ဖရဲသီးမော်ဒယ် ရုပ်ရှင်ဇာတ်ကား နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်

ရန်ကုန် ၁၉ နိုဝင်ဘာ 

 

ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးမှ လုံမ၏ ဝတ္ထုဇာတ်လမ်းကို နေစိုးသော် ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) စီစဉ်ရိုက်ကူးသည့် '' ဖရဲသီးမော်ဒယ်''  ရုပ်ရှင်ဇာတ်ကား အထူးပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံတွင် ပြသခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားအား နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်ကာ  မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

''ဖရဲသီးမော်ဒယ်'' ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် ခန့်စည်သူ၊ ဇေရဲထက်၊ ဝတ်မှုံရွှေရည်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ဝါဝါအောင်၊ တက္ကသိုလ်ဂွမ်းပုံနှင့် အနုပညာရှင်များစွာက ကျရာအခန်းကဏ္ဍမှ ပီပြင်စွာ ပါဝင်သရုပ်ဆောင်ထားသည်။

 

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)

 

အနုပညာသမားတွေမှာ အလုပ်လုပ်နေတဲ့အချိန်မှာ အခြားဘက်ကို လှည့်မကြည့်နိုင်ဘူး။  ဒီဇာတ်ကားမှာ ကစ်ကစ်ကလည်း စာချုပ်ထဲမှာရှိတဲ့အတိုင်း ဖြစ်နေတဲ့အတွက် အစ်ကိုဘက်က ကျပြန်တော့လည်း နားလည်မှု လွဲသွားတာမျိုးလေးတွေပေါ့ ။  တကယ့်အပြင်မှာလည်း အဲဒီလိုမျိုး ရှိတယ်၊ ကားတစ်ကားမှာက ဒရမ်မာချည်းပဲ သွားလို့မရဘူး။  ဟာသလေးတွေနဲ့ မပျင်းအောင်လို့ အကုန်လုံး ချိတ်ထားတာပေါ့။  သရုပ်ဆောင်တွေ ကလည်း ဇာတ်ကောင်စရိုက်နဲ့ အံဝင်အောင် လုပ်ကြပါတယ်။ ဇာတ်လမ်းအရ ကိုခန့်စည်သူက သရုပ်ဆောင်တဲ့အခါ သူလုပ်နေကျပုံစံမဟုတ်ပေမယ့် သူက ဒရမ်မာနဲ့ ပတ်သက်ရင် ပိုင်ပါတယ်။ ဇာတ်ကားနာမည်ကြောင့်မို့လို့ တစ်မျိုးဖြစ်ရင်ဖြစ်မယ် ဒါပေမယ်လို့ ရုပ်ရှင်ကြည့်ရတဲ့အခါမှာ စိတ်ကျေနပ်မှု ရမယ်လို့ ထင်ပါတယ်။

 

 

သရုပ်ဆောင် ခန့်စည်သူ

 

ကျွန်တော်တို့က ရိုက်တုန်းကတော့ ဒါရိုက်တာ ညွှန်ကြားတဲ့အတိုင်းပေါ့။  ပြောမယ်ဆို ဇာတ်လမ်းက ကျွန်တော်က ဟာသဘက်က သရုပ်ဆောင်ရတာမဟုတ်ဘူး။  မောင်နှမ နှစ်ယောက် အခန်းက အငြိမ်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရတာပေါ့။  ဒုက္ခိတ ပုံစံက သရုပ်မဆောင်ဖူးဘူး။  ဒါရိုက်တာကလည်း ဒီလိုပုံစံလေး အဆင်ပြေတယ် ဆိုပြီး   အစစအရာရာ စီစဉ်ပေးခဲ့တာပါ။ ခြေထောက် ပုံစံက အစ ကြီးကြီးမားမား အခက်အခဲတော့မရှိပါဘူး။  ဒီကားက ဟာသပုံစံလေးနဲ့ မောင်နှမပုံစံလေး မေတ္တာတရားကို ဖော်ကျူးထားတဲ့ ပုံစံလေး ရိုက်ထားတာပါ။

 

 

သရုပ်ဆောင်ဇေရဲထက်

 

ကောင်လေးရဲ့စိတ်ထဲမှာက ကောင်မလေးက ဘဝမေ့တဲ့ကောင်မလေးလို့ထင်တယ်။  ဇီးသီးသည် မဗျိုင်းလို့ ထင်တယ်။  ဒါနဲ့ ကောင်မလေးရဲ့အစ်ကို မသန်စွမ်းကို ကောင်လေးက သူ့ညီမလေးအစား ချစ်ခြင်းမေတ္တာ လိုအပ်နေတဲ့ အစ်ကိုဆီကို သွားရောက်ကူညီပေးတဲ့ ပုံစံမျိုးပါ။ ကျွန်တော်က အဲ့ဒီလိုကောင်လေးနေရာက သရုပ်ဆောင်ရပါတယ်။ ပညာပေးအနေနဲ့ လူတစ်ယောက်ကို စာနာတတ်ရမယ်။  တချို့လူတွေက လူဆင်းရဲပေမယ့် ပိုက်ဆံထက် ချစ်ခြင်း မေတ္တာကိုလိုအပ်တယ်ဆိုတာ ပြတာပါ။ ဒီကားက သုံးနှစ် လေးနှစ်လောက်ကြာသွားတဲ့အခါကျတော့ ခေတ်ရေစီးကြောင်းနဲ့ သိပ်မလိုက်တာမြင်နေရတယ်ပေါ့နော်။  ဒါပေမယ့်  ပေါကားတစ်ကားတော့ မဟုတ်ဘူးဆိုတာ  ရသအစုံပါတဲ့ ဇာတ်ကားလေးဖြစ်တယ် ဆိုတာ အာမခံပါတယ်။

 

သတင်း- မင်းသစ်( MNA) / ဓာတ်ပုံ- နေလင်း