ပေါက်မြို့နယ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပေါက်  ၁၀   သြဂုတ် 

မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာရှနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့်တ ရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယားနှင့် လာအိုနိုင်ငံများတွင် အာဖရိကဝက်အပြင်း ဖျား ရောဂါဖြစ်ပွားကူးစက်မှုများရှိလာ၍ ပေါက်မြို့နယ်အတွင်း၌ အဆိုပါကူးစက်ရောဂါဖြစ်ပွားမှုများရှိလာပါက ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ရွှေပေါက်ပင်ခန်းမ၌ သြဂုတ် ၉ ရက်နံ နက်ပိုင်းက ကျင်းပရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့် သားသတ်လိုင်စင် လုပ်ကိုင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ဝက်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရေးနှင့်ရောဂါထိန်းချုပ်နိုင်ရေး ကာကွယ်ကုသ ခြင်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ရောဂါဖြစ်ပွားလျက်ရှိသည်ဟု သံသယရှိလျှင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ချက်ခြင်းအကြောင်းကြားပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမြို့နယ် လက်ထောက်ညွှန်ကြားမှူး ဒေါက်တာစိန်ဝင်းက အာဖရိက ဝက်အပြင်းဖျားရောဂါကို စက်ဝိုင်းပုံရှိ DNA အမျိုးအစား ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး တစ်ပိုင်တစ်နိုင်စီးပွားဖြစ်ဝက်မွေးမြူရေး လုပ်ငန်းရှင်များအတွက် ရောဂါဖြစ်ပွားကူးစက်ကျရောက်ခြင်း မရှိစေရေးအတွက် ဝက်များကို စနစ်တကျမွေးမြူရန် သေဆုံးဝက်များအား စားသုံးခြင်း၊ ချောင်းမြောင်းများတွင် စွန့်ပစ်ခြင်းမပြုလုပ်ရန်နှင့် မြေမြှုပ်စွန့်ပစ်ခြင်းများဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားပြီး တက်ရောက်လာကြသူများအား မြို့နယ်မွေး မြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး(ပေါက်)