ပေါင်မြို့နယ်တွင် မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ကျင်းပ

ပေါင် ၂၄ စက်တင်ဘာ

 

တော်သလင်းလပြည့်နေ့ရောက်တိုင်း မွန်လူမျိုးများ နေထိုင်သည့် ဒေသအသီးသီးတွင် မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ကျင်းပလေ့ရှိရာ ယခုနှစ်တွင်လည်း ပေါင်မြို့နယ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

 

တော်သလင်းလပြည့်နေ့တွင် ဘုရားစေတီ ပရိဝုဏ် အတွင်းများနှင့် မွန်ဘုန်းတော်ကြီး ကျောင်းများတွင် ပြည်သူများက မိမိတို့တတ်စွမ်းနိုင်သမျှ လုပ်အားဖြင့်လည်းကောင်း၊ အလှူငွေအားဖြင့်လည်းကောင်း သင်္ဘောတစ်စီး တည်ဆောက်ကာ ဆွမ်း၊ ဆီမီး၊ သစ်သီး၊ ပန်း၊ နံ့သာ၊ ကွမ်း၊ တံခွန်၊ ကုက္ကား စသည့် အမျိုးအမည် တစ်ထောင်မကသော လှူဖွယ်ဝတ္ထု အမျိုးမျိုးဖြင့် ယင်းသင်္ဘောကုန်းပတ်ပေါ်တွင် တင်လှူပူဇော်ကြကြောင်း သိရသည်။

 

 

ရှေးယခင်က မနက်အာရုံတက်ချိန်တွင် စုပေါင်းလောင်းလှူဖွယ်ဝတ္ထုအစုစုအတွက် တရားသီလခံယူကြပြီး သင်္ဘောငယ်ဖြင့် တံခွန်အမျိုးမျိုး ပန်းအမျိုးမျိုး မြစ်ပြင်ထဲသို့ လွှတ်ချပူဇော်ခဲ့ကြသည်။ ယခုနောက်ပိုင်းတွင် အချို့သော ဒေသများတွင် မြစ်ချောင်းထဲသို့ လွှတ်ချခြင်း နည်းပါးလာကာ အဆိုပါ လောင်းလှူဖွယ်ဝတ္ထု အစုစုကို ပရိယတ်တိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများ၊ လိုအပ်သည့် နေရာများသို့ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

 

မွန်တိုင်းရင်းသားတို့၏ ကောင်းမွန်သော အစဉ်အလာ တစ်ရပ်ဖြစ်သည့် ဆွမ်းတော်တစ်ထောင် တင်လှူပွဲကို ရှေးယခင်က တော်သလင်းလပြည့်နေ့ နံနက် အာရုံတက်ချိန်တွင် လှူဒါန်းခဲ့ကြပြီး ယခုနောက်ပိုင်း ကာလများတွင် တော်သလင်းလဆန်း ၁၄ ရက် (အဖိတ်နေ့) ညနေပိုင်း အချိန်မှစတင်ကာ တင်လှူပူဇော်လျက်ရှိကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)