ဖရူဆိုမြို့၌ အဲ့ဒိုပေါ်မီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ဖရူဆို  ၃၀  စက်တင်ဘာ 

 

ကယားပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၇ ရွာမှ ကယားလိဖုလူငယ်များ စုပေါင်း၍ အဲ့ဒိုပေါ်မီပွဲတော်အား ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာတွင် စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ကယားပြည်နယ်၏ အလေးနက်ထားဆုံး ပွဲတော်တစ်ခုဖြစ်သည့် အဲ့ဒိုပေါ်မီပွဲတော် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ ပြန်လည်ပြောပြခြင်း၊ စုပေါင်းရိုးရာ အဲ့ဒိုပေါ်မီအကအား တတ်ရောက်လာသူတိုင်း ပျော်ရွှင်စွာ စုပေါင်းကခုန်ခြင်းများ၊ ရိုးရာအဲ့ဒိုပေါ်မီပွဲတော်၏ အမှတ်လက္ခဏာ ဖြစ်သည့် ဒီးကူထုပ်နှင့် ခေါင်ရည်များ ကျွေးမွေးဧည့် ခံခြင်းနှင့် နေ့လည်စာ ဧည့်ခံခြင်းများကို တပျော်တပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။ 

 

အဆိုပါ ပွဲတော်ကို မျိုးဆက်သစ်လူငယ်များအနေဖြင့် ရိုးရာအစဉ်အလာပွဲတော်နှင့် ဓလေ့ရိုးရာများအပေါ် ချစ်မြတ်နိုးတတ်စေရန်နှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)