နမ့်ခမ်းမြို့၏ ပွဲဆောင်းဆမ်ရိုးရာဓလေ့ဘုရားပွဲတော်

ဉာဏ်မင်း(နမ့်ခမ်း) ဓာတ်ပုံ-ဝေမွန်ဖြိုး

 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်းရှိ တိုင်းရင်းသားများသည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ ဘာသာရေးပွဲတော်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့ပွဲတော်များကို လူမျိုးအလိုက် ဆင်ယင်ကျင်းပလေ့ရှိကြသည်။ ယင်းကဲ့သို့ ဆင်ယင်ကျင်းပကြရာတွင် ရှမ်းတိုင်းရင်းသားများ၏နှစ်စဉ်ကျင်းပမြဲဖြစ်သော“ပွဲဆောင်းဆမ်” ဘုရားပွဲတော်သည် နမ့်ခမ်းမြို့၏ အထင်ရှားဆုံးနှင့် ထူးခြားသည့် အစည်ကားဆုံးပွဲတော်အဖြစ်လူသိထင်ရှားကြသည်။ “ဆောင်းဆမ်”ဆိုသည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး “နှစ်ဆယ့်သုံး” ဟု အဓိပ္ပာယ်ရသည်။သီတင်းကျွတ်လဆန်း ၁ရက်မှ လပြည့်ကျော် ၈ရက်အထိရက်ပေါင်း ၂၃ရက်ကို အစွဲပြု၍ “ပွဲဆောင်းဆမ်”ဟု ခေါ်ဝေါ်သတ်မှတ်၍ လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ကျော်ကတည်းက ကျင်းပခဲ့ကြသောပွဲတော်ဖြစ်သည်။

 

“ပွဲဆောင်းဆမ်ရိုးရာဓလေ့ဘရားပွဲတော်ဟာ ဘယ်နေရာ၊ ဘယ်ဒေသမှာမှ မရှိပါဘူး၊ ကျွန်တော်တို့ နမ့်ခမ်း တစ်မြို့မှာပဲ ကျင်းပတာပါ။ရှေးဘိုးဘွားတို့ရဲ့ အစဉ်အလာလည်းဖြစ်၊ ဒီဒေသရဲ့အဓိကထားတဲ့ အကြီးကျယ်ဆုံးနဲ့အထင်ရှားဆုံးသမိုင်းဝင် အစဉ်အလာပွဲဖြစ်လို့ ကျွန်တော်တို့ကလည်း နှစ်စဉ်မပျက်ကျင်းပရတာပေါ့ဗျာ”ဟု မြို့နယ်ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းဘမြိုင်၏ ပြောပြချက်နှင့်အညီ တကယ်ပင်ကျင်းပကြသည်။

 

 

ပွဲဆောင်းဆမ်သည် ဝါကျွတ်အလှူအဖြစ် ကျင်းပသည့် ဘုရားပွဲတော်ဖြစ်ပြီး ဝါကျွတ်ပြီး သီတင်းကျွတ် လပြည့်ကျော် ၁ရက်မှ ၆ရက်အထိ မြို့ပေါ်ရပ်ကွက်ငယ်၂၁ရပ်ကွက်မှ တစ်ရက်လျှင် လေးရပ်ကွက်စုပေါင်းပြီး လူငယ်မောင်မယ်များက ညချမ်းအချိန်တွင် ပန်း၊ ဆီမီးများကိုယ်စီကိုင်လျက် ညီညာစွာစီတန်းလှည့်လည်ပြီး ရှမ်းရိုးရာအိုးစည်တီးခတ်၍ မြို့လယ်ဘုရားကြီးသို့ သွားရောက်ကာ ပန်းဆက်ကပ်ခြင်း၊ ဆီမီးပူဇော်ခြင်းဖြင့် ကုသိုလ်ပြုကြသည်။နောက်တစ်ရက် နံနက်ခင်းတွင်လည်းဘုရားကြီးကို ဆွမ်းတော်ကပ်လှူပူဇော်ကြပြီး နမ့်ခမ်းမြို့၏သမိုင်းဝင် ပထမဦးဆုံးတည်ဆောက်ခဲ့သော “သီရိမင်္ဂလာရုံ” မြို့လယ်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းတွင်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကြသည်။ ဝါကျွတ်အလှူပွဲကို သီတင်းကျွတ်လပြည့်ကျော် ၆ ရက်အထိ နေ့စဉ်လှူဒါန်းကျင်းပပြီး သီတင်းကျွတ်လပြည့်ကျော် ၇ ရက်တွင် ပွဲကြိုရက်အဖြစ် စတင်ကာ ၈ ရက်တွင် ရေစက်ချလှူဒါန်းသည့် ပွဲတော်ရက်အဖြစ် သတ်မှတ်ကျင်းပကြသည်။

 

ပွဲတော်စတင်သည့်ရက်မှစ၍ ရှမ်းရိုးရာဇာတ်သဘင်ဖြင့် ကပြဖျော်ဖြေတင်ဆက်မှုနှင့်အတူ ရပ်ကွက်/ကျေးရွာများက အိမ်လုံးကျွတ်ပွဲဝင်လည်ပတ်ကြရာ ကြက်ပျံမကျစည်ကားလှသည်။ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်များ၊ မုန့်ပဲသရေစာအမျိုးမျိုး၊ အထိမ်းအမှတ်ပစ္စည်းများ၊ ကစား စရာများရောင်းချကြသည့် ပွဲဈေးသည်ပွဲတော်ကျင်းပသည့် မြို့လယ်ဘုရားကြီးကွင်းပြင်တွင် ပြည့်လျက်ရှိရာ ပွဲတော်သို့လာရောက်ကြသူများက မိမိတို့နှစ်သက်ရာများကို အလွယ်တကူဝယ်ယူစားသောက်နိုင်ကြသည်။ ပွဲဆောင်းဆမ်ကျင်းပသည့် မြို့လယ်ဘုရားကြီးအတွင်း ပွဲစတင်သည့်နေ့မှစ၍ ပွဲပြီးမြောက်သည်အထိ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။ တစ်မြို့နယ်လုံးရှိ ရပ်ကွက်၊ကျေးရွာများမှ လူကြီး၊ လူရွယ်၊ လူငယ်များ အပါအဝင် ကလေးသူငယ်များပါမကျန်လာရောက်ကြသည်။ အချို့သော မိသားစုဝင်များက အိမ်တွင်ချက်ပြုတ်စားသောက်ခြင်းမပြုတော့ဘဲ ပွဲဈေးအတွင်းရောင်းချသည့်အစားအသောက်များကို တစ်မိသားစုလုံးလည်ပတ်ရင်းစားသောက်ကြသည်။ လူငယ်မောင်မယ်များက ရိုးရာဝတ်စုံအသစ်ကိုဒီဇိုင်းထွင်၍ အမျိုးမျိုးဆန်းသစ် ဝတ်ဆင်ကာပွဲတော်ကို နွှဲပျော်ကြသကဲ့သို့ ကလေးသူငယ်များကလည်း အဝတ်အစားသစ်များဝတ်ဆင်ပြီး မိသားစုနှင့်အတူ လည်ပတ်ကြသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်း ခွင်မှ လက်လုပ်လက်စားသမားများ၊ တောင်သူလယ်လုပ်ကိုင်ကြသူများသည် ပွဲရက်အတွင်းအလုပ်နား၍ ပွဲဝင်ကြသည်မှာ ဒေသ၏ဓလေ့တစ်ခုပင်ဖြစ်သည်။

 

 

ပွဲဆောင်းဆမ်၏ ရေစက်ချလှူဒါန်းသည့်ပွဲရက်ဖြစ်သော သီတင်းကျွတ်လပြည့်ကျော် ၈ ရက် နံနက် ၇ နာရီတွင် မြို့လယ်ဘုရားကြီးအား ဆရာတော်၊ သံဃာတော်များကအနေကဇာတင်လှူပြီး မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့နှင့် မြို့မိမြို့ဖ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းမှုအစုစုအတွက် ရေစက်ချ ကုသိုလ်ယူကြသည်။ ယခု ၁၃၈၀ ပြည့်နှစ် သီတင်းကျွတ်လပြည့်ကျော် ၈ ရက်တွင် သံဃာတော်အပါး ၄၀ဝ ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူကြသော ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ၊ စေတနာရှင်ပြည်သူများ၏ ကုသိုလ်ဒါနပြုနေပုံများကို မြင်တွေ့ရသည်မှာ ဝမ်းသာပီတိဖြစ်လျက် အားလုံးကမုဒိတာပွားကြသည်။ ရပ်ကွက်နှင့် ကျေးရွာများကလည်း မိမိတို့၏ရပ်ကွက်/ကျေးရွာချင်းအလိုက် ပဒေသာပင် ၅၇ ခုကို ပွဲအကြိုရက်နှင့် ပွဲရက်ဖြစ်သောသီတင်းကျွတ်လပြည့်ကျော် ၈ ရက် မွန်းလွဲ၁ နာရီတွင် လူရွယ်၊ လူငယ်မောင်မယ်များကရှမ်းရိုးရာဝတ်စုံ ကိုယ်စီဝတ်ဆင်ကြကာစုပေါင်းညီညာသော အကများနှင့်အတူ ရှမ်း ရိုးရာအိုးစည်ကိုတီး၍ ကိန္နရီကိန္နရာအက၊တိုးနရားအကတို့ဖြင့် မြို့တွင်းလှည့်လည်သည့်မြင်ကွင်းသည် ပွဲဆောင်းဆမ်၏သရုပ်ကိုထင်ဟပ်ပေါ်လွင်စေရုံသာမက ရှေးဘိုးဘေးတို့ လက်ထက်ကတည်းက ကျင်းပခဲ့ကြသောရိုးရာဘုရားပွဲ၏အနှစ်သာရကို မြင်တွေ့ရလေသည်။

 

နှစ်လရက် အချိန်ရာသီများ ပြောင်းလဲ၍မည်မျှပင်အချိန်ကြာညောင်းခဲ့စေကာမူ၊ ခေတ်စနစ်များ မည်သို့ပင် ပြောင်းလဲစေကာမူနမ့်ခမ်းမြို့၏ “ပွဲဆောင်းဆမ်” ဘုရားပွဲကိုမပြောင်းလဲဘဲ နှစ်စဉ်ကျင်းပမြဲ ကျင်းပလျက် ရှိကြသည်။ “ရှေးထုံးလည်းမပယ်နဲ့၊ ဈေးသုံးလည်းမြွကယ်နဲ့” ဆိုသောစကားနှင့်အညီရှေးဘိုးဘွားဘီဘင် လက်ထက်ကတည်းကကျင်းပခဲ့သည့် ထုံးတမ်းအစဉ်အလာများနှင့်အညီ ဆင်ယင်ကျင်းပလေ့ရှိကြသည်။ နောင်လာနောက်သား အစဉ်အဆက်အလိုက် နှစ်စဉ်ကျင်းပလေ့ရှိသော “ပွဲဆောင်းဆမ်”ကြောင့် သက်ကြီးရွယ်အို လူကြီးများ ဒါနသီလပြုကြရသကဲ့သို့ လူရွယ်၊ လူငယ်များကုသိုလ်လည်းယူ ပျော်ပွဲလည်းဆင် စိတ်လည်းကြည်နူး အပန်းဖြေမှုကိုလည်း ရရှိစေသည်။ရှမ်းအိုးစည်သံတညံညံနှင့်အတူ ရှမ်းရိုးရာတေးသံသာများ ပျံ့လွင့်လျက် မြူးထူးကခုန်ရိုးရာအကစုံလင်လှစွာဖြင့် နှစ်စဉ်နွှဲပျော် ကုသိုလ်တော်ယူကြရင်း နမ့်ခမ်းမြို့၏ “ပွဲဆောင်းဆမ” ဘုရားပွဲတော်သည် ရွှေလီမြစ်ဝှမ်းဒေသအတွင်း ထာဝရထင်ရှားနေသည့်ဝါကျွတ်ရိုးရာဘုရားပွဲတော် ဖြစ်ပါကြောင်းရေးသား တင်ပြလိုက်ရပါသည်။ ။

ကြေးမုံ