ပဲခူးတိုင်းဒေသကြီးက နဂိုကတည်းက စာပေနဲ့မစိမ်းဘူး။ စာပေနဲ့ပတ်သက်တဲ့ ပွဲတော်တွေကို မြို့နယ်အလိုက်လည်းလုပ်တယ်။ ခရိုင် အလိုက်လည်းလုပ်တယ်။ နိုင်ငံတော်အဆင့် လုပ်ရမယ်ဆိုတော့ အများကြီးဝမ်းသာမိပါတယ်။

ပဲခူး ၂၆ မတ်

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးတက္ကသိုလ်တွင် မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါပွဲတော်ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ပြောကြားချက်များကို စုစည်းဖော်ပြအပ်ပါသည်။

1

ဒေါ်နော်ပွယ်စေး

 

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး

ကျွန်မတို့ ပဲခူးတိုင်းဒေသကြီးရဲ့ ပဲခူးတက္ကသိုလ်ဝန်းထဲမှာ ကလေးစာပေပွဲတော် ကျင်းပဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတဲ့အကြောင်း သိရတဲ့အချိန်ကစပြီး ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာကို အစိုးရအဖွဲ့၊ ကျွန်မ (ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး) ရယ်၊ အခြားအစိုးရအဖွဲ့အားလုံးရယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေအားလုံးရယ် အချိန်နှင့်တစ်ပြေးညီ မကြာခဏ အစည်းအဝေးထိုင်ဖြစ်ပါတယ်။ ပွဲတော်ရက်နီးလာလေ အစည်းအဝေးပိုထိုင်ဖြစ်လေမို့ အခုချိန်မှာ ပြင်ဆင်တဲ့အနေအထားကတော့ တော်တော်များများ ပြီးစီးတဲ့ အနေအထားဖြစ်နေပါပြီ။  အခြားတိုင်းဒေသကြီး/ ပြည်နယ်တွေမှာဆိုရင် ကလေးစာပေပွဲတော်ကို နိုင်ငံတော်အဆင့် (၈) ကြိမ်ကျင်းပခဲ့ပြီး ပဲခူးတိုင်းဒေသကြီးမှာ (၉) ကြိမ်မြောက်ကျင်းပမှာ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးက နဂိုကတည်းက စာပေနဲ့မစိမ်းပါဘူး။ စာပေနဲ့ပတ်သက်တဲ့ ပွဲတော်တွေကို မြို့နယ်အလိုက်လည်း လုပ်တယ်။ ခရိုင်အလိုက်လည်းလုပ်တယ်။ နိုင်ငံတော်အဆင့် လုပ်ရမယ်ဆိုတော့ အများကြီး ဝမ်းသာမိပါတယ်။ လုပ်တဲ့အချိန်ကလည်း တက္ကသိုလ်ထဲမှာ ကျင်းပတဲ့အတွက် အများကြီး ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကလေးတွေအနေနဲ့ တက္ကသိုလ်ထဲကို သူတို့ဘာသာ ရောက်ချင်မှ ရောက်နိုင်မယ်၊ ရောက်ဖို့လည်း ခဲယဉ်းမယ် ထင်တယ်။ ကလေးစာပေပွဲတော်ကို လာကြတဲ့အခါမှာ ကလေးတွေက ဒါတက္ကသိုလ်ကြီးပါလားဆိုတာ သိလာမယ်။ ကလေးတွေ  ဆရာမတွေနဲ့ပါလာမယ်။ မိသားစုတွေနဲ့ပါလာမယ်။ တက္ကသိုလ်ဆိုတာဘာလဲ။ တက္ကသိုလ်ဆိုတာကို ရောက်ဖို့ အခြေခံအဆင့်အနေနဲ့ စာဖတ်ကြမယ်။ စာကြိုးစားကြမယ်ဆိုရင် ဒီတက္ကသိုလ်ကြီးကို တက်ရမယ်။ တက္ကသိုလ်ကြီးမှာ ဘာတွေ သင်ကြားပေးလဲ စသဖြင့် တွေးတတ် မြင်တတ်လာမယ်။ ကလေးစာပေပွဲတော်မှာ စာဖတ်ဝိုင်း တွေပါတယ်။ ပျော်စရာတွေလည်းပါတယ်။ ကလေးတွေ စိတ်ဝင်စားအောင် ပျော်စရာကောင်းအောင် အချိန်တွေလည်း အများကြီးပေးထားတယ်။ ကာတွန်းတွေရော၊ ပန်းချီတွေရော၊ ပြပွဲတွေရော မျိုးစုံလုပ်ထားပေးတယ်။ စာဖတ်ခြင်းအားဖြင့် ဘယ်လိုပျော်စရာ ကောင်းတယ်၊ အသိပညာဗဟုသုတရမယ်၊ အပေါင်းအသင်းတွေ အများကြီးရမယ်၊  ပညာပေး ဟောပြောပွဲတွေလည်း ရှိတဲ့အခါကြတော့ အသိပညာ ဗဟုသုတတွေ အများကြီးရလာပြီး နောက်ဆို ဒီလိုပွဲမျိုးဆိုရင် ကလေးတွေက သွားချင်စိတ် ဖြစ်လာမယ်၊ စာပေပွဲဆို ဒို့သွားကြမယ်၊ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ အများကြီး တွေ့ရမယ်၊ ဆရာ၊ ဆရာမတွေနဲ့လည်း တွေ့ရမယ် စတဲ့ ပတ်ဝန်းကျင် အခြေအနေကောင်းတွေကနေ စာဖတ်ချင်တဲ့စိတ် ပေါ်လာမှာ ဖြစ်တယ်။ ဒါ့ကြောင့် ကလေးများအားလုံးရဲ့ ကိုယ်စား၊ ပဲခူးတိုင်းဒေသကြီးမှ မိဘတွေကိုယ်စား၊ ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို ဆောင်ရွက်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

 

အခုလို ပဲခူးတိုင်းဒေသကြီးမှာ ကလေးစာပေပွဲတော် လုပ်မယ်ဆိုတဲ့အခါကြတော့  အရမ်းစိတ်ဝင် စားကြတယ်။ ကျောင်းသားမိဘတွေရော၊ ပရဟိတအဖွဲ့တွေရော အားတက်သရောပေါ့နော်။ ဘာလုပ်ပေးရမလဲ။ ကျွန်တော်တို့ ဘာကူညီပေးရမလဲ။ အားတက်သရောလာတယ်။ နေ့တိုင်းလာတယ်။ အဲဒါကြောင့် ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ပရဟိတ အဖွဲ့တွေအားလုံးကိုလည်း ကျေးဇူးလည်းတင်တယ်။ ဂုဏ်လည်းယူတယ်။ ပဲခူးတိုင်းဒေသကြီးအတွက် သူတို့က တစ်ထောင့်တစ်နေရာကနေ အမြဲတမ်း ပါဝင်လုပ်ဆောင်ပေးတဲ့ အစီအစဉ်ဖြစ်တဲ့အတွက် ပဲခူးတိုင်းဒေသကြီး မှာရှိတဲ့ မိဘပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

2

ဒေါက်တာအေးအေးထွန်း

 

ပါမောက္ခချုပ်၊ ပဲခူးတက္ကသိုလ်

 

ကလေးစာပေပွဲတော် ကျင်းပရေးနဲ့ ပတ်သက်ပြီး တက္ကသိုလ်အနေနဲ့ကတော့ ပထမဆုံးအနေနဲ့ နေရာစီစဉ်ပေးဖြစ်တာပါ။ တက္ကသိုလ်တစ်ခုလုံးမှာ အဆင်ပြေပြေဖြစ်ဖို့ နေရာက အဓိကဖြစ်တယ်။ ရေ၊ မီး အကုန်အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ပေးထားပါတယ်။ ပြခန်းနေရာတွေ၊ အခမ်းအနားပြင်ဆင်တာတွေ ပြီးလို့ရှိရင် အခမ်းအနားဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြတဲ့ ဝန်ထမ်းတွေအတွက် တည်းခိုနားနေဖို့အတွက် ပြင်ဆင်ပေးပါတယ်။  ပညာရေးဝန်ကြီးဌာနရယ် ပြန်ကြားရေးဝန်ကြီးဌာနရယ် ပြီးလို့ရှိရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ် ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက Focal ဆိုပေမယ့် ကိုယ်က အိမ်ရှင်ဖြစ်နေတော့ အဆင်ပြေအောင် ဆောင်ရွက်ပေးရတာမျိုးတော့ ရှိတာပေါ့။  ကလေးစာပေပွဲတော်မှာ နည်းပညာနဲ့ ပတ်သက်တာ ပြသပေးဖို့ စီစဉ်ထားပါတယ်။  နည်းပညာဆိုင်ရာပြသဖို့  အခုလောလောဆယ် စာရင်းပေးထားတာက ရန်ကုန်က YTU ရယ်၊ University Research Center ရယ်၊ အနောက်ပိုင်းနည်းပညာတက္ကသိုလ်ရယ် ပါပါမယ်။ လောလောဆယ် သူတို့က အားလုံး Topic ၁၁ ခု ပြသဖို့ စီစဉ်ထားပါတယ်။ ပဲခူးတက္ကသိုလ်အနေနဲ့ကတော့ Physics မေဂျာက ကလေးတွေက အထက်တန်းကျောင်းတွေမှာ လက်တွေ့သင်နေတဲ့ အဖွဲ့လေးတွေရှိတယ်။ အဲ့ဒီ Physics ဌာနက ကြီးမှူးပြသမယ့် အခန်းပါမယ်။ နောက်တစ်ခုကတော့ Geology ဌာနက ပဲခူးတိုင်းဒေသကြီးမှာ ဘယ်နေရာမှာ မြန်မာပြည်ရဲ့ တွင်းထွက် Resource တွေက  ဘယ်လိုပြောင်းလဲလာသလဲ ဆိုတာကို Geological နည်းနဲ့ ပြသဖို့ရှိပါတယ်။ ဒီကလေးစာပေပြီးလို့ရှိရင် မော်လမြိုင် တက္ကသိုလ်ရယ်၊ NGO အဖွဲ့အစည်း တစ်ခုရယ်ပေါင်းပြီး Anti-Plastic Campaign တစ်ခုလုပ်ဖို့ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ပလတ်စတစ် စွန့်ထွက်ပစ္စည်းက တော်တော်ဆိုးတဲ့ အခြေအနေ ရောက်နေပါတယ်။ Anti-Plastic Campaign ကို ပညာရေးဝန်ကြီးဌာနဘက်က ပံ့ပိုးပေးတာပေါ့။ ကျွန်မအမြင်အနေနဲ့ ပြောရရင် ခုလိုကလေးစာပေပွဲတော် ကျင်းပပြုလုပ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် ကလေးစာပေပွဲတော် ဆိုပေမယ့် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရှိတဲ့ အချိန်ဆိုရင် ပိုကောင်းမယ်ထင်တယ်။ ခုချိန်က တက္ကသိုလ်က စာမေးဖြေပြီး ကျောင်းပိတ်ခါနီး ဖြစ်နေတယ်။ ခုကျင်းပမယ့် ကလေးစာပေ ပွဲတော်မှာ စာအုပ်ဆိုင်တွေလည်း အများကြီးပါမယ် ဆိုတော့ စာအုပ် ဝယ်ချင်တဲ့ကလေးတွေများရှိနေရင် လွဲသွားမလား စိုးရိမ်လို့ပါ။ အကယ်၍များ အခြေခံကျောင်းတွေလည်း စာမေးပွဲပြီးမယ့်အချိန်၊ တက္ကသိုလ်က ကလေးတွေလည်း ရှိနေချိန် ဇန်နဝါရီလလောက်ဆို ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်မယ်၊ ကလေးတွေအတွက် ရည်ရွယ်တာ ဆိုပေမယ့် တက္ကသိုလ်မှာကျင်းပတဲ့အတွက် တက္ကသိုလ်က ကလေးတွေလည်း ပိုပါဝင်ဆင်နွှဲ နိ်ုင်မယ်လို့ ကျွန်မရဲ့ အမြင်လေးကို ဖြည့်စွက်ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

3

ဦးစိုးပိုင်

 

ဒုတိယညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

ကျွန်တော်တို့ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပေါင်းစပ်ပြီးတော့ ကလေးစာပေပွဲတော်တွေ ခမ်းခမ်းနားနား နိုင်ငံတော်အဆင့်တွေ ဆောင်ရွက်ပေးတယ်။ ဒီအပြင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်ဆိုလဲ ကျွန်တော်တို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရဲ့ လမ်းညွှန်မှုနဲ့နှစ်စဉ် ခရိုင်တွေမှာလည်း ကျင်းပပေးတယ်။ အဲ့ဒီလိုကျင်းပပေးတဲ့အပြင် ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီးမှာဆိုရင် ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ စာပေချစ်သူများ၊ စာရေးဆရာများနဲ့ ပေါင်းစပ်ပြီးတော့ သူ့အစီအစဉ်နဲ့သူ ပေါင်းစပ်ပြီးတော့ လုပ်နေတာရှိပါတယ်။ ဘာကြောင့်လုပ်ရလဲဆိုရင် အဓိကတော့ ကလေးတွေအတွက်ပေါ့။ နောင်တစ်ချိန် ကလေးတွေ စာပေမှာ မွေ့လျော်ပြီးတော့ စာပေဖတ်ရှုချင်တဲ့ အလေ့အထတွေ ရရှိစေဖို့၊ စာပေမှာ မွေ့လျော်ပြီး လေ့လာလိုတဲ့စိတ်တွေရှိဖို့၊  လုပ်ငန်းတာဝန်တစ်ခုကို ပူးပေါင်းပါဝင် လုပ်တတ်တဲ့ အလေ့အထ ကောင်းတွေ ရရှိစေဖို့၊  အသိပညာ ဗဟုသုတနဲ့ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားပြီး နိုင်ငံတော်အတွက် အားထားရမယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူတော်လူကောင်းတွေ ဖြစ်လာဖို့ ရည်ရွယ်ပြီးတော့ ပြုလုပ်ပေးတာတာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတဲ့အတွက်လည်း ကလေးတွေအတွက် စာပေဗဟုသုတမှာ လေ့လာချင်စိတ် ပိုပြီးများလာတာကိုလည်း တွေ့ရပါမယ်။ ကလေးစာပေပွဲတော် ကျင်းပပေးခြင်းက ကလေးတွေအတွက် အများကြီး တန်ဖိုးရှိပါတယ်။ ဘာကြောင့်တန်ဖိုးရှိလည်းဆိုရင် ကလေးတွေအတွက် အသိပညာ ဗဟုသုတ တိုးပွားဖို့၊ ကလေးတွေအတွက် ဉာဏ်ရည်ဉာဏ်သွေး၊ တီထွင်ကြံဆမှုတွေ တိုးတက်မှု ဖြစ်စေတဲ့အတွက်ကြောင့်ပါ။ ပွဲတော်မှာ ပုံနှိပ်ထုတ်ဝေသူများ အသင်းကနေ စာအုပ်အရောင်းဆိုင် လာဖွင့်ဖို့လည်း စီစဉ်ဆောင်ရွက်ထားပါတယ်။ ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့လည်း ပြခန်းတွေ ပြသနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ အဲ့ဒီအပြင် ကလေးတွေ ပျော်ရွှင်ဖို့အတွက်လည်း Happy World လိုမျိုးတွေလည်း ထည့်ထားပေးပါတယ်။ နောက်ပြီး စာအုပ်စာစောင်တွေ ဖတ်ရှုသိရှိ လေ့လာနိုင်အောင် ၂၀၁၈ မှာထုတ်တဲ့ စာအုပ်တွေကိုလည်း ပြသထားပါတယ်။ ဒါ့အပြင် ဂိမ်းတွေအနေနဲ့ကတော့ ဘောလုံးပြိုင်ပွဲ၊  ဘတ်စကတ်ဘော၊ အာလူးကောက်၊ စကောရွက်၊ ခါးလှည့်ကွင်း၊ ခုံဖိနပ်စီး စတဲ့ အားကစားနည်း အများအပြားကိုလည်း ဆောင်ရွက် ပေးထားပါတယ်။ ဒီ့အပြင် နည်းပညာမိတ်ဆက်အနေနဲ့လည်း 3D မျက်မှန်နဲ့ ကြည့်လိုက်တဲ့ အခါကျရင် 3D ထဲ ပေါ်လာတဲ့ ကဏ္ဍတစ်ခုမှာ သူတို့ကိုယ်တိုင်ရောက်ပြီးတော့ ပျော်ရွှင်တဲ့ ပုံစံမျိုးလေးပေါ့။ ဒီလိုမျိုး ကလေးတွေ ပျော်ရွှင်လေ့လာလို့ရအောင် စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ ပုံပြော၊ ကဗျာပြိုင်ပွဲတွေလည်း ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဂျပန် ထူးခြားမှုအနေနဲ့ ရှန်တီ စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပေါင်းစပ်ပြီး ပုံကားပြဇာတ်တို့၊ ရုပ်ပုံပြဇာတ် ပုံစံတွေနဲ့ ပြိုင်ပွဲတစ်ခု ထည့်ထားပါတယ်။ အသိပညာဗဟုသုတတွေရဖို့ ပြခန်းပေါင်း ၄၀ ကျော်ကိုလည်း ခင်းကျင်းပြသသွားဖို့ စီစဉ်ထားပါတယ်။ နောက်တစ်ခု ထူးခြားချက်တစ်ခု ရှိတာကတော့ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ သဘာဝဆိုးဆေး၊ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ ဘေးအန္တရာယ် ကင်းရှင်းရန် ရည်ရွယ်ပြီးတော့ ဒီမှာရှိတဲ့ ပဲခူးတိုင်းဒေသကြီးက ပရဟိတ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ၃ ရက်တာ ကာလအတွင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ ‘ဘေးအန္တရာယ် ကင်းရှင်းဖို့ တိုင်းရင်းသားရိုးရာမုန့်များ စားကြစို့’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ၃ ရက်တာ နေ့စဉ် မုန့်များကျွေးဖို့ ပြုလုပ်ထားပါတယ်။ အဲ့ဒါအပြင် ဒီအဖွဲ့အစည်းတွေက ပေါင်းစပ်ပြီးတော့မှ ပြိုင်ပွဲဝင်မယ့် ကလေးတွေ၊ လေ့လာတဲ့ အဖွဲ့တွေ၊ ဆရာ/မ တွေ၊ တာဝန်ကျတဲ့ အဖွဲ့တွေကိုလည်း သူတို့အဖွဲ့ကနေပြီးတော့မှ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပေါင်းစပ်ပြီးတော့မှ နေ့လည်စာအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။

4

ဦးဇော်ထွန်း

 

ဒုတိယညွန်ကြားရေးမှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးမှာ ကျင်းပတဲ့ ကလေးစာပေပွဲတော်မှာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေနဲ့ ကျွန်တော်တို့ဟာ ပြခန်းတွေ ခင်းကျင်းပြသဖို့ ရှိတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ အကအလှနဲ့ ဖျော်ဖြေမယ်။ ပြီးတော့ ကဗျာတွေ၊ ပုံပြင်တွေ ရွတ်ဆိုပြိုင်ပွဲမှာ ပါဝင်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ၁၃၅ မျိုးရှိတာကို ကလေးတွေကို သိစေချင်တယ်။ ပြီးတော့ ဒီ ၁၃၅ မျိုးထဲကနေ အခန်းအနေ အထားအရ ကျွန်တော်တို့မှာ ပြနိုင်တဲ့ တိုင်းရင်းသား ၄၀ လောက်ကို ခင်းကျင်းပြသသွားဖို့ ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာတော့ ဗမာတိုင်းရင်းသားကတော့ အများဆုံးပေါ့။ ဒုတိယ အများဆုံးကတော့ ကရင်တိုင်းရင်းသားဖြစ်ပါတယ်။ အားလုံးပေါင်း တိုင်းရင်းသားလူမျိုး ၈ မျိုးရှိပါတယ်။ ဒီပဲခူးတိုင်းဒေသကြီးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အကြောင်းကို ဒီကလေးစာပေ ပွဲတော်မှာ ကြွရောက်လာကြတဲ့ ကလေးသူငယ်တွေ၊ ရပ်မိရပ်ဖ လူကြီးတွေ၊ ဒေသခံလူကြီးတွေအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အကြောင်းကို ပြည့်ပြည့်စုံစုံလေး သိရှိသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ပြသပေးခြင်းဖြစ်ပါတယ်။

5

ဒေါ်အေးနီလာ

 

ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန

 

ကျွန်မကတော့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဌာနခွဲ အနေနဲ့ ဌာနဆိုင်ရာပြခန်းများ ဖြစ်မြောက်ရေးကော်မတီအနေနဲ့ အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်။  စာပေပွဲတော်ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းမှာရှိတဲ့ ပျူစာတွေ တွေပြမယ်။ ဘုရင့်နောင် မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီ နန်းတော်ကြီးကို ပြန်လည်တူးဖော်တဲ့အခါမှာ ကျွန်းတိုင်ရဲ့ အောက်ခြေမှာ ရှိတဲ့စာတွေ၊ လက်ရေးစာမူတွေကို ပြမယ်။ ပြီးတော့ ပျူစာကို လာရောက်လေ့လာတဲ့ ကလေးငယ်တွေကို ဟိုးခေတ်ကပျူစာနဲ့ အခုလက်ရှိ မြန်မာစာ ဆင့်ပွားဖြစ်ပေါ်လာပုံကိုလည်း ကားချပ်တွေနဲ့ ရှင်းလင်းအောင်ပြမယ်။ ပြပြီးတဲ့အခါမှာ ဒီကလေးတွေကို ပျူစာအရေး အသားနဲ့ ပတ်သက်ပြီး ပြိုင်ပွဲသဘောမျိုးကျင်းပဖို့ရှိပါတယ်။ ပျူစာတွေကို အတတ်နိုင်ဆုံးတူအောင်ရေးနိုင်တဲ့ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်ပွဲလေး ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

နောက်တစ်ခုအနေနဲ့ကတော့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာဆိုရင် မြို့ဟောင်းရှိပါတယ်။ အဲဒီမြို့ဟောင်းတွေထဲမှာမှ ထင်ရှားတယ်၊ ကြီးလည်းကြီးတယ်၊ မင်းနေပြည်တော်ကြီးလည်း ဖြစ်ခဲ့တဲ့ ပြည်ဘက်မှာရှိတဲ့ သရေခေတ္တရာမြို့ဟောင်း၊ အခုကျွန်မတို့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ဟံသာဝတီမြို့ဟောင်းပြီးတော့ ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူမြို့မှာရှိတဲ့ ကေတုမတီမြို့ဟောင်း ပုံတွေကိုလည်း  လာရောက်လေ့လာတဲ့ကလေး တွေသာမက ကလေးတွေနဲ့လိုက်ပါလာကြမယ့် မိဘတွေ၊ အခြား လာရောက်ကြမယ့် ပြည်သူတွေ သိရှိနိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့ ဝေဝေဆာဆာ ပြသသွားဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ကိုယ်နေထိုင်တဲ့ ပဲခူးတိုင်းဒေသကြီးမှာလည်း ကြီးကျယ်ခမ်းနားတဲ့ မြို့ဟောင်းတွေရှိ ပါလားဆိုတာ သိအောင် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။

 

ပျူစာရေးနည်းပြိုင်ပွဲကိုတော့ ပြိုင်ပွဲဝင်ဦးရေကန့်သတ်မထားပါဘူး။ ပွဲတော်ကျင်းပတဲ့ ၃ ရက်စလုံး ကျင်းပပေးမှာပါ။  တစ်နေ့ကို အယောက် ၅၀ ခန့်မှန်းထားပေမယ့် များရင်လည်းများသလိုပေါ့။ များလေ ကောင်းလေပါပဲ။ ဘာလို့လည်းဆိုတော့ အခုလက်ရှိမှာ ပျူစာတွေ၊ ရှေးခေတ်မြန်မာ စာရေးနည်းတွေဟာလည်း သူ့ခေတ်နဲ့ သူ့အခါမှာ အားလုံးအသုံးချခဲ့တာပဲ။ အခုလက်ရှိမှာလည်း ပျူစာရေးသားနည်းတွေကို တစ်ချို့မြန်မာစာသမားတွေ၊ ရှေးဟောင်း သုတေသနသမားတွေက ပြန်ပြီးတော့ သုတေသနလုပ်နေတာ တွေ့ရတယ်။ အဲဒါကို ကလေးတွေကိုလည်း သိရအောင်လို့ ကျွန်မတို့ ပြိုင်ပွဲလေးထည့်သွင်းထားတာ ဖြစ်ပါတယ်။

 

ဖြည့်စွက်ပြောချင်တာကတော့ နိုင်ငံတော်က ဦးဆောင်ကျင်းပတဲ့ ပဲခူးတိုင်းဒေသကြီးရဲ့ လမ်းညွှန်ကြီးကြပ်မှု၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့ ကလေးစာပေပွဲတော်မှာ ပါဝင်ပြသခွင့်ရတဲ့အတွက် များစွာဝမ်းသာပါတယ်။ ပြီးတော့ ဒီကလေး စာပေပွဲတော်ကိုလည်း ပဲခူးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကလေးတွေသာမက အနီးပတ်ဝန်းကျင်က  သွားရင်းလာရင်းနဲ့ သိတဲ့ကလေးတွေပါ လာရောက်လေ့လာကြည့်ရှုကြပါလို့ ဖိတ်ခေါ်ပါတယ်။

5

ဒေါက်တာခင်မို့မို့လှိုင်

 

ဒုတိယညွှန်ကြားရေးမှူး၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန

ကျွန်မတို့ဌာနအနေနဲ့ကတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပထမဦးဆုံး MICC 2 မှာ ကျင်းပတဲ့ ပြပွဲမှာ ပူးပေါင်းပါဝင် ပြသဖူးပါတယ်။ မြစ်ကြီးနားမှာ ကျင်းပတဲ့ ကလေးစာပေပွဲတော်မှာလည်း ကျွန်မတို့ ဝန်ကြီးဌာနကနေ ဦးစီးဌာန တစ်ခုအနေနဲ့ ဝင်ရောက်ပါဝင်ခဲ့ဖူးပါတယ်။ အခုပူးပေါင်း ပါဝင်တာကတော့ တတိယအကြိမ်ပါ။ ဒီ ပဲခူးတိုင်းဒေသကြီးမှာ ကျင်းပမယ့် ကလေးစာပေပွဲတော် အခမ်းအနားအတွက် ကျွန်မတို့ မော်ကွန်းတိုက်အနေနဲ့ ထူးခြားတာလေး တစ်ခုပါပါတယ်။ အရင် MICC 2 မှာ ပြတာနဲ့ မြစ်ကြီးနားပွဲမှာ ပြတာထက် အခု ပဲခူးတိုင်းဒေသကြီးမှာ အင်္ဂလိပ်ခေတ်ကနေစပြီးတော့ Pegu District Gazetter ကနေ ပဲခူးတိုင်းဒေသကြီးရဲ့ ဖြစ်စဉ်သမိုင်း သီးသန့်ပြသဖို့ ပါပါတယ်။ ၁၉၁၅ ခုနှစ် အင်္ဂလိပ်ခေတ်က ထုတ်ဝေတဲ့အချိန်ကနေ ၁၉၆၂ ခုနှစ်မှာ Reprint ပြန်ထုတ်ထားတဲ့  Gazetter တွေ အကုန်လုံးလည်း ပါပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ အတွက်ရော၊ သမိုင်းကို research လုပ်နေတဲ့သူတွေအတွက်ပါ အရင်တုန်းက ပဲခူးတိုင်းဒေသကြီးသည် ဘယ်မှာပါခဲ့တယ်၊ အင်္ဂလိပ်ခေတ်ကနေ ယနေ့တိုင် အောင် District ၊  စီရင်စုတွေ ဘယ်လိုခွဲသွားတယ်၊ အရင် ဘယ်နှခုနှစ် ခွဲထားတယ်၊ ပဲခူးတိုင်းဒေသကြီးကို ဦးဆုံးခန့်ထားတဲ့ ကော်မရှင်နာကို ဘယ်သူက ခန့်ခဲ့ပါတယ် ဆိုတဲ့ အထောက်အထား အသေးစိတ် ဒီစာအုပ်ထဲမှာ ပါရှိပါတယ်။ ဒါဟာ ဒီပဲခူးတိုင်းဒေသကြီးမှာ ပြမယ့် ထူးခြားတဲ့ အကြောင်းအရာလေး တစ်ခုပါပဲ။ ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းတဲ့အတွက် ဒီကလေးတွေသည် စာအုပ်စာပေနဲ့ ပတ်သက်လို့ လက်လှမ်းမီလာမယ်၊ ဒီတက္ကသိုလ်ထဲမှာ ကျင်းပတာ ဖြစ်တဲ့အတွက် အမျိုးသားမော်ကွန်းတိုက် ဦးစီးဌာနဆိုတဲ့ အခန်းကဏ္ဍလေး ပါဝင်ခွင့် ရခဲ့တယ်၊ ခုလိုပါဝင်ခွင့်ရတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေ၊ ဌာနဆိုင်ရာတွေအနေနဲ့ ကျွန်မတို့ မော်ကွန်းတိုက်မှာ research လာလုပ်လို့ရတယ်၊ အချက်အလက်တွေကို reference လုပ်လို့ရတယ်ဆိုတာကို သိလာမယ်။ စာချုပ်စာတမ်းတွေအနေနဲ့ ၁၈၂၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပထမအင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်မှာ ချုပ်ဆိုခဲ့တဲ့ ရန္တပိုစာချုပ်(၁၈၂၆) ကနေ ယနေ့ခေတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက် ငြိမ်းချမ်းရေး အားလုံးလုပ်ခဲ့တဲ့အထိ စာချုပ် အစိတ်အပိုင်း ၁ တွေ၊ ၂ တွေကနေ up to date အကုန်လုံး ပြသပေးသွားမှာပါ။ အဲ့ဒီလို ပြသထားတဲ့အတွက် နောင်တစ်ချိန်မှာ ကလေးတွေပဲဖြစ်ဖြစ်၊ ဝါသနာပါတဲ့သူတွေပဲဖြစ်ဖြစ် research လုပ်တဲ့အခါ အများကြီး အထောက်အကူပြုပါလိမ့်မယ်။  အခုလို စာပေပွဲတော်တွေ ကျင်းပတဲ့အခါတိုင်း ကျွန်မတို့ မော်ကွန်းတိုက်က အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပြသသွားမှာပါ။ ဒီလို ပြသရတဲ့အတွက် ဝမ်းလည်းဝမ်းသာသလို ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကျွန်မတို့ မော်ကွန်းတိုက်ရှိနေ တယ်ဆိုတာကို ပြည်သူတွေအနေနဲ့လည်း သိလာမှာပါ။ မော်ကွန်းတိုက်ဆိုတာ  မြန်မာနိုင်ငံရဲ့ image တစ်ခုလိုမျိုး  ရှိသင့်ပါတယ်။ image ကောင်း တစ်ခုလည်းဖြစ်ပါတယ်။ အရင်ကတော့ တော်တော်များများ မသိကြဘူး။ ခုတော့ ကလေးစာပေပွဲတော်တွေကနေတစ်ဆင့် တဖြည်းဖြည်းနဲ့ public က သိလာကြတာပါ။ ကျေးဇူးတင်ပါတယ်။    

 

တွေ့ဆုံမေးမြန်း- ရူပါ

ဓာတ်ပုံ- ဝေလျှံ၊ ရဲမိုး