ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်

နေပြည်တော် ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၃ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် သနပ်ပင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၆ ခုမှ ပြည်သူ (၁၉၅) ဦး၊ ကဝမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၃ ခုမှ ပြည်သူ ( ၃၀၅ ) ဦး၊ စုစုပေါင်း (၅၀၀) တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးစိုးဦး နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြသည်။

စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမို ကောင်းမွန်စေမည့်အကြံပြုချက်များပေးခဲ့ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်