ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူ စေတီတော် တွေ့ရှိ

ပေါင် ၃ ဇန်နဝါရီ

 

မွန်ပြည်နယ် သထုံခရိုင်  ပေါင်မြို့နယ် ဆင်အိုင်တောင်အတွင်းမှ ကျိုက်ထီးရိုးပုံစံတူ စေတီတော် တစ်ဆူကို တွေ့ရှိခဲ့ကြောင်းဆရာတော် အရှင်စန္ဒိမာကမိန့်ကြားခဲ့သည်။

 

အဆိုပါ စေတီတော်ကို ၂၀၁၈ခု ဒီဇင်ဘာလ ၃၀ ရက်က တွေ့ရှိခဲ့ကြောင်းနှင့် စေတီတော်မှာ ကျိုက်ထီးရိုး ပုံစံကဲ့သို့ ကျောက်တုံးကြီးပေါ်တွင် တည်ထားကိုးကွယ်ထားပြီး စေတီတော်ရဲ့လက်ရာမှာ အခုခေတ် တည်ထားကိုးကွယ်ထားသည့် လက်ရာပုံစံဖြစ်ကြောင်း သိရသည်။

 

 

''ဦးဇင်းက ခု တောထဲ ရောက်တာ ၉ ရက်ရှိပြီး ရွက်ဖျင်တဲလေးနဲ့ပဲ သီတင်းသုံးနေတာ၊အဲ စေတီတော်လေးကို  အရင်တုန်းကတော့ ထင်းခုတ်တဲ့ ဒေသခံတွေတွေ့ရင် တွေ့ကြမှာ ဒါပေမဲ့ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ဦးဇင်းနေတဲ့ နေရာကနေ နေ့တိုင်းမြင်တွေ့ရတာတော့ အဲ့ဒါနဲ့  လမ်းပြတစ်ယောက်ခေါ်ပြီး သွားတာ၊  ၄၅ မိနစ်လောက် သွားရသေးတယ်။ အများက ဝိုင်းမေးတာများတော့ ဘုရားဘွဲ့နာမည်ကို ခုလောလောဆယ် ကျောက်လွတ်စေတီတော်လို့ ပေးထားပါတယ်။ လွတ်လပ်ရေးနေ့ ကျမှ မွန်ဘာသာနဲ့ ပြန်ပြီးအတည်ပြုမယ်၊ ကျောက်တုံးကြီးက အမြင့်ပေ ဘယ်လောက်ရှိလဲ ဆိုတာ ဦးဇင်းတော့ မတိုင်းတာရသေးဘူး။ ဒါပေမယ့် ကျိုက်ထီးရိုး ကျောက်တုံးကြီးထက် ကြီးတယ်။ ဒါကို ဘယ်သူတည်ထားခဲ့တာလဲ ဆိုတာလည်း စုံးစမ်းနေဆဲပါ။ ဘုရားတည်ထားတဲ့ လက်ရာတွေက ခု ခေတ်လက်ရာပုံစံပါပဲ ဒါပေမဲ့ နည်းနည်းဆန်းတယ် ''ဟု ဆရာတော် အရှင်စန္ဒိမာက ဆိုသည်။

 

 

လက်ရှိတွင် အဆိုပါ စေတီတော်ကို ကျောက်လွတ်စေတီတော်ဟု (ယာယီ)ဘွဲ့နာမည် ပေးထားကြောင်းနှင့် ထိုစေတီတော်သို့ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ဝါးကျောင်းလမ်းမှ အချိန် သုံးနာရီခန့် သွားရကြောင်းသိရသည်။

 

၎င်း စေတီတော်ကို ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့)တွင် ဒေသခံများ၊ရပ်နီး၊ရပ်ဝေးမှ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းပြီး ချုံနွယ်ပိတ်ပေါင်း ရှင်းလင်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ပြီး နောက်ပိုင်းတွင်ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းစောင့်ရှောက် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

 

ဇင်မျိုးသူ