် ဖြစ်သည်။ မြို့ပြတစ်ခု၏ ကျောင်းပို့ကျောင်းကြို သယ်ယူ ပို့ဆောင်ရေးသည် အဆိုပါမြို့ပြ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသည်ကို မမေ့လျော့ရန် လိုအပ်သည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် မည်မျှအခြေကျနေသည်၊ မည်မျှအောင် မြင်နေသည်ကို သုံးသပ်ရာတွင် ကျောင်းတက် ကျောင်းဆင်းချိန်များ၌ ကျောင်းပို့ကျောင်းကြို ဘတ်စ်ပြေးဆွဲပေးနေမှု မည်မျှလျင်မြန်ချောမွေ့ သွက်လက် နေသည်၊ မည်မျှ ဘေးအ္တရာယ် ကင်းရှင်းနေသည်၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ၊ ဆရာဆရာမများ မည်ရွေ့ မည်မျှ ကျေနပ်ပျော်ရွှင် စိတ်ချမ်းသာနေကြသည် စသည့် အကြောင်းချင်းရာများကိုပါ အရေးကြီး ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစား သုံးသပ်ကြရမည်ဖြစ်သည်။

လုံခြုံချောမွေ့သောစနစ်
လုံခြုံစိတ်ချချောမွေ့ပြီး သက်သောင့်သက် သာရှိသော ကျောင်းပို့ကျောင်းကြို ဘတ်စ်ပြေးဆွဲမှုစနစ်သည် ကျောင်းသား ကျောင်းသူများ၏ မိဘများကိုပါ အလုပ်အကိုင်မပျက် စိတ်အေးချမ်းသာရှိစေသည့်အတွက် မိသားစုများအလိုက် ထိုက်သင့်သော တိုးတက်မှုများကို ရရှိစေသည်။ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီကို မိသားစု တစ်စုချင်းစီက အိမ်သုံးကား၊ လုပ်ငန်းသုံးကားများနှင့် လိုက်ပို့ပေးနေကြသည့်အတွက် ဖြစ်ပေါ်လာနိုင်သော ကျောင်းချိန်အတွင်း ယာဉ်ကြော ကျပ်မှုကိုလည်း များစွာလျှော့ချပေးနိုင်သည်။ လောင်စာဆီများသုံးစွဲရသည့် ပမာဏကိုလည်း များစွာလျော့ကျစေသလို မြို့ ပြလေထုအတွင်းသို့ ကာဗွန်ဓာတ်ငွေ့များ ထုတ်လွှတ်မှုများကိုပါ သိသိသာသာ လျှော့ချနိုင်သည်။

ကျောင်းပို့ ကျောင်းကြိုယာဉ်များအဖြစ် အသုံးပြုနေကြသော ပစ်ကပ်ယာဉ်နှင့် ကုန်တင်ယာဉ်ငယ်များပေါ်၌ လိုက်ပါ စီးနင်းနေကြရသော ကျောင်းသားကျောင်းသူများ၏ မိဘများမှာ အသက်အန္တရာယ် အကာအကွယ်မရှိသော ထိုကားများ ကြောင့် မိမိတို့၏ ရင်သွေးကလေးများကို အိမ်ပြန်မရောက်မချင်း စိတ်ပူနေကြရသည့်အတွက် မိမိတို့၏အလုပ်ကို စိတ် အေးချမ်းသာစွာ မလုပ်နိုင်ကြပေ။ ထို့ပြင် အဆိုပါ ပစ်ကပ်နှင့် ကုန်တင်ယာဉ်ငယ်များပေါ်၌ လိုက်ပါစီးနင်းနေကြရသော ကျောင်းသား ကျောင်းသူ ကလေးများမှာလည်း မိမိတို့၏ အသက်အန္တရာယ်အတွက် အကာအကွယ်မဲ့ နေကြသည်။

ကားအိတ်ဇောပိုက်မှ ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနော့ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက် စသော အဆိပ်ဓာတ်ငွေ့များကို နေ့စဉ်နီးပါး ရှူရှိုက်နေကြရသည်။ ဘေးပတ်ဝန်းကျင်၌ ပျံ့လွင့်နေသော အန္တရာယ်ရှိ အမှုန် အမွှားများကို ထိတွေ့ရှူရှိုက် နေကြရသည်။ ကားအစိတ်အပိုင်းများ လည်ပတ်မှု၊ ပွတ်တိုက်မှုနှင့် တုန်ခါမှုများမှ ထွက်ပေါ်လာနိုင်သော Asbestos ခေါ် ကျောက်ဂွမ်းမှုန့်များကို ထိတွေ့ရှူရှိုက် နေကြရသည်။

ဓာတ်ငွေ့များ၏အန္တရာယ်
မော်တော်ကား အိတ်ဇောပိုက်များမှ ထွက်ရှိလာသော စွန့်ထုတ်ဓာတ်ငွေ့များ အားလုံးသည် လူတို့အတွက် အဆိပ်ဖြစ်စေသည် သာမကဘဲ  Global Warming ခေါ် ကမ္ဘာကြီးပူနွေးမှုကိုပါ ဖြစ်ပေါ်စေသည်။ လူတို့အတွက် အဆိပ်ဖြစ် သည်ဟုဆိုရာ၌ပင် ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ က အ္တရာယ်အရှိဆုံးဖြစ်သည်။ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့သည် အရောင်အဆင်း လည်းရှိ၊ အနံ့လည်းရှိပြီး၊ လျှာနှင့်တွေ့ထိပါက ဆိုးရွားသော အရသာပါရှိနေသဖြင့် သိသာလှသော်လည်း ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ကမူ အရောင်လည်းမဲ့၊ အနံ့လည်းမရှိ၊ အရသာလည်း ကင်းသောကြောင့် မိမိဝန်းကျင်တစ်ဝိုက်၌ ကာဗွန်မိုနော့ ဆိုက်ဓာတ်ငွေ့ ရှိနေသည်ကို မသိရှိနိုင်ကြပေ။ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့ကို ရှူရှိုက်မိပါက ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းများထဲ၌ ရှိနေသော အောက်ဆီဂျင်များကို စုပ်ယူပေါင်းစပ် လိုက်ခြင်းကြောင့် ကိုယ်တွင်း အင်္ဂါများ၏ ပုံမှန်လုပ်ဆောင်ချက်များ ကမောက်ကမဖြစ်လာ လိမ့်မည်ဖြစ်သည်။ ရှူရှိုက်မိသောပမာဏများ ပြားလာပါက ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်များ ရပ်တန့်သွားကာ သတိလစ်မေ့မြော သွားလိမ့်မည်ဖြစ်သည်။ ထိုအခြေအနေမျိုး၌ ဆေးရုံဆေးခန်းများသို့ အချိန်မီမရောက်ခဲ့လျှင်သော်လည်းကောင်း၊ အချိန်မီရောက်ရှိသည့်တိုင် အကြောင်းကြောင်းကြောင့် ပြုစုကုသပေးမှု နောက်ကျခဲ့လျှင်သော်လည်းကောင်း အသက်ဆုံးရှုံးသွားနိုင်သည်။

အလားတူပင် မော်တော်ကား၌ တပ်ဆင်အသုံးပြုထားသော အိတ်ဇောပါကင်ပြားများ၊ ကလပ် ပလိပ်ပြားများနှင့် ဘရိတ်ရှူး များတွင် ပါဝင်နေနိုင်သော Asbestos ခေါ် ကျောက်ဂွမ်း မှုန့်တချို့မှာ မော်တော်ကား အစိတ်အပိုင်းများ၏ လည်ပတ်မှု၊ ပွတ်တိုက်မှုနှင့် တုန်ခါမှုများကြောင့် ထွက်ပေါ်လာနိုင်ပြီး ၎င်းအမှုန့်များသည် အသက်ရှူလမ်းကြောင်းထဲမှတစ်ဆင့် အဆုတ်အတွင်းသို့ ရောက်သွားပါက အဆုတ်အတွင်း၌ နှစ်ပေါင်းများစွာ ခိုအောင်းနေပြီး ထိုမှတစ်ဆင့် အဆုတ် ကင်ဆာအထိ ဖြစ်ပွားလာနိုင်သည်ကိုလည်း သတိပြုကြရမည် ဖြစ်သည်။ ၎င်းကျောက်ဂွမ်းမှုန့်များ အဆုတ်အတွင်းသို့ ရောက်ရှိနေသည်ကို အနှစ် ၂၀ ခန့်ကြာမှသာ သိရှိနိုင်ပြီး သိရသည့် အချိန်မှစ၍ ၎င်းကျောက်ဂွမ်းမှုန့်များကို အဆုတ်အတွင်းမှ အကုန်အစင် ပြန်ထွက်သွားအောင် ကုသမှုခံယူချိန်ကလည်း ၁၀ နှစ်ခန့်အထိပင် ကြာမြင့်နိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များက သတိပေး ထောက်ပြထားကြသည်။

ကျောင်းပို့ ကျောင်းကြိုယာဉ်များအဖြစ် အသုံးပြု နေကြသော ပစ်ကပ်နှင့် ကုန်တင်ယာဉ်ငယ်များ၏ အကာအကွယ်မဲ့ မှုများကြောင့် လိုက်ပါစီးနင်းကြသည့် နုနယ်ငယ်ရွယ်သော ကျောင်းသားကျောင်းသူ ကလေးများမှာ အန္တရာယ် အလွန်ကြီး သော ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ အပါအဝင် အဆိပ်ဓာတ်ငွေ့ အန္တရာယ်၏ သားကောင်ဖြစ်သွားနိုင်သလို အနာဂတ်ဘဝ တစ်သက်တာလုံးတွင် နာတာရှည်ရောဂါအဖြစ် စွဲကပ်ကျရောက်သွားစေနိုင်သော ကျောက်ဂွမ်းမှုန့်၏ အန္တရာယ်ကိုလည်း ကျောင်းကားစီးပြီး ကျောင်းတက်နေသရွေ့ စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြရလိမ့်မည် ဖြစ်သည်။

နိုင်ငံတကာစံနှုန်းမီအောင်
ထို့ကြောင့်ပင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်၏ အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည့် ကျောင်းပို့ကျောင်းကြို ယာဉ် ပြေးဆွဲမှုကို နိုင်ငံတကာစံနှုန်းမီသော မှန်လုံယာဉ်များ ဖြစ်ကြသည့် မိုက်ခရိုဘတ်စ်၊ မီနီဘတ်စ်၊ ဘတ်စ်များဖြင့် အစားထိုး လုပ်ဆောင်သွားခြင်းဖြင့် အနာဂတ် မျိုးဆက်သစ်ကလေးများ၏ ကျန်းမာရေးနှင့် ပညာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေး တို့ကို နည်းလမ်း မှန်ကန်စွာ အထောက်အကူပြု သွားကြရမည် ဖြစ်ပေသည်။    ။