ဖလမ်းမြို့၌ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်(မိမ်းကုသ်)ပွဲ ကျင်းပ

ဖလမ်း ၂၄  အောက်တိုဘာ 

 

ချင်းရိုးရာနှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်သော ဟွာလ်ငိုးမျိုးနွယ်စုများ၏ MIMKUT(မိမ်းကုသ်) ပွဲတော်ကို ဟွာလ်ငိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ဦးဆောင်မှုဖြင့် ယနေ့ နံနက်ပိုင်းက ဖလမ်းမြို့၊ YCC ခန်းမဝန်း၌ ကျင်းပသည်။

 

MIMKUT(မိမ်းကုသ်) ပွဲတော်ကို ဦးဟရန်းကမ်းလိုအာက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဟွာလ်ငိုးစာပေနှင့် ယဉ်ကျေးမှုအသင်း( ဗဟို )ဥက္ကဋ္ဌ ဦးခေါသွလာလ်အာ၊ ဖလမ်းမြို့ မြို့မမြို့ဖ ဥက္ကဋ္ဌ ဦးဟရန်းလောမ်ထန်းတို့ က အမှာစကားပြောကြားကြသည်။ 

 

ထို့နောက် ဦးစိုင်းလျန်ကျဲအိုအာက MIMKUT(မိမ်းကုသ်) ပွဲတော်အကြောင်းကို ပြောကြားသည်။ ယင်းနောက် ဟွာလ်ငိုမျိုးနွယ်စုများမှ ဘွဲ့ရရှိသူများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

 

ဆက်လက်၍ ဟွာလ်ငိုးလူငယ်များက ဟွာလ်ငိုးရိုးရာအကများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ့ကြသည်။ ဟွာလ်ငိုးမျိုးနွယ်စုများ၏ MIMKUT(မိမ်းကုသ်) ပွဲတော်ကို ၂၀၁၇ ခုနှစ်က ဖလမ်းမြို့၌ ပထမအကြိမ်ဖြင့် ကျင်းပပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ကျင်းပသည့် ပွဲတော်ဖြစ်သည်။

 

အလားတူ ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို ငေါန်မျိုးနွယ်စုများ၏ Dawngsawm( ဒေါင်းဆောမ်)၊ ဇာညက် မျိုးနွယ်စုများ၏ Dawngpui (ဒေါင်းပွီး)၊ လိုင်ဇိုးမျိုးနွယ်စုများ၏ Fanger ပွဲတော်များကို ဖလမ်းမြို့၌ အောက်တိုဘာ ၂၄ ရက်နေ့တွင် အသီးသီးကျင်းပကြကြောင်းနှင့် ချင်းရိုးရာနှစ်သစ်ကူးပွဲတော်ကို မျိုးနွယ်စု အလိုက် အခေါ်အဝေါ် အမျိုးမျိုးကွဲပြားကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)