နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး(TVET) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ၄  ဖေဖေါ်ဝါရီ 

 

နိုင်ငံတော်အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံ တော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်မည့်သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေးအတွက် အကြံပြုမူဝါဒများ ချမှတ်ပေး နိုင်ရန် အမျိုးသားပညာရေးမူဝါဒကော်မရှင်သည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် အဆိုပါ ကော်မရှင်ရုံး၌ ကျင်းပသည်။

 

အလုပ်ရုံ ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ဒုတိယဥက္ကဋ္ဌဒေါက်တာဦးညီလှငယ်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဆွေနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဝင့်နှင့်ကော်မတီအဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဂျာမဏီအပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် သက်မွေးဝမ်းကျောင်းပညာရေးစနစ် ပြုပြင်ပြောင်းလဲ မှုနှင့်ကဏ္ဍအလိုက်အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု‘‘စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်လုပ်သားအရည်အသွေး သတ်မှတ် စိစစ်အကဲဖြတ်လုပ်ငန်းစဉ်၊ နိုင်ငံတကာသက်မွေး ဝမ်းကျောင်းပညာရေးနှင့်စပ်လျဉ်းသည့် ဆောင်ရွက်မှုအခြေအနေ၊ မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့် အကြံပြုမူဝါဒများ၊ လေ့ကျင့်သင်ကြားပေးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုစသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပြီး သက်မွေးပညာရပ်များ လေ့ကျင့်သင်တန်းပေးရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့ အစည်းများတွင် ရှိနှင့်ပြီးဖြစ်သော အရင်းအမြစ်များကို အချင်းချင်းမျှဝေ အသုံးပြုနိုင်ရန် (resource sharing)နှင့် ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအကြားတွင်  အချင်းချင်း ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန်စသည့်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကြံပြု ညှိနှိုင်းခဲ့ကြကြောင်းသိရသည်။

 

(သတင်းစဉ်)

 

DSC0183