နိုင်ဝန်ကိုထမ်း လျှောက်မယ့်လမ်း

mdn

သတင်းဆောင်းပါး - သိုက်စိုးထွန်း(နတ်ရွာ)

 

ဘဝခရီးကို “သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့်၊ ရေပွက်ပမာ တစ်သက်လျာ”လို့ အနန္တသူရိယအမတ်ကြီး က တင်စားညွှန်းဆိုခဲ့ပါတယ်။ ဘဝက သိပ်ကိုတိုတောင်း “လွန်းတယ်လို့ပဲ ဆိုကြပါစို့။ တိုတောင်းလှတဲ့ ဘဝ ခရီးမှာ -တချို့တစ်ဝက်သော အချိန်ကာလတွေကလည်း ကုန်ဆုံး “လွန်မြောက်ခဲ့ပြီးပြီဆိုတော့ ကိုယ်ရည်ရွယ်ရာပန်းတိုင်ကို ရောက်ဖို့ဆိုရင် ကြိုးစားအားထုတ်နိုင်မယ့် လက်ကျန် အချိန်တွေက တဖြည်းဖြည်းနဲ့ နည်းသထက်နည်းလာ ပြီလို့ပြောရတော့မှာပေါ့။ စက္ကန့်၊ မိနစ်နာရီတွေတရွေ့ရွေ့ ကုန်ဆုံးနေတာကို သတိမူမိ သလိုလို၊ မမူမိသလိုလိုနဲ့ဘဲ ကာလတချို့ကို ဖြတ်သန်းလွန်မြောက်လာခဲ့တာ ဒီကနေ့ ဒီအချိန်အထိဆိုပါတော့။

 

တကယ်လို့သာဘဝကတချို့ ဂိမ်းကစားနည်းတွေ ထဲကလို အချိန်မှတ်ထားတဲ့ကိရိယာတစ်ခုနဲ့ ဘယ်နှမိနစ် အတွင်း ပြီးအောင်ကစားရမယ်၊ ဘယ်နှစက္ကန့်အတွင်း ပြီးအောင်ကစားရမယ်ဆိုတဲ့ သတ်မှတ်ချက်များပါခဲ့ရင်၊ တကယ်လို့ အဲဒီသတ်မှတ်ချက်ကို သိလည်းသိခွင့်ရမယ် ဆိုရင် လူတွေ ဘယ်လောက်များ ပျာယာခတ်နေလိုက် ကြမလဲလို့ စဉ်းစားစရာပါပဲ။ ဓမ္မဒေသနာတွေအရ “ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ"မှာ ဘဝတစ်ခုရဲ့ ခရီးဆုံးကိုရောက်သွားနိုင်တယ်လို့သတိပေး နေကြပေမယ့် ဒီလိုသတိပေးတာက ဟိုလူ့ကိုပဲပေးနေ သလိုလို၊ ဒီလူ့ကိုပဲပေးနေသလိုလို၊ ကိုယ့်ကိုရည်ရွယ်ပြီး ပြောဆိုနေတာ မဟုတ်သလိုလိုနဲ့ လိုလို၊ လိုလိုနဲ့သာ ဘာသိဘာသာ အမှုမဲ့၊ အမှတ်မဲ့နေလိုက်ကြတာပါပဲ။

 

ခရီးက ရှည်လျားပါတယ်။ ဘယ်လောက်ပဲ တိုတောင်းတယ်လို့ပြောနေပေမယ့် ကိုယ့်စိတ်နဲ့ သုံးသပ် ကြည့်လိုက်တဲ့အခါကျတော့ ခဏလေးပါလားဆိုတဲ့ အတွေးစိတ်ထက် ရှည်လျားလှပါလားဆိုတဲ့ အမြင် ကသာ လွှမ်းမိုးနေတတ်ပြန်ပါတယ်။ ဒါပေမဲ့ မရှည် ဘူးတဲ့။ ပညာရှိပုဂ္ဂိုလ်တွေရဲ့ အဆိုအရ သိပ်တော့ မရှည် လှပါဘူးတဲ့။ သံသရာခရီးကသာရှည်ပြီး တစ်ဘဝဆိုတာ ကတော့ တိုတိုလေးပါပဲတဲ့။

 

တစ်မျိုးတော့ ကောင်း

 

ဘဝကိုခရီးတစ်ခုနဲ့ တင်စားကြည့်မယ်ဆိုကြပါစို့။ ဒီခရီးက ခရီးဆုံးကို အမြန်ရောက်နိုင်မယ့်ခရီးလား၊ ဒါမှ မဟုတ် ရှည်ကြာဦးမှာလားဆိုတာကို သေချာ မသိနိုင်ပါဘူး။ ကောင်းလည်းကောင်းပါတယ်။ သိမထား တာကလည်း တစ်မျိုးတော့ ကောင်းပြန်တာပါပဲ။ မနက်ဖြန် ခရီးဆုံးကိုရောက်တော့မယ်ဆိုတာကို သိနေခဲ့ရင် အခုလို စိတ်လက်ပေါ့ပါးစွာနဲ့ နေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဘယ်အချိန်မှာ ဘာဖြစ်မယ်၊ ကိုယ့်အတွက် အချိန်ဘယ်လောက်ရမယ်ဆိုတာကို မသိနိုင်တာ ကလည်း တစ်မျိုးတော့ ကောင်းပါတယ်။

 

ဘဝကိုအချိန်ကာလနဲ့တည်ဆောက်ယူရတာပါတဲ့။ ကျင်လည်ရာဘဝခရီးမှာ တစ်နေ့ချင်း တစ်ရက်ချင်း ကိုယ်ဘာတွေလုပ်ဆောင်ခဲ့သလဲဆိုတာကို မူတည်ပြီးတော့ ကိုယ်ဘယ်လိုလူ ဖြစ်လာသလဲဆိုတဲ့ အခြေအနေတွေ ကွဲပြားသွားတာပါပဲတဲ့။ တချို့လူတွေက နှစ်ပေါင်းတစ်ရာဝန်းကျင်အထိ အသက်တွေရှည်သွားကြပေမယ့် သူကွယ်လွန်သွားတာနဲ့ အများက မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီး တချို့ကျတော့ နှစ်ပေါင်း - သုံးလေးဆယ်လောက်သာ ရှင်သန်ခွင့်ရခဲ့ပေမယ့် အများက သူ့ကိုထာဝရ မမေ့ကြဘူးတဲ့။ ချုပ်ကြည့်လိုက်ရင် သူ့ဘဝခရီးလမ်းမှာ သူ့အချိန်တွေကို ဘယ်နေရာတွေ အတွက် အသုံးချခဲ့သလဲဆိုတဲ့အချက်အပေါ် မူတည်ပြီး  အပြောင်းအလဲတွေဖြစ်နေကြတာကို တွေ့ရပါသတဲ့။

 

ဒီနေရာမှာ တင်ပြလိုတာကတော့ ခရီးနှင်နေတဲ့  ကာလတစ်လျှောက်မှာ ကိုယ်စီကိုယ်စီ ထမ်းရွက်ကြရတဲ့ ဝန်တာတွေအကြောင်းပါ။ ဘယ်သူမဆို ကိုယ်နိုင်ရာ ဝန်တွေကိုတော့ ထမ်းနေကြရတာပါပဲ။ အနည်းဆုံးတော့ ခနာ့ဝန်ကို ထမ်းနေကြရတာပါပဲ။ မိသားစုဝန်ကို ထမ်းနေကြရတာပါပဲ။ အစွမ်းအစချင်း မတူတဲ့အခါ ကျတော့ ထမ်းနိုင်တဲ့ဝန်အားချင်းတော့ မတူဘူးပေါ့။ ပကတိအလေးချိန်တွေကို ထမ်းနိုင်တာချင်းလည်း မတူကြဘူး။ လုပ်ငန်းဆောင်တာတည်းဟူသော ဝန်၊ တာဝန်တည်းဟူသော ဝန်တွေကို သယ်ပိုးရွက်ဆောင် နိုင်ကြပုံချင်းလည်း မတူကြပါဘူး။ တချို့က ကိုယ့်ကိုယ် ကိုယ်တောင် တာဝန်မယူနိုင်လို့ အများအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်နေတဲ့အချိန်မှာ တချို့ကတော့ “သစ်တစ်ပင် ကောင်း၊ ငှက်တစ်သောင်းနား”ဆိုသလို အများက မှီခို အားထားရတဲ့ အခြေအနေအထိ ဝန်ဆောင်နိုင်စွမ်းတွေ ကြီးမားကြတာကို တွေ့ရမှာပါ။ မတူတဲ့အခြေအနေကို သိပြီးတဲ့ နောက်မှာတော့ ကိုယ့်အနေနဲ့ ဘယ်ဝန်ကို ဘယ်လောက်ထမ်းနိုင်မလဲဆိုတာကို ချိန်ဆရမှာပါပဲ။

 

အခါအားလျော်စွာသုံးသပ်

 

လောကသားတစ်ယောက်အနေနဲ့ လောကထဲမှာ ခရီးနှင်တဲ့အခါ ကိုယ်နိုင်ရာဝန်တွေကိုတော့ သယ်ပိုးရွက်ဆောင် သွားကြရမှာပါပဲ။ မနိုင်ဝန်ကိုထမ်းဖို့မသင့်သလို နိုင်ပါလျက်နဲ့ အကုန်လွှတ်ချထားခဲ့လိုက်မယ် ဆိုရင်လည်း  မသင့်လျော်သေးပါဘူး။ ဝန်နဲ့အား၊ မြားနဲ့လေး၊ သူ့ အိုးနဲ့ သူ့ဆန် တန်ရုံလောက်တော့ ဆောင်ရွက်ကြရမှာပါ။ ကိုယ်ထမ်းမယ့်ဝန်ကို ကိုယ့်ဘာသာချိန်ဆကြရသလို ကိုယ်က ( တစ်ဆင့် ထမ်းရွက်စေမယ့်သူတွေကိုလည်း ဝန်နဲ့ အား သဟဇာတဖြစ်မှုရှိ၊ မရှိ အခါအားလျော်စွာသုံးသပ်နေရမှာပါ။ ဘယ်သူတွေ ထမ်းနေရတဲ့ဝန်တွေက လေးလံလွန်း နေပြီ၊ သူတို့ဆီကဝန်တွေကို နည်းနည်းပါးပါးလျှော့ချသင့်နေပြီ၊ ဘယ်သူတွေကတော့ ဘာဝန်မှသိပ်မထမ်းကြ ရသေးဘူး၊ ဒါကြောင့် သူတို့ကို နည်းနည်းလောက် တာဝန် ပေးမှဖြစ်မယ် စသည်အားဖြင့် နှိုင်းယှဉ်သုံးသပ်ကြရမှာပါ။

 

စီမံခန့်ခွဲမှုနယ်ပယ်က ပညာရှင်တွေရဲ့ အဆိုအရတော့ မနိုင်ဝန်ကိုထမ်းခိုင်းတာလည်း မသင့်လျော်သလို ပေါ့ပါး လွန်းတဲ့တာဝန်တွေချည်း ပေးနေတာလည်း မမှန်ကန် သေးပါဘူးတဲ့။ ဒါနဲ့တစ်ဆက်တည်းမှာ ကြာလေလေ ဝန်ဆောင်နိုင်စွမ်းတွေ မြင့်မားလာလေလေဖြစ်လာဖို့ ကြိုးစားလေ့ကျင့်ပေးရမယ့် တာဝန်ပိုင်းလည်း ကျန်ဦးမှာ ပေါ့လေ။

 

ကိုယ်စိတ် ပင်ပန်းတာတွေဖြစ်ကြရ

 

တစ်စုံတစ်ယောက်က တာဝန်တွေအပ်နှင်းသည် ဖြစ်စေ၊ မအပ်နှင်းသည်ဖြစ်စေ ကိုယ်နိုင်ရာတာဝန်ကိုတော့ ထမ်းရွက်နေကြတာပါပဲ။ ဒီလိုထမ်းရွက်နေတဲ့ ကာလ တစ်လျှောက်မှာ ကိုယ်ထမ်းရတဲ့ဝန်ကြောင့် ကိုယ်စိတ် ပင်ပန်းတာတွေဖြစ်ကြရတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တဲ့ စိတ်တွေကြောင့် ပင်ပန်းကြရသလို အမှန်တကယ်ထမ်းရွက်ထားရတဲ့ဝန်တွေရဲ့ လေးလံမှု ကြောင့် ကိုယ်ပင်ပန်းကြရတာလည်း ရှိမှာပါပဲ။ ကိုယ့်ဝန် ကြောင့် ကိုယ့်မှာပင်ပန်းတာက ထားလိုက်ပါတော့။ သူများထမ်းမယ့်ဝန်ကြောင့် ကိုယ့်မှာ စိတ်ပင်ပန်းနေကြရ တာမျိုး လည်း ရှိတတ်သေးပြန်ပါတယ်။

 

ကိုယ်ကလည်း ဘဝခရီးကို ကိုယ့်ဝန်ကိုယ့်တာနဲ့ကိုယ် လျှောက်လှမ်းနေတဲ့သူ။ တစ်ပါးသူတွေကလည်း သူတို့ရဲ့ ဘဝခရီးကို သူတို့ဝန်သူတို့တာနဲ့သူတို့ လှမ်းလျှောက်နေကြ သူတွေ။ ဒီအခြေအနေမှာ ဟိုလူထမ်းတဲ့ဝန်ကတော့ သူ့ပင်ကို အစွမ်းအစနဲ့ ကွာဟလွန်းနေတယ်။ နိုင်တဲ့အားထက် ထမ်းတဲ့ဝန်က သိပ်ကိုပေါ့ပါးလွန်းနေတယ်၊ သိပ်ကိုရေသာ ခိုလွန်းနေတယ် စသည်အားဖြင့် တောင်တောင်အီအီ တွေးတောတတ်တဲ့ အတွေးတွေကြောင့် စိတ်ပန်းမှုတွေ ဖြစ်လာတယ်။ နိုင်ဝန်ကိုမထမ်းတဲ့အတွက် မကျေနပ် ဘူးပေါ့။ သူလုပ်သင့်သလောက် ဘာကြောင့် မလုပ်တာလဲ၊ တကယ်ဆို ဒီထက် နှစ်ဆသုံးဆလောက်ကို ပိုလုပ်ရမှာ စသည်အားဖြင့် ကိုယ့်အတွေးနဲ့ကိုယ် ချောင်ပိတ်မိနေပြီး မကျေမနပ်တွေ ခံစားနေရတတ်ပါတယ်။ ကိုယ့်ကျတော့ ဒီလိုတွေထမ်းနေရတယ်၊ သူ့ကျတော့ ပေါ့ပါးလိုက်တာ ဆိုတဲ့ အတွေးမျိုးကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက် သလို ဖြစ်နေတတ်ပါတယ်။

 

ယုတ်လျော့သွားတတ်

 

တကယ်တော့ လူတိုင်းလူတိုင်းက ကိုယ်ထမ်းနေရတဲ့ ဝန်ကိုမှ အလေးဆုံးလို့ ထင်နေတတ်ကြတာပါပဲ။ ကိုယ် ချည်းပဲ အလုပ်လုပ်နေရတယ်လို့လည်း ထင်မိတတ်ကြ ပါတယ်။ ဒီအတွေးချည်းသက်သက်ဆိုရင်တော့ တော်သေး တယ်လို့ပြောရမှာပါ။ ကျန်တဲ့သူတွေ အလုပ်မလုပ်ကြဘူး လို့ပါ ဆက်တွေးမိရင်တော့ မကျေမနပ်စိတ်တွေ ဝင်လာ တတ်ပါတယ်။ သေချာလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ သူသူကိုယ်ကိုယ်မှာ ကိုယ်စီတာဝန်တွေနဲ့ အလုပ်တွေ များနေကြတာကို တွေ့မြင်နိုင်မှာပါ။ ကိုယ်မြင်ရတွေ့ရတဲ့ အပိုင်းက အလုပ်ပါးလျားနေချိန်၊ တာဝန်ပေါ့ပါး နေချိန်တွေ ဖြစ်နေလို့ “သူ့မှာတော့ဖြင့် ဟန်ကျလိုက်တာ” ဆိုတဲ့ အတွေးမျိုးဝင်မိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို တွေးနေမိရင် ကိုယ့်ရဲ့ အင်အားတွေလည်း အလိုလိုနေရင်း ယုတ်လျော့သွားတတ်ပါတယ်။

 

လူတစ်ယောက်ရဲ့ ဘဝမှာ လုပ်ကိုင်ဆောင်ရွက်စရာတွေက အများကြီးပါ။ ကိုယ့်အကျိုးစီးပွားအတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းတွေပါသလို အများအကျိုး အတွက် ဆောင်ရွက်ရမယ့်အလုပ်တွေကလည်း တော်တော် များပါတယ်။ ဒီလိုများပြားလှတဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကိုယ့်မှာ အားပြည့်အင်ပြည့် ဖြစ်နေဖို့လိုပါတယ်။ အစွမ်းအစဆိုတာ ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ်အကန့်အသတ်ရှိပါတယ်။ ကိုယ်လိုသလောက် တော့ ရမှာ မဟုတ်ပါဘူး။

 

အစွမ်းအစတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ကြိုးစား

 

အကန့်အသတ်ရှိတဲ့ အစွမ်းအစတွေကို အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ကြိုးစားကြရမှာပါ။ အကျိုးမဲ့တဲ့နေရာတွေမှာ ကုန်ဆုံးသွားဖို့မသင့်ပါဘူး။ အစွမ်းအစတွေကသာ အကန့် အသတ်ရှိနေတာ မဟုတ်သေးပါဘူး။ အချိန်ကလည်း အကန့်အသတ်ရှိပါတယ်။ ဘဝခရီးမှာ ဘယ်လိုအလုပ် မျိုးတွေအတွက် ကိုယ့်အချိန်နဲ့ ကိုယ့်စွမ်းအားတွေကို အသုံးပြုခဲ့သလဲဆိုတာအပေါ်မူတည်ပြီး ကိုယ်ဘယ်လိုလူ ဖြစ်လာသလဲဆိုတာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ သူများတွေ လုပ်ကိုင်ဆောင်ရွက်တာကို ဝေဖန်သုံးသပ်တာလည်း ကျိုးကြောင်းဆီလျော်အောင် ဝေဖန်သုံးသပ် နိုင်ရင်တော့ နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းမြတ်တဲ့ အလုပ်တစ်ခု ပါပဲ။ ဝေဖန်သုံးသပ်နိုင်စွမ်းတွေရှိဖို့နဲ့ သုံးသပ်ရရှိတဲ့ အချက်အလက်တွေကို “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်း ကိုပယ်၊ နှစ်ခွန်းတည်” ဆိုတဲ့အထဲက နှစ်ခွန်းနဲ့ သင့်လျော် သလို ပြောဆိုတင်ပြနိုင်မယ်ဆိုရင်တော့ အားလုံးအတွက် အကျိုးရှိဖို့ချည်းပါပဲ။

 

လူတိုင်းမှာ ကိုယ်ကျင်လည်ရာ နယ်ပယ်ဆိုတာ ရှိကြပါတယ်။ ကျင်လည်ဖူးတဲ့ နယ်ပယ်ရဲ့ အကြောင်း၊ ကျင်လည်နေဆဲနယ်ပယ်ရဲ့ အကြောင်းဆိုရင်တော့ မျှတ မှန်ကန်တဲ့ဝေဖန်သုံးသပ်မှုကို ပြုနိုင်မယ်လို့ မျှော်လင့် ရတာပေါ့။ ဒါတောင်မှ သိပ်တော့မသေချာသေးပါဘူး။ ကိုယ်နဲ့ စိမ်းတဲ့ကဏ္ဍတစ်ခုအတွက်ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့လေ။ စမ်းတဝါးဝါးဝေဖန်ပြောဆိုတာမျိုးပဲ ဖြစ်ဖို့များတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘဝ တစ်လျှောက်လုံးကို သူများထမ်းတဲ့ ဝန်တွေအကြောင်း စဉ်းစားပြောဆိုနေရတာနဲ့တင်အချိန်ကုန်သွားစေဖို့တော့ မသင့်ပါဘူး။ ဝေဖန်သုံးသပ်ခြင်း၊ ပြန်လည်တင်ပြခြင်း ကိုက ကိုယ့်ရဲ့ အလုပ်၊ ကိုယ်ထမ်းရမယ့်ဝန်ပဲလို့ ခံယူထား တဲ့ သူတွေလည်း ရှိပါတယ်။ ဒီအလုပ်ကျတော့ သိပ်ကို ခက်ခဲသွားပြီ။ ဒီလိုလုပ်နိုင်ဖို့ဆိုရင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို ကျွမ်းကျင်နှံ့စပ်အောင် လေ့လာဖို့ လိုသွားပြီ။ ဒီလိုလုပ်နိုင်သူတွေ မရှိဘူးလားဆိုတော့ ရှိတော့ ရှိပါရဲ့။ ရှားတော့ ရှားတယ်လို့ ဆိုရမှာပါ။

 

တကယ်တော့ အာရုံစိုက်ရမယ့်အရာက ကိုယ့်ကိုယ် ကိုယ်ပါ။ ကိုယ်နိုင်တဲ့ဝန်ကို နိုင်သလောက် ထမ်းနေပြီလား။ ဒါဆိုရင် ကျေနပ်ရတော့မှာပါ။ တစ်ဖက် လူထမ်းခြင်း၊ မထမ်းခြင်းက ကိုယ်နဲ့တိုက်ရိုက်ကြီးတော့ မသက်ဆိုင် သေးပါဘူး။ ကိုယ်နိုင်သမျှ ထမ်းနေတာ သေချာပြီဆိုရင်ကို လောကကြီးအတွက် တာဝန်ကျတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

 

မြွပေူရာ ကင်းမှောင့်

 

တချို့က သူများထမ်းတဲ့ဝန်အပေါ်မှာ ပြောဆိုပုတ်ခတ်နေရင်း အချိန်တွေကုန်သွားတတ်ကြတယ်။ စေတနာ ဆိုးနဲ့တော့မဟုတ်ဘူး။ စိတ်ရင်းစေတနာအမှန်နဲ့ သုံးသပ်တာပါပဲ။ အကဲဖြတ်တာပါပဲ။ ဒါပေမဲ့ စေတနာ ဆိုတာ ပညာနဲ့ဟန်ချက်ညီညီတွဲထားနိုင်မှ လျော်ကန်တဲ့ စေတနာဖြစ်လာနိုင်တာမျိုးပါ။ ဒီလိုမှ မဟုတ်ရင် ကိုယ်ထမ်း ရတဲ့ဝန်ကမှ လေးပါတယ်ဆို ကျန်တဲ့ သူကြောင့် ပိလာတဲ့ဝန်တွေက မြွပေူရာ ကင်းမှောင့်ကုန် ကြမှာပါ။ တစ်ဖက်မှာ ကျရောတဲ့။ သူ့ဝန်ကိုသူ ထမ်းနေ ရတာကမှ လေးလံရတဲ့အထဲ ကိုယ့်ရဲ့ ဝေဖန်သုံးသပ်မှု တွေက နည်းလမ်းတကျဝေဖန်ပိုင်းခြားမှုနဲ့မတူဘဲ ထိုးနှက် တိုက်ခိုက်မှုသဖွယ်ဖြစ်သွားရင် သူ့မှာလည်း တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်သွားမှာပါ။ အခုခေတ်မှာက ဟိုတုန်းအခါ ကလို “ဟေ့၊ မောင်ဘယ်သူရေ၊ မင်းတော့ ဘယ်လိုဖြစ် နေသား"လို့ ခေါ်ပြောမှ သိရတာမျိုးမဟုတ်ဘဲ လက်ညှိုး၊ လက်မကလေးတွေ ဟိုလှုပ်ဒီလှုပ် လှုပ်လိုက်ရုံနဲ့ လူရာ ဂဏန်း၊ ထောင်ဂဏန်းတွေ့မြင်နိုင်တဲ့ အခြေအနေကို ရေခက်သွားတာပါ။ ပြောဆိုလိုက်တဲ့ စကားလုံးတစ်ခု အပေါ်မှာလည်း မှန်ကန်တာ၊ မမှန်ကန်တာ နောက်ထား လို့ အရေးအသားက ဆွဲဆောင်မှုရှိရင် ရှိသလို လူတွေ အများကြီးက ထောက်ခံကြ၊ ကန့်ကွက်ကြ၊ ပြန်လည် ဖြန့်ဝေကြနဲ့ တော်တော်ကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွား နိုင်တာပါ။ ဒါတွေကို တစ်ဖက်ကမခံနိုင်တဲ့အခါ အပြန် အလှန် ငြင်းကြခုံကြ ဥပဒေကြောင်းတွေနဲ့ ဖြေရှင်းကြနဲ့ အကျယ်အကျယ်မငြိမ်းဖွယ်တွေ ဖြစ်ကုန်တတ်ပါတယ်။ ဒါ့ကြောင့် နှုတ်နဲ့ဝေဖန်တာထက် လက်နဲ့ ဝေဖန်တာက ပိုပြီးတောင် သတိထားစရာကောင်းလာပါတယ်။

 

ဝေဖန်သုံးသပ်မှုတွေကြောင့်ပဲ လောကကြီး တိုးတက်လာတာလို့ ဆိုနိုင်စရာရှိပါတယ်။ သို့သော် လည်းပဲ ဒီဝေဖန်သုံးသပ်မှုကို ကျွမ်းကျင်လိမ္မာမှုမရှိတဲ့အခါ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားပျက်တတ်တာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဝခရီးကို လျှောက်လှမ်းနေကြတဲ့သူတွေ အချင်းချင်းကြားမှာ၊ ကိုယ်နိုင်ရာ ဝန်စည်စလယ်တွေကို ထမ်းပိုးပြီး လျှောက်လှမ်းနေကြရချိန်မှာ တစ်ဖက်လူ ထမ်းနေရတဲ့ ဝန်တွေ ပိုမိုလေးပင်မသွားစေဖို့အတွက် ဖေးမကူညီ သင့်ပါတယ်။

 

တကယ်လျှလျှောက်လှမ်းကြရပြီဆိုတော့ ကိုယ်ထမ်း ရမယ့်ဝန်ကို ကိုယ့်ဘာသာပဲ ထမ်းကြပိုးကြရတာပါ။ တခြားသူကဝင်ကူနိုင်တယ်ဆိုတာလည်း အခိုက်အတန့် တစ်ခုမျှသာပါ။ ကိုယ်ထမ်းမှကိုယ် ဖြစ်မယ်ဆိုတဲ့ ဝန် အမျိုးအစားတွေလည်း ရှိနေတတ်သေးတာပါ။

 

ကိုယ်နိုင်သမျှဝန်တွေကိုတော့ ထမ်းနေကြရတာ ပါပဲ။ ထမ်းကြရဦးမှာပါပဲ။ ထမ်းနိုင်ရွက်နိုင်တဲ့ အင်အားတွေ တဖြည်းဖြည်းတိုးလာဖို့ အတွက်လည်း ကြိုးစားကြရမှာပါပဲ။ ဘဝခရီးကို အတူတူ လျှောက်လှမ်း နေကြတဲ့ အချိန်လေးအတွင်းမှာ၊ “နိုင်ဝန်ကိုထမ်း ရွှေ့လျှောက်မယ့်လမ်းမှာ ကိုယ်တည်းဟူသော အကြောင်းကြောင့် တစ်ပါးသူတွေထမ်းနေရတဲ့ဝန်တွေ ပိုမိုလေးမလာ စေဖို့အတွက်တော့ သန်ပြုထားကြရမှာပါပဲ။

 

ထမ်းနိုင်သူတွေ၊ စွမ်းနိုင်သူတွေ၊ လှမ်းနိုင်သူတွေ ဖြစ်ကြပါစေ ။