ဖွံ့ဖြိုးတိုးတက်လာမည့် မြိုတိုင်းရင်းသားတို့၏ ခုံတိုင်ရွာသစ်

မောင်တော ၁၃ နိုဝင်ဘာ 

 

မောင်တောဒေသမြောက်ပိုင်း နန်းချောင်းအုပ်စု ဒေဝါနာလီရွာအနီးနှင့် မေယုတောင်ခြေမှ နှစ်မိုင်ခန့်အကွာရှိ ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာကို သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက်အကြမ်းဖက်သမား ၄ဝဝ ကျော်ခန့်က မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် မြိုတိုင်းရင်းသား၊ တိုင်းရင်းသူ ခုနစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ကျန်ကျေးရွာသူ၊ ကျေးရွာသားများမှာလည်း လွတ်ကင်းလုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

 

ယခုအခါ နိုင်ငံတော်အစိုးရနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကြိမ်ချောင်း-ဗန္ဓုလလမ်း ပဒကားချောင်းနံဘေးရှိ ယခင်ရွာဟောင်းနှင့် တစ်မိုင်ခန့်အကွာတွင် ခုံတိုင်ရွာသစ်ကို ကျေးရွာအင်္ဂါရပ်များနှင့် ပြည့်စုံအောင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ မကြာမီ ဘက်စုံဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်သည်။

 

ခုံတိုင်ရွာသစ် တည်ဆောက်မည့်နေရာသို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂ ရက်က ရောက်ရှိခဲ့ပြီး မြိုတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံတိုင်းရင်းသားများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကလေးများ စာသင်မပျက် ကျောင်းတက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် အလေးထား မှာကြားခဲ့သည်။

 

နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများသည် ခုံတိုင်ကျေးရွာသစ်သို့ ရောက်ရှိကြပြီး ကျေးရွာအင်္ဂါရပ်များနှင့် ပြည့်စုံအောင် စီစဉ်ဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

 

ပြည်ထောင်စုဝန်ကြီးက တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ဝဝဝဝ နှုန်းဖြင့် အိမ်ထောင်စု ၃၈ စု အတွက် ငွေကျပ် ၁၉ သိန်းနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့အတွက် ငွေကျပ် တစ်သိန်း၊ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာယဉ်ကျေးမှုအဖွဲ့အတွက် ငွေကျပ် နှစ်သိန်းပေးအပ်ပြီး ကျေးရွာအသစ် တည်ဆောက်နေမှုကို ကြည့်ရှုသည်။

 

ခုံတိုင်ရွာသစ်ကို ကြိမ်ချောင်း-ဗန္ဓုလလမ်း ပဒကားချောင်းနံဘေးရှိ မြေ ၃၅ ဧကပေါ်တွင် ခြံတစ်ကွက်လျှင် (ပေ ၄ဝ x ပေ ၆ဝ) မြေကွက်များနှင့် လမ်းများ ဖော်ထုတ်၍ တစ်ထပ်တိုက်အိမ်တစ်လုံးလျှင် ငွေကျပ်သိန်း ၇ဝ တန်ဖိုးရှိ တိုက်အိမ် ၉၆ လုံးနှင့် မြိုရိုးရာနေအိမ် တစ်လုံး၊ ဘက်စုံသုံးစုပေါင်းခန်းမ တစ်လုံး၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ရေတွင်းများ တည်ဆောက်ပေးရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ရိုးသားအေးဆေးစွာနေထိုင်ကြပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသော မြိုတိုင်းရင်းသားများအတွက် ခုံတိုင်ရွာသစ်ကို ကျေးရွာအင်္ဂါရပ်များနှင့် ပြည့်စုံအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်ပေသည်။

 

သတင်းအဖွဲ့