ဖားကန့်မြို့နယ် လုံးခင်းသံဘောင်ဘေလီတံတား ကျိုးကျမှုကြောင့် ယာဉ်မောင်းအား တံတားကြီးဥပဒေပုဒ်မ ၁၄ (က)ဖြင့် အရေးယူ

ဖားကန့် ဒီဇင်ဘာ ၂၀

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ဥရုချောင်းကူး သံဘောင်ဘေလီတံတား ကျိုးကျခဲ့မှုကြောင့် ယာဉ်မောင်းအား တံတားကြီးဥပဒေပုဒ်မ ၁၄ (က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်ခန့်က ယာဉ်မောင်း အောင်အောင် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ် (Nissan) အမျိုးအစားသည် ဘိလပ်မြေအိတ်(၅၀၀) တင်ဆောင်လာပြီး လုံးခင်းသံဘောင်ဘေလီတံတားပေါ် ဖြတ်သန်း‌နေစဉ် ကျိုးကျခဲ့ခြင်းဖြစ်သည်။

 

တံတားကျိုးကျမှုဖြစ်စဉ်ကြောင့် အဆိုပါ ၁၂ ဘီးယာဉ်သည် ဥရုချောင်းအတွင်း ပြုတ်ကျခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်းနှင့် ပြိုကျပျက်စီးခဲ့သည့် တံတားတန်ဖိုးကို တံတားအထူးအဖွဲ့(၁) မြစ်ကြီးနားမှ စိစစ်ဆဲဖြစ်ကြောင်း သိရသည်။

 

ယင်းသံဘောင်ဘေလီတံတားသည် လမ်းဦးစီးဌာနအပိုင် လမ်းပေါ်တွင် တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူ ဆောက်လုပ်ခဲ့သည့် တံတားအမှတ် (၁/ ၄၄) အရှည်ပေ (၄၁၀)ရှိ ကွန်ကရစ်တံတားဖြစ်ပြီး တံတားခံနိုင်ဝန် (၁၃)တန်နှင့် အောက်ယာဉ်များသာ ဖြစ်သန်းသွားလာရမည့် တံတားဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)