နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ

နမိုးနီးယား (Pneumonia) လို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ အဆုတ်ကို ရောဂါပိုး ကူးစက်ခံရပြီး အအေးမိ၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာတဲ့ ဝေဒနာတစ်မျိုးပေါ့။

 

ရာသီဥတုအပြောင်းအလဲကာလတွေမှာ အဖြစ်များပေမယ့် တကယ်တမ်းအားဖြင့်တော့ အဆုတ်ကို ပိုးဝင်ခြင်းတစ်မျိုးပါ။ အဆုတ် ဘယ်ခြမ်း (သို့) ညာခြမ်း (သို့) နှစ်ခုစလုံးကိုပိုးဝင်ပြီး ရုတ်တရတ်ပြင်းထန် ပိုးကူးစက်ခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။

 

နမိုးနီးယားဖြစ်စေတဲ့ ရောဂါပိုးတွေက အများကြီးရှိပါတယ်။ ဘက်တီးရီးယားတွေရော ဗိုင်းရပ်စ် တွေရောပါ။ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ လူတိုင်းနီးပါး ဒီဝေဒနာကို ခံစားဖူးကြပါ တယ်။ ကလေးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဆုတ်ပွ၊ ပန်းနာရင်ကျပ်စတဲ့ နာတာရှည် အဆုတ်ရောဂါတစ်မျိုးမျိုးရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

 

နမိုးနီးယား ဘယ်နှစ်မျိုးရှိသလဲ

 

အကြမ်းဖျဉ်းအားဖြင့် နမိုးနီးယားလို့ ခြုံငုံပြောဆိုနေပေမယ့် နမိုးနီးယားမှာ အမျိုးအစား အများအပြားရှိပါတယ်။ နမိုးနီးယားရောဂါကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားပါတယ်။

 

          Infectious pneumonia – ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစတာတွေ ကူးစက်မှုကြောင့်ဖြစ်တဲ့ နမိုးနီးယား အမျိုးအစားပါ။ အဖြစ်များအမျိုးအစားလို့ ဆိုရပါမယ်။

 

          Chemical pneumonia – ကလိုရင်း၊ ဓာတ်ဆီစတာတွေကို ရှူရှိူက်မိတာကြောင့် ခံစားရတဲ့ နမိုးနီးယားအမျိုးအစားပါ။ ဒီနမိုးနီးယားအမျိုးအစားက ပိုးကူးစက်မှုကြောင့်မဟုတ်ပါဘူး။

 

          Traumatic pneumonia – ရင်ဘတ်၊ အရှိုက်၊ အဆုတ်စတဲ့နေရာတွေကို ပြင်းထန်စွာ ထိခိုက်မိတာကြောင့် ဖြစ်တဲ့ နမိုးနီယားရောဂါဖြစ်ပါတယ်။

 

          Walking pneumonia – သာမန်နမိုးနီးယားလို့ ခေါ်ပါတယ်။ Walking pneumonia လို့ ပြောကြတာက မပြင်းထန်လို့ လူနာက ဆရာဝန်ဆီလမ်းလျှောက်သွားနိုင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ Atypical pneumonia လို့လည်း ခေါ်ကြပါတယ်။

 

          Double pneumonia – နှစ်ဆပိုဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ အဆုတ်ရဲ့ ဘယ်ဘက်ခြမ်းမှာရော ညာဘက်ခြမ်းမှာပါ ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပြင်းထန်တဲ့ နမိုးနီးယား တစ်မျိုးဖြစ်ပြီးတော့ COVID-19 ဝေဒနာပျောက်ကင်းသွားသူတစ်ချို့ဟာ ကိုဗစ်ပိုးကင်းစင်သွားပြီး နောက်မှာ Double pneumonia ဝေဒနာ ခံစားရလေ့ရှိပါတယ်။

 

          Lobar pneumonia – အဆုတ်အတွင်းက Lobe မှာဖြစ်ပေါ်တဲ့ နမိုးနီးယားပါ။ ပြင်းထန်တဲ့အမျိုးအစားဖြစ်ပါတယ်။

 

          Aspiration pneumonia – ဒီနမိုးနီးယား အမျိုးအစားကတော့ အော့အန်တာ၊ တံတွေး ဒါမှမဟုတ် ဂတ်စ်များတဲ့အစာတွေကို စားမိတာတွေကြောင့်ဖြစ်တဲ့ အမျိုးအစားပါ။ ဓာတုပစ္စည်းတွေနဲ့ ရောဂါပိုးကူးစက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

အဖြစ်များတဲ့ နမိုးနီးယားကို ကာကွယ်နိုင်သလား

 

လူတိုင်း နမိုးနီးယားဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေး အခြေအနေမရွေးပါ။ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 သောင်းကျန်းနေတဲ့ ခုလိုအချိန်မှာ အဆုတ်ရောင်ရောဂါ နမိုးနီးယားကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

 

နမိုးနီးယားရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ဖြစ်လည်းဖြစ်လွယ်တာမို့ မဖြစ်ခင် ကတည်းက ကာကွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက နမိုးနီးယားဟာ ကာကွယ်ဆေးမရှိဘူးဆိုတာပါပဲ။ ဒါကြောင့်ဖြစ်နိုင်ခြေနည်းအောင် ကာကွယ်လို့ပဲ ရမှာပါ။

 

          လက်ကို စင်ကြယ်စွာ ဆေးပါ။

          ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ပါ။

          ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။

          အာဟာရရှိအောင် စားပါ။

          အိပ်ရေးဝအောင် အိပ်ပါ။

          ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်က အဆုတ်ကို ပျက်စီးစေပြီး ပိုးဝင်လွယ်စေပါတယ်။

          နှာချေ ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကို အကာအကွယ်လုပ်ပြီးမှ ဆိုးပါ။

          ဖျားနာနေသူတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေပါ။

 

ဒီနည်းလမ်းတွေက နမိုးနီးယားလို့ခေါ်တဲ့ အဆုပ်ရောင်ရောဂါဖြစ်မလာအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေပါပဲ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”