နိုင်ငံတကာတွင် ပြသနိုင်မည့် ဇာတ်ကားမျိုး ပို၍ဖန်တီးလာနိုင်ကြကြောင်း အကယ်ဒမီ နေတိုး ပြောကြား

မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးကြသည့် ပရိသတ်အချို့၏ ဝေဖန်မှုများ မြင့်တက်လာ ခဲ့ပြီးနောက်ပိုင်း မြန်မာရုပ်ရှင်ဇာတ်ကားကောင်းများ ပြန်လည်ပေါ်ထွန်းလာကာ နိုင်ငံတကာအထိ သွားရောက်ပြသနိုင်သော အရည်အသွေးရှိသည့် ဇာတ်ကားများ ကိုပင် ထုတ်လုပ်ရိုက်ကူးလာနိုင်သည့် အခြေအနေများလည်း ရှိလာခဲ့ရာ အဆိုပါ မြန်မာ့ရုပ်ရှင် အပြောင်းအလဲများနှင့်ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီ နေတိုး က ယခုလို သုံးသပ်ပြောကြားသည်။

“အဓိကကတော့ နိုင်ငံတကာပွဲတော်တွေကိုသွားတဲ့ ရုပ်ရှင်တွေမှာ ဇာတ်လမ်း ပုံစံတွေနဲ့ တင်ဆက်ပြသထားပုံတွေက ပိုအရေးကြီးပါတယ်။ ဇာတ်ကားတိုင်းတော့ သွားပြလို့မရသေးဘူး။ ကျွန်တော်တို့က ဒီရုပ်ရှင်ပွဲတော်တွေကို သွားနိုင်ဖို့ ရုပ်ရှင် ဇာတ်ကား အရည်အသွေးတွေကို ဦးစားပေးပြီး ကျွန်တော်တို့ရိုက်ချင်တဲ့ ဇာတ်လမ်း အမျိုးအစား၊ နောက် နိုင်ငံတကာက စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေလည်း ဖြစ်ဖို့ လိုပါတယ်။ အဘက်ဘက်က ပြည့်စုံဖို့ လိုအပ်ပါတယ်။ အခု နောက်ပိုင်းမှာ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာကိုပြနိုင်တဲ့ ဇာတ်ကားမျိုးတွေ ပိုပြီးတော့ ဖန်တီးလာ နိုင်တာတွေကိုလည်း တွေ့ရပါတယ်”ဟု နေတိုးက ပြောသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ရုံတင်ခဲ့သော ဒုဠဝတီကိုလွန်၍၊ ဥပါယ်တံမျဉ်၊ မုန်းစွဲ၊ မီ စသည့် ရုပ်ရှင်ဇာတ်ကားများသည် ပြည်တွင်း လူငယ်ဒါရိုက်တာများ၏ ကြိုးစားမှု၊ မြန်မာ့ရုပ်ရှင်အပေါ် စေတနာထားမှုတို့ကို သိသာထင်ရှား မြင်သာစေသလို ရုံတင် စဉ်ကလည်း ရက်ကြာရှည်စွာပြသခဲ့ရသော အောင်မြင်သည့် ဇာတ်ကားများလည်း ဖြစ်ခဲ့သည်။ ထိုသို့ ဇာတ်ကားကောင်းများ ထွက်ပေါ်လာခြင်းမှာ မြန်မာ့ရုပ်ရှင်အပေါ် ပရိသတ်၏ စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာစေသည့် အလားအလာလည်း ဖြစ်သည်။

နေတိုးက ဆက်လက်၍  “ရုပ်ရှင်အရွေ့ကတော့ အရှင်းဆုံးပြောရရင် ကျွန်တော် တို့ရဲ့ ရုပ်ရှင်သည် ဒစ်ဂျစ်တယ်ခေတ်တစ်ခုကို ပြောင်းလဲလိုက်တဲ့အချိန်မှာ ရုပ်ရှင် ဖလင်နဲ့ ကြားထဲမှာရှိနေတဲ့ ဗီဒီယိုဆိုတဲ့ ရိုက်ကူးမှုပြုလုပ်ခဲ့တဲ့ အချိန်ကာလတစ်ခုက ရုပ်ရှင်ဘက်ကို ရွေ့သွားတယ်။ အဲဒီအချိန်မှာ တချို့ လုပ်ကိုင်တဲ့ အပိုင်းလေးတွေမှာ မှားယွင်းစွာ လုပ်ကိုင်မိတာတွေလည်းရှိတယ်။ နောက် ကျွန်တော်တို့ ပရောဂျက် တစ်ခုကို လုပ်ဆောင်တဲ့အချိန်မှာ အရင်တုန်းက ရုပ်ရှင်ခေတ်တုန်းကလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို မလုပ်တော့ဘဲ ကြားထဲမှာ ဗီဒီယိုရိုက်ကူးမှုပုံစံမျိုးတွေကို အကျင့်တွေ ပါခဲ့တာတွေလည်း ရှိခဲ့ဖူးတယ်။ အဲဒီအရွေ့တွေကို ကျော်လွန်ပြီးတော့ တကယ်ကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ကင်မရာ၊ အလင်းအမှောင်၊ ဇာတ်ညွှန်းပိုင်းတွေ အဘက်ဘက်က ပြည့်စုံအောင် ကြိုးစားလာတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသနိုင်မယ့် ဇာတ်ကားမျိုးကို စိစစ်ပြီးတော့ ရိုက်ကူးနိုင်ဖို့ လိုအပ်သလို ပြည်တွင်းဈေးကွက်က လက်ခံ အားပေးနေတဲ့ ဇာတ်လမ်းအမျိုးအစားကိုလည်း ရိုက်ကူးဖို့ လိုအပ်ပါတယ်။ မြန်မာ့ရုပ်ရှင် ဆိုတာကတော့ မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ရိုက်တဲ့ ဇာတ်ကားတွေလည်း သပ်သပ်ရှိတယ်၊ နိုင်ငံတကာကိုသွားရမယ့် ဇာတ်လမ်းအမျိုး အစားကလည်း သပ်သပ်ရှိနေပါတယ်” ဟု ပြောသည်။

ယနေ့အချိန်တွင် မြန်မာ့ရုပ်ရှင်အပေါ် ပရိသတ်၏ ဝေဖန်မှုများနှင့် ပတ်သက်၍လည်း နေတိုးက “ရွေ့လျားနေတဲ့ ဒီကာလတစ်ခုမှာ ကျွန်တော်တို့ ပရိသတ်တွေက မကောင်းရင် မကောင်းတာကို ဝေဖန်တတ်လာတယ်။ ပြောဖို့အတွက် အခွင့်အရေးတွေလည်း များလာတယ်၊ ဒီဘက်က ထုတ်လုပ်ရေးတွေဘက်ကလည်း ဇာတ်ကားတွေကို သေချာစိစစ်ပြီးတော့ ရိုက်ကူးလာတာတွေကိုလည်း မြင်တွေ့ရပါတယ်။ အရင်တုန်းကဆိုရင် ဇာတ်ကားရုံတင်လိုက်ရင် ပရိသတ်တွေဆီက ဝေဖန်အကြံပြုမှုကို သိပ်မကြားရပါဘူး။ အခု ဆိုရှယ်မီဒီယာတွေ ပေါ်လာတော့ ကောင်းရင် ကောင်း တယ်၊ မကောင်းရင် မကောင်းဘူးဆိုတာတွေကို ပရိသတ်တွေက ကျွန်တော်တို့ကို တိုက်ရိုက် ပြောပြနိုင်လာပါတယ်။ ဒါကြောင့်အနုပညာရှင်တွေရော၊ ထုတ်လုပ်သူတွေရော သူတို့နဲ့ဆိုင်ရာဆိုင်ရာ အပိုင်းတွေဖြစ်တဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းအပိုင်းတွေ၊ သရုပ်ဆောင်တဲ့ အမူအယာပိုင်းတွေကို သေချာလုပ်လာတယ်လို့  မြင်ပါတယ်။ ဒါကလည်း ပရိသတ်တွေက ကောင်းတဲ့အချက်၊ မကောင်းတဲ့အချက်တွေကို ဝေဖန် ထောက်ပြလာနိုင်တာကြောင့် ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ကိုလင်း