ညောင်ဦး စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးလယ်မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ပဲစင်းငုံခုတ်သိမ်းချိန် အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေကြောင်း တက်မကျေးရွာ တောင်သူဦးမောင်ဌေးက ပြောသည်။
ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက်တောင်သူများသည် ပဲစင်းငုံစိုက်ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများကြဲပက်စိုက်ပျိုးချိန်နှင့်အတူ ပဲစင်းငုံအားရောကာ ကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများနှုတ်သိမ်းချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ ဝါခေါင်လဆန်း နှမ်းနှုတ်သိမ်းပြီးချိန် မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များ ကောင်းလာပြီး အပင်တက်အားကောင်းလာကြောင်း ပဲစင်းငုံစိုက်တောင်သူများက ရှင်းပြသည်။ ပဲစင်းငုံအပင်သက်တမ်းသည် ရှစ်လ၊ ခုနစ်လကျော် ကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် တော်သလင်းလ၊ သီတင်းကျွတ်လတွင်ပွင့်ကြောင်း၊ အပွင့်ပွင့်ချိန် မိုးသည်းရိုက် မိုးရွာသွန်းမှုများပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း၊ အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်းငုံရဖို့သေချာကြောင်း သိရသည်။ ပဲစင်းငုံခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပိုတွဲလတို့တွင် ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်းငုံကိုင်းများ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်းငုံခါစင် (ပီပါ၊ အမာခုံ)ခံကာ ရိုက်ချပြီး အစေ့သပ်သပ်၊ ပဲရိုင်း၊ ပဲမှော်သပ်သပ် ခွဲခြားကာ ပဲစင်းငုံသိမ်းခြင်းပြီးကြောင်း သိရသည်။
ယခုနှစ်တွင် ညောင်ဦးမြို့နယ်တစ်မြို့နယ်လုံး ပဲစင်းငုံ (၁၁၃၅၆)ဧက စိုက်ပျိုးထားရှိပြီး ပဲစင်းငုံစိုက်ခင်းများ ရှင်သန်ဖြစ်ထွန်းမှု ကောင်းမွန်နေကာ ပဲစင်းငုံပေါ်ချိန် ဈေးကောင်းရရန် ကျေးလက်တောင်သူများ မျှော်လင့်နေကြကြောင်း၊ ယခင်နှစ်က ပဲစင်းငုံပေါ်ခါစ တစ်တင်းလျှင် ၁၆၀၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။
ဒီပါလင်း


