ဖွံ့ဖြိုးမှုပုံရိပ်သစ်တွေ ပုံဖော်ထုဆစ်ဦးမည့် သန်လျင်တံတားအမှတ်(၃)

ဆွေဦးဝေ

 

သန်လျင် တံတားအမှတ်(၁)ကို ကားနဲ့ ဖြတ်သန်းတဲ့အခါတိုင်း ငယ်စဉ်က ရန်ကုန် မှသန်လျင်ကို သီတာကူးတို့သင်္ဘောနဲ့ သွားခဲ့ တာတွေ သတိရမိပါတယ်။ ရန်ကုန်က သန်လျင်သို့ ၄၅ မိနစ်ခန့်ကြာအောင် သီတာ ကူးတို့သင်္ဘောစီးရင်း စင်ရော်ငှက်တွေကို အစာကျွေးခဲ့တာတွေ၊ သင်္ဘောပေါ်မှာ ဇာတ်ကောင် စံရွှေမြင့်ပါဝင်တဲ့ သရုပ်ပြ ကာတွန်းဖတ်ခဲ့တာတွေလည်း အမှတ်တရ ရှိနေပြန်ပါတယ်။ အဲဒီကာလတွေမှာ သန်လျင် မြို့ဟာ ဒီလောက်မဖွံ့ဖြိုးသေးသလို သီလဝါ အထူးစီးပွားရေးဇုန်လည်း အိပ်မက်အဆင့် တောင်မရှိသေးတာ တွေးမိပြန်ပါတယ်။ အခု အချိန်မှာတော့ သန်လျင်တံတားအမှတ်(၁)နဲ့ အမှတ်(၂)တွေ တည်ဆောက်ပြီးတာမို့ သန်လျင်နဲ့ရန်ကုန်ဟာ တစ်ဆက်တစ်စပ် တည်း ရှိလာခဲ့တဲ့အပြင် သီလဝါအထူးစီးပွား ရေးဇုန်ရဲ့ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးလာမှုကြောင့် အရင်ကထက် အဆပေါင်းများစွာ တိုးတက် စည်ကားလာပါတယ်။ အခုဆက်လက်ပြီးတော့ လည်း သန်လျင်တံတား အမှတ်(၃)ကို တည်ဆောက်နေပြီဖြစ်တာမို့ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပြင် မြန်မာနိုင်ငံရဲ့ စီးပွား ရေးကို တိုးတက်အောင် တွန်းအားပေးနိုင်ဦးမှာ ဖြစ်ပါတယ်။

သန်လျင်တံတားအမှတ်(၃) စီမံကိန်း

သန်လျင်တံတားအမှတ်(၃)ဟာ ပဲခူးမြစ် ကို ဖြတ်သန်းဖောက်လုပ်နေတာဖြစ်ပြီး ရန်ကုန်မြို့၊ သာကေတမြို့နယ်နဲ့ သန်လျင် မြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်နေတဲ့ တံတားဖြစ်ပါတယ်။ သန်လျင်တံတား အမှတ်(၁)ရဲ့ အောက်ဘက် ၁၂၅ မီတာအကွာ မှာ တည်ဆောက်နေတာဖြစ်ပြီး တံတားရဲ့ ပန္နက်တင်အခမ်းအနားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါ တယ်။ ဒီတံတားကိုတော့ ၂၀၂၂ ခုနှစ်မှာ အပြီး တည်ဆောက်နိုင်ရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

ရန်ကုန်မြို့အနီးဝန်းကျင်မှာ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း၊ ပဲခူးမြစ်စတဲ့ မြစ်ချောင်းတွေ ဝိုင်းရံဆက်စပ် နေတာမို့ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ် ရေး၊ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် ရေးတွေအတွက် မြစ်ကူး၊ ချောင်းကူးတံတားတွေတည်ဆောက်တဲ့အခါ သန်လျင်ဘက်ကို အခုလို တံတားတစ်စင်း ထပ်မံတည်ဆောက် နေတာဖြစ်ပါတယ်။

ဒီတံတားတည်ဆောက်ရေးစီမံကိန်းကို ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး ချဉ်းကပ်တံတားအပိုင်းနဲ့ ပင်မတံတားအပိုင်းဆိုတဲ့အပိုင်းနှစ်ပိုင်းခွဲကာ တင်ဒါခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီတင်ဒါကို ဂျပန်ကုမ္ပဏီတွေက တင်ဒါအောင်မြင်ခဲ့တာဖြစ်ပြီး သန်လျင်ဘက် ချဉ်းကပ်တံတားနဲ့ ပင်မတံတားတည်ဆောက် ရေးအပိုင်းကို ဂျပန်နိုင်ငံက Sumitomo Mitsui Construction နဲ့ Yokogawa Bridge Corporation တို့က တင်ဒါအောင်မြင် တည် ဆောက်နေတာ ဖြစ်ပါတယ်။

ဒီတံတားရဲ့ သာကေတချဉ်းကပ်တံတား အပိုင်းကို Tokyo Construction Co.Ltd က တင်ဒါအောင်မြင်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ “ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ်-၃) ဟာ သန်လျင်မြို့နယ်နဲ့ သာကေတမြို့နယ်တို့ကို ဆက်သွယ်ပေးမယ့် Landmark တံတားဖြစ်တဲ့အတွက် တံတား ပုံစံလှပစေဖို့နဲ့ တံတားအဝင်အထွက် လမ်းကြောင်းလှပပြီး အဆင်ပြေစေဖို့ညှိနှိုင်းဆွေးနွေးထားပါတယ်” လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားထားပါတယ်။

အခုတည်ဆောက်နေတဲ့ သန်လျင်တံတား အမှတ်(၃)ဟာ အရှည် မီတာ ၃၅၀၀ ရှိပြီး တံတားကိုယ်ထည်ကို Steel Box Grider နဲ့ တံတားအုတ်မြစ်ကတော့ Steel Pipe Sheet Pile ဖြင့် တည်ဆောက်ကာ ယာဉ်တစ်စီးရဲ့ ခံနိုင်ဝန်အားကတော့ ၇၅ တန်ဖြစ်ပါတယ်။

ဒီတံတားရဲ့ပင်မတံတားအရှည်က ၁၂၂၄ မီတာရှိပြီး သာကေတဘက်ခြမ်း ချဉ်းကပ် တံတားအရှည်မီတာ ၃၀၀ နဲ့ သန်လျင်ဘက် အခြမ်း ချဉ်းကပ်တံတားအရှည်က ၄၀၄ မီတာ ရှိတယ်လို့ဆိုပါတယ်။ Fly Over Bridge ချဉ်းကပ်တံတားအပိုင်းမှာ သာကေတဘက် အခြမ်းမှာ ၅၄၇ မီတာ၊ သန်လျင်ဘက်အခြမ်း မှာ ၁၈၈ မီတာရှိမှာဖြစ်ပါတယ်။ ဒီတံတား ဟာ လေးလမ်းသွား ပင်မတံတားအကျယ် ၂၄ မီတာနဲ့ နှစ်လမ်းသွား Fly Over Bridge အကျယ် ၁၂ ဒသမ ၅ မီတာပါ (ကုန်းပေါ် ပိုင်း)ရှိပါတယ်။ ကွေ့ဝိုက်တက်မယ့်လမ်းက အကျယ် ၅ ဒသမ ၅၇ မီတာရှိပြီး တစ်လမ်းသွား One Ramp Bridge လည်း တည်ဆောက်မှာ ဖြစ်ပါတယ်။

ယာယီလမ်းများပိတ်ပြီး ဆောင်ရွက်

ဒီလို တံတားတည်ဆောက်ရေးအတွက် သာကေတဘက်အခြမ်းမှာ ဆောင်ရွက်မယ့် ချဉ်းကပ်လမ်းက ရှုခင်းသာလမ်းမကြီးနဲ့ ရတနာလမ်းမကြီးတို့ကို ဖြတ်ကျော်ပြီး သာကေတအဝိုင်းအနီးမှာသွားဆုံမှာ ဖြစ်ပါ တယ်။ ဒီလိုလုပ်ငန်းတွေ ဆောင်ရွက်ရမှာမို့ သန်လျင်မှ သာကေတသို့ သွားမယ့်လမ်း၊ ရှုခင်းသာလမ်းဆုံမှ သာကေတအဝိုင်းကို ၂၀၂၀ ပြည့်နှစ် မေ ၂၄ ရက်မှ ဩဂုတ်လကုန် အထိ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ယာယီပိတ်ကာ ဆောင်ရွက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ထားပါတယ်။

ဒီလို ယာယီလမ်းပိတ်ပြီး ဆောင်ရွက် တာဟာ တည်ဆောက်ရေးလုပ်ငန်းအတွက် စတီးရက်မနဲ့ ကွန်ကရစ်ရက်မတွေ တပ်ဆင်ဖို့ အတွက် ယာယီလမ်းပိတ်ထားတာဖြစ်ပါတယ်။

“ရန်ကုန်ဘက်ကမ်း ချဉ်းကပ်လမ်းဟာ လမ်းတွေအတော်များများကို ကျော်ဖြတ် သွားပြီးတော့ သာကေတအဝိုင်းမှာ ဒီခုံးကျော် တံတားကြီးက ဆင်းသွားမှာဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ဒီတံတား စတင်တည်ဆောက်ဖို့ ပန္နက်တင်အခမ်းအနားမှာ ပြောကြားခဲ့ပါ တယ်။ သန်လျင်တံတားအမှတ်(၃)ကို ဂျပန် နိုင်ငံမှ ချေးငွေအပါအဝင် စုစုပေါင်းအမေရိကန် ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် တည်ဆောက် နေတာဖြစ်ပါတယ်။

သွားလာရေးအဆင်ပြေ

ဒီတံတား တည်ဆောက်ပြီးစီးတဲ့အခါ သီလဝါအထူးစီးပွားရေးဇုန်က ထုတ်ကုန် ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေး၊ ဒေသခံ ပြည်သူတွေရဲ့ သွားလာရေးအဆင်ပြေချောမွေ့ မှုပိုမိုဖြစ်ပေါ်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းသစ်တွေ ပေါ်ထွက်လာစေရေးနဲ့ ဒေသဖွံ့ဖြိုးရေးအပြင် ရန်ကုန်မြို့ရဲ့ စီးပွားရေး မြို့တော်အသွင်ကို ပီပီပြင်ပြင်ဖော်ဆောင်နိုင် ရေးအတွက် ကြီးမားတဲ့တွန်းအားပေးမှုတစ်ရပ် ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

အခုဆိုရင် သန်လျင်တံတားအဆင်းမှ နေပြီး သီလဝါအထူးစီးပွားရေးဇုန်အထိ လေးလမ်းသွားကတ္တရာလမ်းမသစ်က ပြီးစီး သွားပြီဖြစ်လို့ သန်လျင်တံတားအမှတ်(၃)သာ ပြီးစီးသွားရင်တော့ စီးပွားရေး၊ လူမှုရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်မြင့်မားလာဦး မှာ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက သီတာကူးတို့သင်္ဘောနဲ့ မြစ်ပြင်ကျယ်ကို အချိန်အတန်ကြာ ဖြတ်သန်း သွားလာခဲ့ရပြီး ဖွံ့ဖြိုးမှုနည်းပါးခဲ့တဲ့ ရန်ကုန် တောင်ပိုင်းဧရိယာရဲ့ အတိတ်ပုံရိပ်တွေဟာ အိပ်မက်သဖွယ် ဟိုး...အဝေးမှာကျန်ရစ်ခဲ့ပြီး အခုတော့ ခေတ်မီဖွံ့ဖြိုးမှုတွေနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပုံရိပ်သစ်တွေ ဝေဝေစည်စည်နဲ့ ဖြစ်ထွန်းနေပြီ ဖြစ်ပါတယ်။ ။

မြန်မာ့အလင်း