ညောင်ဦးမြို့နယ် လက်ပံခြေပေါ် မြစ်ရေတင် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဝင်ငွေကောင်းရရှိနေ

ညောင်ဦး ၁၆  သြဂုတ်  
    

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်မြစ်ရေတင်ရေဖြင့်စိုက်ပျိုးထားသည့် ဖီးကြမ်းငှက်ပျောခြံပိုင်ရှင်များဈေးကောင်းရရှိသောကြောင့် တွက်ခြေကိုက်နေကြကြောင်း သိရသည်။
    

အဆိုပါ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် တပေါင်းလ၊ တန်ခူးလတို့တွင် ဖီးကြမ်းငှက်ပျောမျိုးများ စိုက်ပျိုးကြပြီး တပေါင်းလ၊ တန်ခူးလတွင်ပင် ပြန်လည်ငှက်ပျောစတင် ခုတ်ယူရရှိကြောင်း သိရသည်။ 


“ကျွန်တော်တို့ လက်ပံခြေပေါ်ငှက်ပျောစိုက်တောင်သူတွေကတော့ ဖီးကြမ်းငှက်ပျောပဲအစိုက်များကြတယ်။ ရခိုင်ငှက်ပျော အနည်းအကျဉ်းတော့ စိုက်သေးတယ်။ ရောင်းအားကောင်းတာက ဖီးကြမ်းငှက်ပျောပဲ ရောင်းအားကောင်းတော့ ဖီးကြမ်းငှက်ပျောပဲ စိုက်တာများပါတယ်” ဟု လက်ပံခြေပေါ် ကျေးရွာဖီးကြမ်း ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးက ပြောပြသည်။


ငှက်ပျောစိုက်ပျိုးကြရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း ဖြင့်စိုက်ပျိုးကြပြီး တစ်ပင် တစ်ကျင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် သားတက်မထားတော့ဘဲ အပင်အားလုံး အသီးသီး ပြီးလျှင် အသစ်ပြန်စိုက်ပျိုးကြကာ တစ်ကျင်းနှစ်ပင်စိုက် တောင်သူတွေကတော့ သားတက်တစ်ပင် တစ်တက်ထားကာ စိုက်ပျိုးကြကြောင်း သိရသည်။ 


ဖီးကြမ်းငှက်ပျောတစ်ခါစိုက်လျှင် သုံးနှစ်ထက်ပိုမထားကြောင်းသိရကာ ထွက်ရှိသည့် ငှက်ပျောများအား တစ်ခြံလုံးခြံပြတ်ဝယ်ယူကာ ကားများ၊ သုံးဘီးမော်တော်ဆိုင်ကယ်များဖြင့် လာရောက်ဝယ်ယူကြကာ တစ်ဖီးဈေးနှုန်း(၈၀ဝ)ကျပ်ဖြင့် တစ်ခိုင်ခြင်း ရေတွက်ရောင်းကြကြောင်း ငှက်ပျောစိုက် တောင်သူများက ပြောပြ၍သိရသည်။ 


လက်ပံခြေပေါ်ငှက်ပျော်စိုက်တောင်သူခြံများသို့ မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ ငါ့သရောက်၊ ကျောက်ပန်းတောင်း ငှက်ပျောပွဲစားများမှ ခြံပြတ်စာချုပ်ချုပ်ဆိုကာ တစ်ခြံလုံးမှ ထွက်ရှိသည့် ငှက်ပျောများအား စာချုပ်ချုပ်ဆိုထားသည့်  ပွဲစားတစ်ဦးထဲသို့သာ ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူကြကြောင်းသိရပြီး လက်ပံခြေပေါ်ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ခြံထဲတွင်ပင် တွက်ခြေကိုက် ရောင်းချနေရကြောင်း သိရသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)