ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်

နေပြည်တော်၊ မေ ၆
ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဧပြီ (၂၅) ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေတောင်မြို့နယ်ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၁) ခုမှ ပြည်သူ (၃၃၁) ဦး၊ ပန်းတောင်းမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၉) ခုမှ ပြည်သူ (၃၀၆) ဦး၊ စုစုပေါင်း (၆၃၇) ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။ 
ဉီးစွာ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ရသည့် ‌အတွေ့အကြုံများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များကို ပေးခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်