နိုင်ငံတကာပွဲများအတွက် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယူ-၂၂ အသင်းတို့ လေ့ကျင့်ပြင်ဆင်

ရန်ကုန် ၂၁ သြဂုတ်

မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပွဲများအတွက် စခန်းဝင်လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
 
ယင်းနှစ်သင်းစလုံးသည် သြဂုတ် ၁၉ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး လက်ရွေးစင်အသင်း၌ ရွေးချယ်ခံထားရသည့် ထိုင်းလိဂ်တွင် သွားရောက်ကစားနေသူများမှာ သြဂုတ်စတုတ္ထပတ်မှ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။  မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ရာဒူလိုဗစ်သည် စက်တင်ဘာတွင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ဇွန်လက စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားခဲ့သည့် လူစာရင်းမှ ကစားသမားအများစု ပြန်လည်ပါဝင်လာသည်။ 

မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား-ကျော်ဇင်ထက်၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ ပြည့်ဖြိုးအောင် (Southern)၊ နောက်တန်း-ဇော်မင်းထွန်း(ချောင်ဘူရီ)၊ စိုးမိုးကျော်၊ ဇော်လင်း၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ ဇော်ရဲထွန်း၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော် (ရှမ်းယူနိုက်တက်)၊ ရွှေလှိုင်ဝင်း (ဟံသာဝတီ)၊ အောင်ဝဏ္ဏစိုး(ဇွဲကပင်)၊ အလယ်တန်း-ရန်အောင်ကျော်၊ မောင်မောင်လွင် (ရန်ကုန်)၊ လွင်မိုးအောင်၊ တင်ဝင်းအောင် (ဧရာဝတီ)၊ ကြည်လင်း၊ ဇွန်မိုးအောင် (ဇွဲကပင်)၊ သန်းထက်အောင် (ဆာမတ်ဆာခွန်)၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ဆွမ်လမန် (ရှမ်းယူနိုက်တက်)၊ ရန်နိုင်အောင် (ဟံသာဝတီ)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ ဝင်းနိုင်စိုး (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်)၊ အောင်ကောင်းမာန် (ဧရာဝတီ)၊ ပြည်မိုး (မကွေး)နှင့် ကောင်းစည်သူ (Southern)တို့ ပါဝင်ကြသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ဂျပန်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ယင်းပွဲများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သြဂုတ် ၃၀ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ် ပိုပေါ့ဗ်သည် ယခုနှစ်အတွင်း ဖွဲ့စည်းခဲ့သည့်အသင်းမှ ကစားသမားအများစုကို အခြေခံကာ ကစားသမားသစ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး- ဘုန်းသစ္စာမင်း (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊  စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ ဇင်ညီညီအောင် (အား/ကာသိပ္ပံ)၊ နောက်တန်း- သူရိန်စိုး၊ ထူးခန့်လွင် (ရန်ကုန်)၊ဇင်ရဲနောင်၊ စိုးထက်ဝင်း၊ သန်းထိုက်ဇင် (အား/ကာသိပ္ပံ)၊  အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးဝေ (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း (ရှမ်းယူနိုက်တက်)၊ ကျော်သူထွန်း (မကွေး)၊ အလယ်တန်း-ပြည့်မောင်မောင်၊ ကျော်မျိုးနိုင်၊ မင်းမြတ်စိုး၊ ဝေလင်းအောင် (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ လွင်မိုးအောင် (ဧရာဝတီ)၊ နေမိုးနိုင်၊ ဇင်မင်းထွန်း၊ စိုးလွင်လွင် (မကွေး)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ရှေ့တန်း-အောင်ကောင်းမာန် (ဧရာဝတီ)၊ ပြည့်စုံနိုင်၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်)နှင့်  သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။  မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် လိဂ်ပြိုင်ပွဲအသီးသီးတွင် ခြေစွမ်းပြကစားနေသည့် ကစားသမားများကို ဇူလိုင်လဆန်းမှ သြဂုတ်လလယ်အထိ စမ်းသပ်လေ့ကျင့်မှုများပြုလုပ်ပြီးနောက် ပဏာမလူစာရင်းတွင် ကစားသမားသစ်များ ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ် ၁၉ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှု တောက်လျှောက်ပြုလုပ်မည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အောက်တိုဘာတတိယပတ်တွင် ကာတာနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်သည်။

ညီမြတ်သော်တာ