ပဲနွယ်ကုန်းမြို့၌ ၁၂ ဘီးယာဉ်မှ ဆိုင်ကယ်အားတိုက်ပြီး မောင်းပြေးစဉ် ယာဉ်ငယ်တစ်စီးအား ထပ်မံဝင်ရောက်တိုက်မိ ဆိုင်ကယ်မောင်းသူ သေဆုံး

ကျောက်တံခါး ၉ သြဂုတ်

  
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၅/၄ နှင့် ၅ အကြား ပဲနွယ်ကုန်းမြို့ ကမ္ဘောဇရပ်ကွက်၌ သြဂုတ် ၈ ရက် ညနေ ၄ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
   
 
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်ဦးရဲနိုင် ၄၈ နှစ်၊ ဆားဆေးရွာ ဂျောင်းတာအုပ်စု ညောင်လေးပင်မြို့နယ်နေသူ မောင်းနှင်ပြီး နောက်တွင် တစ်ရွာ တည်းနေ ဦးစိုးဝင်း ၅၂ နှစ် စီးနင်းလိုက်ပါသော ယာဉ်အမှတ် ၆၁ယ/-----Wave ဆိုင်ကယ်အား လားရာတူမှ နောက်မှ မောင်းနှင်လာသော ယာဉ်အမှတ် YGN-4G/××××HINO အမျိုးအစား အဖြူရောင် ၁၂ ဘီးမှ ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်း ဦးရဲနိုင်မှာ ရရှိဒဏ်ရာများဖြင့် နေရာတွင်သေဆုံးခဲ့သည်။ 


နောက်တွင် စီးနင်းသူဦးစိုးဝင်းမှာလည်း ပွန်းခြစ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး အဆိုပါ ၁၂ ဘီးယာဉ်သည် ရပ်တန့်ခြင်းမရှိဘဲ ရန်ကုန်ဘက်သို့ ဆက်လက်မောင်းပြေးလာစဉ် ကျောက်တံခါးမြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ် ၉၇/၄ နှင့် ၅ အကြား ကန်ရွာကျေးရွာအနီး၌ ညနေ ၅ နာရီခန့်တွင် ရှေ့မှ မောင်းနှင်နေသည့် ယာဉ်မောင်းမျိုးအောင် ၂၂ နှစ် ဈေးပိုင်းရပ်ကွက်၊ ကျောက်တံခါးမြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် BGO 1Q/----- NISSAN  Clipper ခဲရောင်ယာဉ်အား နောက်မှဆက်လက်ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်မောင်းစိုးသူဝင်းမှာ ဒဏ်ရာမရရှိသော်လည်း ယာဉ်မှာကားလမ်းပေါ်၌ တိမ်းမှောက်ခဲ့သည်။


ယာဉ်တိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း စိုးသူဝင်း အား အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


ခင်ကို(ကျောက်တံခါး)