ပီတိနယ်မှ ဂါရ၀ပြယုဂ်များ

မောင်မြကျော်

 

နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။ လူမျိုး၊ ဘာသာ၊ လူ့အဖွဲ့အစည်းအမျိုးမျိုး၌ ဆရာကို ကျေးဇူးရှင်အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတွင် ဆရာကို အနန္တငါးပါးဝင်ကျေးဇူးရှင်အဖြစ်လည်းကောင်း တန်ဖိုးထားလေးစား၍ ပူဇော်ကန်တော့ကြသည့်အစဉ်အလာဓလေ့တစ်ခု ထွန်းကားလျက်ရှိပါသည်။ ကမ္ဘာတည်သရွေ့၊ လူသားမျိုးဆက်များ တည်ရှိနေသရွေ့ အစဉ်ထာ၀ရလိုက်နာဆောင်ရွက်သင့်သည့် ဓလေ့ကောင်း၊ ဓလေ့မြတ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။

 

မြန်မာနိုင်ငံနှင့်ကမ္ဘာ့ဆရာများနေ့
မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစတင်၍ ကမ္ဘာ့ဆရာ များနေ့ကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ အစဉ်တစိုက် ကျင်းပလာခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် (၁၇)ကြိမ်မြောက်တိုင်တော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့ဆရာ များနေ့ အခမ်းအနားတွင် ဆုနှစ်မျိုး နှစ်စားခွဲခြား၍ပေးအပ်သည်ကို တွေ့ရ ပါသည်။ ပထမတစ်မျိုးမှာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ကြီး ဆုဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ထူးချွန်ဆရာဆု ဖြစ်ပါသည်။


ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးဆုကို အငြိမ်းစားဆရာကြီး ဆရာမကြီးများထဲမှ ပညာရပ်နယ်ပယ်အလိုက် ၎င်းတို့၏ တစ်သက်တာ စွမ်းဆောင်ချက်များအရ လည်းကောင်း၊ ထူးချွန်ဆရာဆုကို လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဆရာဆရာမများထဲမှ ၎င်းတို့၏ စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်ချက်များ၊ ပညာရေးလုပ်ငန်းအတွက် တီထွင်ကြံဆ သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ စသည့် ထူးခြားပြောင် မြောက်သည့် စွမ်းဆောင်ရည်များအရ လည်းကောင်း ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါသည်။
တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့်များအလိုက် ဆရာ၊ ကျောင်းသားများ၏ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပ၍ ဆုအသီးသီးကိုလည်း ပုံမှန်နှစ်စဉ်ချီးမြှင့်ပေးအပ်ပါသည်။

 

ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတို့၏ ထူးချွန်ဆရာဆု

မြန်မာနိုင်ငံတွင် ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း(ဥက္ကဋ္ဌ ဦးကိုကိုထွေး)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရွေးချယ်ချီးမြှင့်သည့် ထူးချွန်ဆရာဆု တစ်မျိုးလည်း ရှိပါသည်။


၂၀၁၄ ခုနှစ်မှစတင်၍ တော်ဝင်ဖောင်ဒေးရှင်းမှ နှစ်စဉ် ကျပ်သိန်း ၉၀၀ မတည်လှူဒါန်းသည့် ထူးချွန် ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီသည် အခြေခံ ပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းဆရာ ဆရာမများကို ကျောင်းအဆင့်မှသည် မြို့နယ်၊ တိုင်း ဒေသကြီး၊ ဗဟိုအဆင့်အထိ ရေးဖြေ၊ နှုတ်ဖြေ၊ လက်တွေ့တန်းပြ စစ်ဆေးမှုများဖြင့် အဆင့်ဆင့်စနစ်တကျ စိစစ် ရွေးချယ်ခြင်း ဖြစ်ပါသည်။

 

အဆိုပါ ဦးစီးကော်မတီသည် ဗဟိုအဆင့်ထူးချွန် ဆရာ ပထမ၊ ဒုတိယ၊ တတိယ သုံးဦးစီကို အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သုံးဆင့်အတွက် ရွေးချယ်ခြင်းဖြစ်သောကြောင့် စုစုပေါင်း ထူးချွန်ဆရာ ကိုးဦး နှစ်စဉ်ပေါ်ထွန်းလျက် ရှိပါသည်။ ရွေးချယ်ခံရသည့်ထူးချွန်ဆရာများအား ဆုချီးမြှင့်ငွေအဖြစ် ပထမ ငွေကျပ်သိန်း ၄၀ ၊ ဒုတိယ ငွေကျပ်သိန်း၂၀၊ တတိယ ငွေကျပ် ၁၀ သိန်း ချီးမြှင့်ဂုဏ်ပြုသည့် ထူးချွန် ဆရာဆုတစ်မျိုးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်မှ စ၍ အဆိုပါ အစီအစဉ်ကို ခေတ္တရပ်နားထားပါသည်။

 

မဟာချက်ကရီသီရိဒုံ၏ ထူးချွန်ဆရာဆု

နှစ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီသီရိဒုံ၏ Princess Maha Chakri Award (PMCA) ခေါ် အရှေ့တောင်အာရှ အာဆီယံထူးချွန်ဆရာဆုမှာလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။

 

ဤထူးချွန်ဆုသည် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်သော ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် အရှေ့တီမောစသည့် အာဆီယံ ၁၁ နိုင်ငံမှ ထူးချွန်ဆရာတစ်ဦးစီကို ရွေးချယ်၍ ပေးအပ်သောဆု ဖြစ်ပါသည်။


အရှေ့တောင်အာရှနိုင်ငံအသီးသီးမှ တင်သွင်းလာ သော အသင်အပြကောင်းမွန် ထူးချွန်သူ ဆရာဆရာမများ အမည်စာရင်းကို ထိုင်းဘုရင့်သမီးတော် ဥက္ကဋ္ဌအဖြစ်ပါဝင် သော ဆုရွေးချယ်ရေးကော်မတီက စိစစ်ရွေးချယ်ခြင်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ ဆရာတစ်ဦးစီ ရွေးချယ်ခံခဲ့ရပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် အဆိုပါဆုကို ၂၀၁၅ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ အမှတ်(၂) အခြေခံ ပညာအထက်တန်းမှ အထက်တန်းပြဆရာမ ဒေါ်ရည်မွန်စိုး က ပထမဆုံးအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီး အထကမှ အထက် တန်းပြ ဆရာဦးသန်းထွန်းက ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ယခု ၂၀၁၉ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်မဲ အထကမှ အထက်တန်းပြ ဆရာ ဦးမောင်ကြိုင်က တတိယအကြိမ်အဖြစ်လည်းကောင်း ဆွတ်ခူးရရှိကြပါသည်။ ဆု၏တန်ဖိုးမှာ ရွှေစင် တစ်ဘတ် သား(တစ်ကျပ်သားခန့်)ဖြင့် သွန်းလောင်းထားသော အာစရိယ ထူးချွန်တံဆိပ်တစ်ခုနှင့် ငွေသား အမေရိကန် ဒေါ်လာတစ်သောင်းဖြစ်ပါသည်။

 

ကမ္ဘာ့ထူးချွန်ဆရာဆု

၁။ နန်စီအတ်ဝဲလ် (အမေရိကန်၊၂၀၁၅)

ပထမအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ သင်ကြားပို့ချမှု အကောင်းဆုံးဆု (Global Teaching Prize)ကို အမေရိ ကန်နိုင်ငံသူ နန်စီအတ်ဝဲလ်က ၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက်နေ့ ဒူဘိုင်းမြို့တွင် ကျင်းပသည့် အခမ်းအနားတွင် ရရှိခဲ့ပါသည်။
သူမသည် ၁၉၇၃ ခုနှစ်တွင် ၇-၈တန်း ကလေးများနှင့် သူမ၏ဘ၀ကိုစတင်ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် မိုင်နီ ပြည်နယ် အက်ဒ်ဂီကွန့်ဘ်မြို့၌ ပရဟိတကျောင်းလေး တစ်ကျောင်းတည်ထောင်ဖွင့်လှစ်ခဲ့သည်။ သူမသည် စာအုပ် ကိုးအုပ် ရေးသားထုတ်ဝေခဲ့ပြီး ယင်းအထဲမှ In the Middle စာအုပ်သည် အုပ်ရေငါးသိန်းကျော် ရောင်းချခဲ့ရသည်။ သူမရရှိသည့် ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သန်းကို သူမတည်ထောင်ခဲ့သည့် ပရဟိတကျောင်းအတွက် ရန်ပုံ ငွေအဖြစ် လှူဒါန်းခဲ့ပါသည်။

 

၂။ ဟန်နာ အယ်လ်ဟာရော့(ပါလက်စတိုင်း၊၂၀၁၆)

ဒုတိယအကြိမ် ကမ္ဘာ့ထူးချွန်ဆရာဆုကို ပါလက်စတိုင်း AL-Birch မြို့ Samiha Khalil အထက်တန်းကျောင်းမှ မူလတန်းပြဆရာမ Haman AL Hrouh က 'ကလေးများ ကို ကစားရင်း ပညာသင်' (We Play and Learn) သင်ရိုး ညွှန်းတမ်းစာအုပ်ဖြင့် ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့ပါသည်။


ကမ္ဘာတစ်ဝန်းလုံးမှ ဆရာဆရာမပေါင်း ၈၀၀၀ ကျော် ကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ သူမသည် ဤဆုကို ဂျပန်၊ ကနေဒါ၊ ကင်ညာ၊ အမေရိကန်ဆရာများနှင့် ယှဉ်ပြိုင် ၍ ရယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နိုင်ငံ ဒူဘိုင်းမြို့တွင် အခမ်းအနား ကျင်းပပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗီဒီယိုထုတ် လွှင့်မှုမှတစ်ဆင့် ဆုရှင်အဖြစ် ကြေညာပေးခဲ့သည်။ ဆုကို ဒူဘိုင်းစော်ဘွားက ချီးမြှင့်ပေးခဲ့သည်။ ဗြိတိန် အိမ်ရှေ့မင်းသား ဝီလျံ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်တို့ကလည်း ချီးမွမ်းဂုဏ်ပြု သတင်းစကားများ ပေးပို့ခဲ့ပါသည်။


ဤဆုပေးနိုင်ရန်အတွက် ဗာကေး(Varkey) ပညာရေး ပရဟိတဖောင်ဒေးရှင်းကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ အခြေ စိုက်ထားရှိပြီး ၂၀၁၃ ခုနှစ်တွင် ယူအေအီးဝန်ကြီးချုပ်နှင့် ဒူဘိုင်းစော်ဘွားတို့က တည်ထောင်ခဲ့ပါသည်။


ဆရာမ ဟန်နာက သူမရရှိသည့် ဆုကြေးငွေ အမေရိ ကန် ဒေါ်လာတစ်သန်းကို သူမ၏ သင်ကြားနည်းစနစ် အတွက် လည်းကောင်း၊ ပါလက်စတိုင်းဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအတွက် လည်းကောင်း အသုံးပြုမည်ဟု ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်း ဒုက္ခသည်စခန်းတွင် လူလားမြောက်ကြီးပြင်းခဲ့ရသော ဆရာမသည် ကျောင်းဆရာမဘ၀ ရောက်ချိန်တွင် ကျောင်း သားများကို အကြမ်းမဖက်ရေးဝါဒအကြောင်း သင်ကြားပြသခဲ့ပါသည်။

၃။ မဂ္ဂီမက်ဒေါ်နယ်(ကနေဒါ၊ ၂၀၁၇)

၂၀၁၇ ခုနှစ် တတိယအကြိမ်မြောက် ဒေါ်လာတစ်သန်း တန် ကမ္ဘာ့ထူးချွန်ဆရာဆုကို ကနေဒါနိုင်ငံမြောက်ပိုင်းမှ ဆရာမ မဂ္ဂီမက်ဒေါ်နယ်က ရရှိခဲ့ပါသည်။ ဤဆုရရှိခြင်း အတွက် ကနေဒါနိုင်ငံသမ္မတကိုယ်တိုင် ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

 

ကနေဒါမြောက်ပိုင်းမှ ကလေးများအား ဆင်းရဲမွဲတေ မှုကြောင့် တသီးတခြားဖြစ်နေသော လူမှုဝန်းကျင်ကို ပြောင်းလဲလာစေရန်နှင့် ကျန်းမာရေးကဏ္ဍတိုးတက်စေရန် ဆောင်ရွက်ပေးနိုင်မှုကြောင့် ဆုရရှိခြင်းဖြစ်ပါသည်။ ဤဒေသမှ ကလေးအများစုသည် ဆင်းရဲမွဲတေမှုကြောင့် မိမိကိုယ်ကိုပင် သေကြောင်းကြံစည်မှု ပြုလုပ်ကြသည် အထိ ဆင်းရဲနိမ့်ကျသည့် ဒေသဖြစ်ပါသည်။

 

၄။ အင်ဒရီယာဇာမီရာကူ (ဗြိတိန်၊ ၂၀၁၈)

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆရာဆုကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့အတွင်းပိုင်း ဘရန့်မြို့ရှိ အယ်လ် ဘာတန် အသက်မွေးဝမ်းကျောင်းကောလိပ်မှ ဆရာမ အင်ဒရီယာဇာမီရာကူက ရရှိပါသည်။ ဆုပေးပွဲအခမ်း အနားကို ဒူဘိုင်းမြို့၌ မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့ပါသည်။ ဆုငွေမှာ ဒေါ်လာတစ်သန်းပင် ဖြစ်ပါသည်။

 

သူမသည် ပန်းချီ၊ ပန်းပုနှင့် အထည်အလိပ်ဆိုင်ရာ ဘာသာရပ်ကို သင်ကြားသည်။ ယခုနှစ်ဆုအတွက် ကမ္ဘာ တစ်ဝန်းလုံးက ပါဝင်ယှဉ်ပြိုင်သူ ၃၀၀၀၀ ကျော်ရှိခဲ့သည်။

 

ကျောင်းတည်ရှိရာ ဘရန့်မြို့သည် လူမျိုးစုအမျိုးမျိုး ကွဲပြားပြီး ခေတ်နောက်ကျကျန်ရစ်သည့် မြို့တစ်မြို့ဖြစ်သည်။ ကျောင်းသား အများစုမှာ ဆင်းရဲနိမ့်ကျမွဲတေမှုဒဏ်ကို မိသားစုနှင့်အတူ ရင်ဆိုင်ခံစားကြရသူများ ဖြစ်သည်။ ယင်းမြို့တွင် အကြမ်းဖက်မှု ကလည်း ထူပြောသည်။ ဆရာမသည် ကျောင်းသားလူငယ်များအား စိတ်ဓာတ် အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ခဲ့ကြောင်း၊ ဟောင်း နွမ်းနေသော သင်ရိုးညွှန်းတမ်းကို ပြင်ဆင်နိုင်ခဲ့ကြောင်း၊ လူမျိုးစုအမျိုးမျိုးကွဲပြားနေသော ယင်းဒေသမှ ဘာသာ စကား ၃၅ မျိုး၏ အခြေခံသဘောကို အပင်ပန်းခံ လေ့လာခဲ့ကြောင်း၊ ဘာသာ စကားအမျိုးမျိုး ကွဲပြားနေသော မိဘ၊ ကျောင်းသားများနှင့် ပြောဆိုဆက်ဆံမှုပြုလုပ်နိုင်ခဲ့ကြောင်း၊ ဆရာမ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ် ချီးကျူးထားပါသည်။

 

၅။ ပီတာ တာဘီချီ (ကင်ညာ၊ ၂၀၁၉)

၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆရာဆုကို အသက် ၃၇ နှစ်အရွယ် ကင်ညာနိုင်ငံသား ပီတာ တာဘီချီက ဒေါ်လာတစ်သန်းတန်ဆု ဆွတ်ခူးရရှိပါသည်။ သူသည် သင်္ချာနှင့် ရူပဗေဒဘာသာရပ်ပြဆရာဖြစ်ပြီး သူ့လစာ၏ ၈၀ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများဖြစ်သော ပညာရေး၊ စိုက်ပျိုးရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကိစ္စများတွင် လှူဒါန်းသည်။

 

သူသင်ပြသော ကျောင်းမှာ အလွန်ဝေးလံခေါင်သီ သောဒေသရှိ ကာရီကို အထက်တန်းကျောင်းဖြစ်သည်။ ကျောင်းသား ကျောင်းသူများ၏ ၉၅ ရာခိုင်နှုန်းမှာ အလွန်ဆင်းရဲနွမ်းပါးကြပြီး နံနက်စာကိုပင် မစားခဲ့ရဘဲ ကျောင်းလာတက် ကြသူများ ဖြစ်ပါသည်။ ၃၀ ရာခိုင်နှုန်းသော ကျောင်းသား ကျောင်းသူများမှာ မိဘမဲ့ သို့မဟုတ် မိဘ တစ်ဦးတည်းရှိသော သားသမီးများ ဖြစ်ကြသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် မိန်းကလေးများနှင့် ဆယ်ကျော်သက်အရွယ်တွင် အိမ်ထောင်ကျသူများ ဖြစ်သောကြောင့် ကျောင်းထွက် စောပြီး ကျောင်းထွက်နှုန်းများသော အခြေအနေဖြစ်ပါသည်။

 

ကမ္ဘာပေါ်ရှိ မည်သည့်နေရာဒေသတွင်မဆို ဆရာနှင့် တပည့်များ စာသင်ကျောင်းတစ်နေရာ၌ အတူတကွ သင်ကြားသင်ယူနိုင်သည့် အခြေအနေတစ်ရပ်ကို ငြိမ်းချမ်းရေးဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ဆရာသည် ရေဖြစ်ပြီး တပည့်သည် ရေကိုမှီ၍ ပွင့်လန်းသော ကြာဖြစ် ပါသည်။ ဆရာသည် စမ်းချောင်းဖြစ်ပြီး တပည့်သည် စမ်းရေထဲ ကူးခပ်ရှင်သန်နေသော ငါးကလေးများဖြစ်ပါသည်။ ဆရာသည် ဥယျာဉ်မှူးဖြစ်ပြီး တပည့်သည် ဥယျာဉ်ထဲက ရောင်စုံပန်းကလေးများ ဖြစ်ပါသည်။ ဆရာသည် ကောင်းကင်ဖြစ်ပြီး တပည့်သည် လွပ်လပ်စွာ ပျံသန်းနေသော ငှက်ကလေးများဖြစ်ပါသည်။ ဆရာ အား စောင့်ရှောက်ခြင်းသည် ကမ္ဘာကြီး အဓွန့်ရှည် တည်တံ့စေဖို့ဖြစ်ပါသည်။ ငြိမ်းချမ်းသော ပီတိနယ်မြေ၌ ဂါရ၀တရားများ အစဉ်ထာ၀ရ ထွန်းကားနိုင်ပါ စေသတည်း။    ။