နယ်စပ်ဒေသတိုင်းရင်းသားလေ့လာရေးအဖွဲ့ဝင်များ နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစတင်

နေပြည်တော် ၁၆ ဇန်နဝါရီ 


နယ်စပ်ရေးရာဝန်ကြီးဌာန၏ ချမှတ်ထားသောမူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ နယ်စပ်ဒေသများမှ တိုင်းရင်းသား လေ့လာရေး အဖွဲ့ဝင်များကို နှစ်စဉ်ဖိတ်ကြားခေါ်ယူ၍ လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ နေပြည်တော်နှင့် ပတ်ဝန်းကျင်သို့ လေ့လာရေးခရီးစဉ် ရောက်ရှိလာကြသည့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်းဒေသများမှ ကိုးကန့်တိုင်းရင်းသား/သူ(၃၀) ဦး၊ ကယားပြည်နယ်၊ ဟိုယာ၊ ဘီယာဒေသမှ ကယောတိုင်းရင်းသား/သူ (၃၀) ဦး၊ ကရင်ပြည်နယ်၊ သံတောင်ကြီး၊ ဖာပွန်ဒေသမှကရင်တိုင်းရင်းသား/သူ (၃၀) ဦး၊ရခိုင်ပြည်နယ်၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံ၊ ကျွန်းသာယာ ဒေသမှ ရခိုင်တိုင်းရင်းသား/သူ (၃၀)ဦး၊ ချင်းပြည်နယ်၊ ဟားခါး၊ ဖလမ်းဒေသမှချင်းတိုင်းရင်း သား/သူ(၃၀) ဦးစုစုပေါင်း(၁၅၀) ဦး တို့သည် ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်း၌ နေပြည်တော်သို့ ရောက်ရှိခဲ့ကြရာ ရွာတော်တည်ခိုရေးနှင့် စစ်ကြောရေးစခန်းတွင် စနစ်တကျ နေရာချထားပေးပြီး ယင်းနေ့ ညနေပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ ဆုံနှုတ်ဆက်၍ အိပ်ဆောင်များ၊ ထမင်းစားဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

mdn

 

တိုင်းရင်းသားလေ့လာရေးအဖွဲ့များသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်(ဗုဒ္ဓဂါယာ)သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းပြသပြီး တိုင်းရင်းသားလေ့လာရေးအဖွဲ့များမှ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

 

ာိည

 

ထိုမှတစ်ဆင့် တိုင်းရင်းသားလေ့လာရေးအဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းသို့ သွားရောက်၍လေ့လာကြည့်ရှုခဲ့ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ပေါ်ထွန်းလာပုံအား Video Projector ဖြင့် ရှင်းလင်းပြသခဲ့သည်။ ထို့နောက် တိုင်းရင်းသားလေ့လာရေးအဖွဲ့ခေါင်းဆောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက အဆင့်မြင့်နည်းပညာဖြင့် မြေလွှာမဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖြစ်ထွန်းနေမှုများ၊ စိုက်ပျိုးရေးသုတေသနမျိုးစေ့များအကြောင်း လိုက်လံရှင်းလင်းပြသခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။

 

mdn

 

ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ရေဆင်းဆည်၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်များသို့ သွားရောက်လေ့လာခဲ့ကြသည်။


တိုင်းရင်းသား/သူများသည် လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် ယနေ့ နံနက်ပိုင်းတွင် မဟာသကျရံသီဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး လေ့လာရေးအဖွဲ့ဝင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။


ထိုမှတစ်ဆင့် တိုင်းရင်းသားလေ့လာရေးအဖွဲ့သည် သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက်၍ ဗိမာန်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ၍ သူရဲကောင်းစစ်သည်များအား ဂါရဝပြုခဲ့ကြသည်။


ထို့နောက် တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိခဲ့ကြပြီး ပြတိုက်အတွင်း လေ့လာရာ တာဝန်ရှိသူများက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည့် တပ်မတော်သမိုင်းကို Video Projector ဖြင့်ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသ ထားသော ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်စစ်ဆင်ရေး မှတ်တမ်းများ၊ ဗမာ့ကာကွယ်ရေး တပ်မတော်သုံးပစ္စည်းများနှင့် လက်နက်များ၊ တပ်မတော် (ကြည်း၊ရေ၊လေ) ပြခန်းများသို့ ကြည့်ရှုလေ့လာခဲ့ကြသည်။


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသား/ တိုင်းရင်းသူများအား ဖိတ်ခေါ်၍ လေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးရသည့် အဓိကရည်ရွယ်ချက်မှာ တစ်အူထုံ့ဆင်းညီရင်းအစ်ကို၊ မောင်ရင်းနှမများပမာ ကောင်းမွန် မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့်အတွေ့ကြုံကောင်းများကို မိမိတို့ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)