ပေါင်မြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပေါင် ၂၆ သြဂုတ်

 

ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ် မြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သထုံခရိုင် ပေါင်မြို့နယ် ကျုံကကျေးရွာရှိ ကျုံကတိုက်ကျောင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပေါင်မြို့နယ် ကျုံကတိုက်ကျောင်းဆရာတော် ဒေါက်တာ အရိယာဝံသ အဖွင့်သြဝါဒစကား မိန့်ကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က “ အခုပြုလုပ်တဲ့ ကရင်ရိုးရာလက်ချည်ပွဲက စာပေ၊ လူမျိုး၊ ယဉ်ကျေးမှုကို ထိန်းသိမ်းပြီးတော့ မိမိတို့လူမျိုးရဲ့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းခဲ့တဲ့ လက်ချည်ပွဲအခမ်းအနားကို နေရာဒေသအသီးသီးမှာ ပျော်ပျော်ပါးပါးနဲ့ ဆောင်ရွက်ကြတဲ့အတွက်ကြောင့် တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာကို အစဉ်အမြဲထိန်းသိန်းခြင်းဆိုတဲ့ ပြည်ထောင်စုရဲ့ မူလည်းဖြစ်ပါကြောင်း၊ ဒါတွေအားလုံးက တစ်ချိန်ကျရင် ပေါ်ပေါက်လာတော့မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးမှာ မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့ဖန်တီးဖို့အတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ပြီး နောင်လာမယ့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဝိုင်းဝန်းတည်ဆောက်ကြပါစို့” ဟု အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

 

 

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ မွန်ပြည်နယ်တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းအောင် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောသိန်းမြင့်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။ ယင်းနောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာပုံအကြောင်းကို ကရင်တိုင်းရင်းသူတို့မှ ပိုးကရင်ဘာသာစကားနှင့် မြန်မာဘာသာစကားဖြင့် ဖတ်ကြားကြသည်။

 

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသား/တိုင်းရင်းသူများတို့က ကရင်အမျိုးသားတေးသီချင်းကို သီဆိုကာ ကရင်အမျိုးသား ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြသည်။

 

ဝါခေါင်လရောက်လျှင် ကရင်ဘိုးဘွားများက မိမိတို့၏ သားသမီးမြေးမြစ်များကို မကောင်းဆိုးဝါးများနှင့် ခွဲခြားသိရှိနိုင်ရန်နှင့် ကွဲကွာနေသောဆွေမျိုးများ ပြန်လည်တွေ့ဆုံသည့်အခါ ချည်ဖြူဖြင့် ရစ်ပတ်ချည်နှောင်၍ အမှတ်အသားဖြစ်ရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မြဲစေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြုနိုင်ရေး ဦးတည်ချက်များဖြင့် ရည်ရွယ်၍ စုပေါင်းကာ လက်ချည်ပွဲမင်္ဂလာကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါကရင်အမျိုးသားချည်ဖြူဖွဲ့မင်္ဂလာပွဲကို ပေါင်မြို့နယ်အတွင်း ၁၈ နေရာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့်ပွဲကို ငွေကျပ် ၁၅ သိန်းနှင့် ကျေးရွာအဆင့်ပွဲကို တစ်ရွာလျှင် ၃ သိန်းခွဲ စုစုပေါင်းငွေကျပ် ၇၄ သိန်း ၅ သောင်းကျပ်ကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

 

ကိုဟိန်း (ပေါင်)