ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေတောင်မြို့နယ်ရှိ နေကြာသီးညှပ်စံပြကွက်နှင့် ပြည်နဝဒေးသကြားစက်ရုံတို့အား ကြည့်ရှုစစ်ဆေး

ပြည် ဒီဇင်ဘာ ၂၀

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ ၁၉ ရက်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၄၂/၁၅၆)၌ စိုက်ပျိုးထားသည့် တောင်သူဦးသန်းမောင်၏ မြေပဲနှင့်နေကြာ သီးညှပ်စိုက်ခင်း (၅)ဧကအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်သုံးဆီသုံးရေတင်စနစ်အစား နေရောင်ခြည်စွမ်းအင်သုံး Solar စနစ် အစားထိုးသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့ရှိ ခင်မြဝေ ယက္ကန်းရုံသို့သွားရောက်၍ ကျီးသဲစည်းလုံချည်နှင့် လုံချည်များ တစ်ပိုင်တစ်နိုင် ရက်လုပ်နေမှုအနေများအား ကြည့်ရှုပြီး ဒေသတွင်း ထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဒုတိယစက်ရုံမှူး ဒေါ်နီနီမော်မှ စက်ရုံလည်ပတ်မှု၊ စက်ရုံအဆင့်မြှင့်တင်ထားရှိမှု၊ ကုန်ကြမ်းဝယ်ယူရရှိမှုနှင့် အနာဂတ်တွင်စက်ရုံအား အဆင့်မြှင့်တင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စက်ရုံကုန်ကြမ်းများ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဝင်းတံတားအနီး ဧရာဝတီမြစ်ရေကျချိန်တွင် နဝင်းချောင်းမှ ရေတိုက်စားခြင်းခံရသော နဝင်းတံတားချဉ်းကပ်လမ်းအား လမ်းတာဘောင် မြေသားပြုပြင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုရာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရေးနှင့် နှစ်စဉ်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီဌာနနှင့် ပူပေါင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ ပြည်မြို့ မဟာသုဒသရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသေဋ္ဌိလနှင့် မင်းကျောင်းကျောင်းတိုက်၊ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

 

တင်စိုး(ပဲခူး)